သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နိုင်ငံတော်အခြေပြမိန့်ခွန်း လုံခြုံအားကောင်း ဂုဏ်ယူဖွယ်နိုင်ငံဖြစ်ရေး ဦးစားပြောမည်


ဝါရှင်တန်စံတော်ချိန် အင်္ဂါနေ့ည မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့မနက်မှာ အမေရိကန် သမ္မတ Donald Trump ပထမဆုံး အကြိမ် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ ဝေဖန်မှုတွေ များစွာနဲ့ ရင်ဆိုင်ရတဲ့ သမ္မတ Trump အနေနဲ့ ဘာတွေကို ဦးစားပေး ထည့်သွင်းပြောကြားဖို့ရှိလဲ၊ သမ္မတ ပြောကြားမယ့်မိန့်ခွန်းအပေါ် မြန်မာနွယ်ဖွားအမေရိကန်နိုင်ငံသားတွေ ကရော ဘယ်လိုမျှော်လင့်ချက်ရှိသလဲ ဆိုတာတွေကို ရှားဖောင် က စုစည်းတင်ပြပေးပါမယ်။

အမေရိကန်ပြည်ထောင်စု သမ္မတသစ်တယောက်အနေနဲ့ သမိုင်းမှာ လူထုထောက်မှုအနိမ့်ဆုံးနဲ့ ကြုံတွေ့ရပြီး ပြည်တွင်းနဲ့ ပြည်ပ မူဝါဒရေးရာတွေမှာလည်း ဝေဖန်မှုများစွာနဲ့ရင်ဆိုင်ရတဲ့ အမေရိကန် သမ္မတ Donald Trump ဟာ သူ့ရဲ့ ပထမဆုံး နိုင်ငံတော်အခြေပြမိန့်ခွန်းကို ဝါရှင်တန်စံတော်ချိန် အင်္ဂါနေ့ည ၉ နာရီ စတင်ပြောကြားမှာဖြစ်ပြီး ကမ္ဘာတဝှမ်းက စောင့်ကြည့် နားထောင်ကြမှာ ဖြစ်ပါတယ်။

သမ္မတရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းထဲမှာ အဓိကပြောကြားမယ့် အကြောင်းအရာတွေကတော့ နိုင်ငံ ခိုင်မာ လုံခြုံအားကောင်းဖို့ ကိစ္စရပ်တွေပါဝင်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Sarah Huckabee Sanders က အခုလို ပြောပါတယ်။

“[သမ္မတ] ပြောကြားမယ့် နိုင်ငံတော်အခြေပြမိန့်ခွန်းရဲ့ အဓိကဦးစားပေးကတော့ လုံခြုံ ခိုင်မာပြီး ဂုဏ်ယူဖွယ်ကောင်းတဲ့ အမေရိကန် ကို တည်ဆာက်သွားဖို့ဖြစ်ပြီး ဒါတွေက သမ္မတရဲ့ ပထမသက်တမ်းအတွင်း လုပ်ဆောင်တဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။”

သမ္မတရဲ့ မိန့်ခွန်းထဲမှာ DACA လို့ခေါ်တဲ့ ကလေးဘဝအရွယ်က အမေရိကန်ပြည်ထောင်စုကို တရားမဝင်ရောက်ရှိလာသူတွေအရေး အပါအဝင် လူဝင်မှုကြီးကြပ်ရေးကိစ္စရပ်တွေနဲ့ ၂၀၁၈ ခုနှစ်အတွင်း ပြည်တွင်းနဲ့ပြည်ရေးရာမူဝါဆိုင်ရာတွေထဲက သူဦးစားပေးမယ့် အစီအစဉ်အကြောင်းတွေ ပါဝင်လိမ့်မယ်လို့ အများက မျှော်လင့်ထားကြပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရ Sarah Huckabee Sanders ရဲ့ မနေ့ တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောကြားရာမှာတော့ သမ္မတရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းနဲ့ပတ်သက်ပြီး အကြောင်းအရာအသေးစိတ်ကို ပြောမသွားပေမယ့် သမ္မတကတော် ထိုင်မယ့် ထိုင်ခုံနဲ့ တတန်းထဲမှာထိုင်ကြမယ့် ဧည့်သည်တော်တချို့နဲ့ပတ်သက်လို့ သူမက အခုလိုပြောပါတယ်။

“တက်ရောက်လာသူ တချို့ရဲ့ အကြောင်းတွေဟာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံသလို တချို့ကတော့ မျိုးချစ်စိတ်ရှိကြပြီး တချို့ကတော့ ဝမ်းနည်းဖွယ်ကောင်းပါတယ်။ ဒါပေမယ့် သူတို့တွေအားလုံးက ဘယ်သူမှ ဖျောက်ဖျက်လို့မရတဲ့ အမေရိကန်တွေရဲ့ စိတ်ဓာတ်ရှိသူတွေဖြစ်ပါတယ်။ အမေရိကန်ပြည်သူတွေ ပိုမိုအားကောင်းခိုင်မာလာစေဖို့ ခွန်အားဖြစ်စေသလို ဂုဏ်ယူစရာလည်းကောင်းပါတယ်။”

တက်ရောက်လာမယ့် ဧည့်သည်တော်တွေထဲမှာ ၂၀၀၇ ခုနှစ်က အီရတ်မှာရှိတဲ့ အမေရိကန် တပ်ဖွဲ့မှာစစ်မှုထမ်းရင်း မိုင်းတက်နင်းမိရာကနေ ခြေနှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရပြီး မျက်စိပါကွယ်ခဲ့ရတဲ့ စစ်သား Matthews Bradford အပါအဝင် MS- 13 ဂိုဏ်း အဖွဲ့ဝင်တွေရဲ့ ရက်စက်စွာ သတ်ဖြတ်တာခံခဲ့ရတဲ့ မိန်းကလေးငယ် Nisa နဲ့ Kayla တို့ရဲ့ မိဘတွေလည်းပါဝင်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က ပထမဦးဆုံးအိမ်တလုံးကို ပိုင်ဆိုင်နိုင်ခဲ့ပြီး သမ္မတ Trump ရဲ့ အခွန်ဖြတ်တောက်မှုစနစ်ကြောင့် ရလာတဲ့အပိုငွေတွေကို သမီးနှစ်ဦးရဲ့ ပညာရေးအတွက်ပါ စုစောင်းပေးနိုင်ခဲ့တဲ့ ကဟေဆော်သူ Corrie Adams လည်း တက်ရောက်မှာဖြစ်ပါတယ်။

အိမ်ဖြူတော်ရဲ့ ဥပဒေရေးရာညွှန်ကြားရေးမှူး Marc Short ကတော့ သမ္မတပြောကြားမယ့် မိန့်ခွန်းထဲမှာ စီးပွားရေးကိစ္စကို အလေးပေးပြောကြားလိမ့်မယ်လို့ တနင်္ဂနွေနေ့တုန်းကထုတ်လွှင့်တဲ့ Fox News ရုပ်မြင်သံကြားအစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။

မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေကတော့ သမ္မတ ပြောကြားမယ့် မိန့်ခွန်းထဲမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်ပြီး အကောင်းဘက်ကို ပြောင်းလဲလာမယ်ဆိုတာကို သိပ်ပြီး မမျှော်တဲ့အကြောင်းပြောပါတယ်။ Indianapolis မှာနေထိုင်တဲ့ Chin Forum တွဲဘက်ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါက်တာ Ro Dinga ကအခုလို ပြောပါတယ်။

"ကမ္ဘာအရပ်ရပ်က Refugee ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်များများမမျော်လင့်ပါဘူး။ နောက်အဓိက မြန်မာ Refugee တွေအများစုကတော့ မလေးရှား ကိုရောက်နေတယ်။ ထိုင်း-မြန်မာနယ်စပ်ရယ်။ အိန္ဒိယမှာ အနည်းစုပေါ့နော် သူတို့တွေအတွက်ကတော့ ကျနော်မျော်လင့်ချက်သိပ်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Trump အစိုးရက သူတက်တက်ချင်း Immigrant ပေါ့နော် Refugee တွေကို Welcome မလုပ်ပဲနဲ့ အရင်သတ်မှတ်ထားတဲ့ အရေအတွက်တောင်မှ လျော့ ခဲ့တယ် နောက်ဒီနှစ်လည်း ထပ်လျော့တယ်ဆိုတော့ ကျနော်သိပ်ပြီးတော့ မမျော်လင့်ပါဘူး။"

အမေရိကန်သမ္မတက လွှတ်တော်မှာ နှစ်စဉ်နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောတာဟာ အမေရိကန်ဒီမိုကရေစီရဲ့ ထုံးတမ်းအစဉ်အလာ တခုဖြစ်ပါတယ်။ သမ္မတ Donald Trump နိုင်ငံတော် အခြေပြမိန့်ခွန်းပြောအပြီးမှာတော့ ဒီမိုကရက်ဘက်က Massachusetts ပြည်နယ် အောက်လွတ်တော်အမတ် Joe Kennedy က တုံ့ပြန်ပြောဆိုမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG