သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donal Trump ရဲ့မဲဆွယ်အဖွဲ့ ဥက္ကဋ္ဌဟောင်းကို အာမခံရုပ်ပြီးထောင်ထဲပို့


Donal Trump ရဲ့မဲဆွယ်အဖွဲ့ ဥက္ကဋ္ဌဟောင်း Paul Manafort ပြည်ထောင်စုတရားရုံးသို့ လာရောက်စဉ်။ (ဇွန် ၁၅၊ ၂၀၁၈)
Donal Trump ရဲ့မဲဆွယ်အဖွဲ့ ဥက္ကဋ္ဌဟောင်း Paul Manafort ပြည်ထောင်စုတရားရုံးသို့ လာရောက်စဉ်။ (ဇွန် ၁၅၊ ၂၀၁၈)

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့ဥက္ကဋ္ဌဟောင်း Paul Manafort ဟာ အာမခံနဲ့နေချိန်အတွင်း သက်သေအဖြစ် ထွက်ဆိုမယ့်သူတွေကို စွက်ဖက် သြဇာလွှမ်းမိုးဖို့ ကြိုးစားမှုအတွက် အပြစ်ရှိကြောင်း ဖက်ဒရယ် grand jury အဖွဲ့တဖွဲ့က ဆုံးဖြတ်ပြီးတဲ့နောက် အာမခံကိုပြန်ရုပ်သိမ်းပြီး အချုပ်နဲ့ ထောင်မှာသွားနေဖို့ ဖက်ဒရယ်တရားသူကြီးတဦးက သောကြာနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

အသက် ၆၉ နှစ်အရွယ် Manafort အပေါ် တရားစီရင်ရေးကို ဝင်ရောက်နှောင့်ယှက်မှု၊ တရားစီရင်ရေးကို နှောက်ယှက်ဖို့ ကြံစည်မှုဆိုင်ရာ စွဲချက်အသစ်နှစ်ခုအတွက် အပြစ်ရှိ ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်မှာ ဆုံးဖြတ်ထားတာပါ။ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်နေတဲ့၊ ဘယ်သူဘယ်ဝါဆိုတာ ထုတ်မပြောတဲ့ မျက်မြင် သက်သေ နှစ်ဦးရဲ့ ထွက်ဆိုချက်တွေကို လွှမ်းမိုးဖို့ Manafort က မကြာသေးခင်လတွေအတွင်း ကြိုးစားလုပ်ဆောင်မှုနဲ့ ဆက်စပ်ပြီးတော့ အပြစ်ရှိကြောင်း ဆုံးဖြတ်ထားတာပါ။ သူဟာ သမ္မတထရမ့်ပ်ရဲ့ အနီးကပ်လူတွေထဲက ပထမဆုံးထောင်ထဲဝင်ရတဲ့သူဖြစ်ပါတယ်။

သောကြာနေ့မနက် တရားရုံးမှာ Manafort က သူ့အပေါ် စွဲချက်အသစ်တွေအတွက် အပြစ်မရှိ ကြောင်း ငြင်းပါတယ်။ ဒါပေမဲ့ သက်သေတွေကို ဝင်စွက်ဖက်ပြီး သြဇာလွှမ်းဖို့ ကြိုးစားတယ်ဆိုတဲ့ စွဲချက်ကို ဖက်ဒရယ်တရားသူကြီး Amy Berman Jackson က ထောက်ပြပြီးတော့ နောက်ရုံးချိန်း ဖြစ်တဲ့ စက်တင်ဘာလအထိ ထောင်ထဲမှာချုပ်ထားဖို့ အမိန့်ချလိုက်ပါတယ်။ သူ့ရဲ့အာမခံကို ပြန်ရုပ်သိမ်းဖို့ အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller က လျှောက်ထားတဲ့အတိုင်း တရားသူကြီးက အတည်ပြုပေးလိုက် တာပါ။

သောကြာနေ့လည်ပိုင်းမှာ သမ္မတထရမ့်ပ်က “ရော်နယ်လ်ဒ် ရေဂင်၊ ဘော့ဘ် ဒိုးလ်နဲ့ တခြား ထိပ်တန်း နိုင်ငံရေးသမားတွေနဲ့ မဲဆွယ်စည်းရုံးရေးတွေကို ဦးဆောင်ဖူးတဲ့ Paul Manafort အတွက် အတော့်ကို ပြင်းထန်တဲ့ ပြစ်ဒဏ်ပါပဲ၊ Manafort ဟာ လူဆိုး ဂိုဏ်းခေါင်းဆောင်ဆိုတာ မသိခဲ့ပါလား၊ Comey ၊ ကလိမ်ကကျစ် ဟီလာရီနဲ့ တခြားလူတွေကိစ္စရော ဘယ်လိုလဲ၊ သိပ်ကို မမျှမတ ဖြစ်လွန်းပါတယ်” လို့ Twitter မှာရေးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG