သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Xi နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေ ဆွေးနွေးမည်


အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping
အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping

သမ္မတ Donald Trump ဟာ တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ ဝါရှင်တန် ဒေသစံတော်ချိန် ဧပြီလ ၆ ရက်နေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံပြီး ၂ ရက်ကြာ ထိပ်သီးစည်းဝေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ ဖလော်ရီဒါပြည်နယ် တောင်ပိုင်းမှာရှိတဲ့ သမ္မတ Trump ရဲ့ Mar-a-Largo အပန်းဖြေစခန်းမှာ ပြုလုပ်မယ့် ဒီ ထိပ်သီး စည်းဝေးပွဲအတွင်း အဓိကအားဖြင့် မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ ထိုင်ဝမ်ကျွန်း အရေးအပြင် နှစ်နိုင်ငံ အကျိုးတူ ကိစ္စတွေဖြစ်တဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေး ကိစ္စတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

တရုတ်သမ္မတ ရှီကျင့်ပင်ဟာ ဖင်လန်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမြို့ကို ဒီကနေ့ ကြာသပတေးနေ့မှာ ရောက်လာမှာဖြစ်ပြီး သမ္မတ Donald Trump နဲ့ ကြာသပတေးနဲ့ သောက်ကြာ ၂ ရက်ကြာ ထိပ်သီး စည်းဝေးပွဲ ကျင်းပကြမှာ ဖြစ်ပါတယ်။

သမ္မတ ရှီကျင့်ပင် အမေရိကန်ကို ရောက်မလာခင် ၄၈ နာရီ အလိုမှာ မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ် ပစ်လွတ်လိုက်တဲ့အတွက် ထိပ်သီးစည်းဝေးပွဲအတွင်း မြောက်ကိုရီးယား နျူကလီးယားအရေးဟာလည်း အဓိကထား ဆွေးနွေးမယ့် အကြောင်းအရာ ဖြစ်ပါတယ်။ ဆွေးနွေးကြမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ တနင်္လာနေ့က သမ္မတအိမ်ဖြူတော်မှာ ထရပ်ကားကုမ္ပဏီ အကြီးအကဲတွေနဲ့ တွေ့ဆုံစဉ် သမ္မတ Trump က အခုလို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ ဆွေးနွေးပွဲဟာ သိပ်ကို စိတ်ဝင်စားစရာ ကောင်းမှာပါ။ ကျနော် သူ့ကို လေးစားပါတယ်။ ကျနော်သူနဲ့ ကြိမ်ဖန်များစွာ စကားပြောခဲ့ဘူးပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒါထက်ပို ကြိုးစားဖို့ လိုပါတယ်။ အကြောင်းကတော့ အမေရိကန်ရဲ့ ကုန်သွယ်ရေး လိုငွေပြမှုဟာ တရုတ်နိုင်ငံနဲ့ ၅၀၄ ဘီလီယံ ဒေါ်လာ ရှိပါတယ်။ ဒါဟာ တနှစ်စာအတွက် ဖြစ်ပေမယ့် တသက်စာလောက်ကို ရှိနေတာပါ။ ဒါကြောင့် ကျနော်တို့ ဆွေးနွေးပွဲဟာ သိပ်ကို ထူးခြားမယ်လို့ ပြောနိုင်ပါတယ်။ လူသားတွေအတွက် ပြဿနာဖြစ်နေတဲ့ မြောက်ကိုရီးယား ပြဿနာ အပါအဝင် တခြား ကိစ္စရပ် အတော်များများကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။”

သမ္မတ ရှီကျင့်ပင် ရောက်မလာခင် ရက်ပိုင်းအလိုမှာပဲ မြောက်ကိုရီးယား အစိုးရအပေါ် သြဇာညောင်းတဲ့ တရုတ်နိုင်ငံက ဒီပြဿနာကို ကိုင်တွယ် ဖြေရှင်းခြင်း မရှိရင် အမေရိကန်ပြည်ထောင်စု တဦးထဲက လုပ်ဆောင်သွားမယ်ဆိုတာကိုလည်း သမ္မတ Trump က ပြောကြားခဲ့ပါတယ်။

သမ္မတ ရှီကျင့်ပင် အမေရိကန်နိုင်ငံကို ရောက်လာခင် တရက်အလိုမှာပဲ အမေရိကန်နိုင်ငံခြားရေးဌာနက ခေါင်းဆောင် ၂ ဦး တွေ့ဆုံကြမယ့် ကိစ္စနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ထိပ်သီးစည်းဝေးပွဲအတွင်း အဓိကထား ဆွေးနွေးကြမယ့် အကြောင်းအရာတွေထဲ မြောက်ကိုရီးယား နျူကလီးယားအရေး ထိပ်တန်းက ပါဝင်မှာ ဖြစ်တဲ့အကြောင်း သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ အာရှရေးရာ အကြီးတန်း အကြံပေး Matt Pottinger က သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

“နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ ကိစ္စရပ်တွေထဲမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား အရေးကိစ္စလည်း ပါဝင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ မြောက်ကိုရီးယားက မကြာသေး နာရီပိုင်းအတွင်းကပဲ ဒုံးကျည် စမ်းသပ် ပစ်လွတ်မှု ပြုလုပ်ခဲ့ပါတယ်။ ဒီကိစ္စကို အခြေခံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ လုပ်ဆောင်နိုင်ပါတယ်။ မြောက်ကိုရီးယားဟာ တချိန်က တရုတ်နိုင်ငံအတွက် မဟာဗြူဟာမြောက် အသုံးချလို့ရတဲ့ နိုင်ငံတခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ မြောက်ကိုရီးယားဟာ တရုတ်နိုင်ငံအတွက် ဝန်ထုပ် ဝန်ပိုး ဖြစ်လာနေပြီဆိုတာ သိသာ ပေါ်လွင်နေပါတယ်။ ဒီကိစ္စဟာ ကိုရီးယား ကျွန်းဆွယ် တခုထဲအတွက်သာ မကပဲ ဒေသတခုလုံးကိုပါ ရိုက်ခတ်လာနေပါပြီ။”

မြောက်ကိုရီးယားက ဗုဒ္ဓဟူးနေ့မှာ နောက်ဆုံး ပြုလိုက်တဲ့ ဒုံးကျည် စမ်းသပ် ပစ်လွတ်မှုဟာ တကမ္ဘာလုံးကို ခြိမ်းချောက်လာနေတဲ့ အရေးပေါ် အခြေအနေဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ယာယီ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Susan Thornton ကလည်း နိုင်ငံခြားရေးဌာန သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီ ထိပ်သီးစည်းဝေးပွဲအတွင်း နှစ်နိုင်ငံ ဦးစားပေး လုပ်ဆောင်ရမယ့် အကြောင်းအရာတွေကို ဆွေးနွေးဖြစ်ကြမယ်လို့ Susan Thornton က သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

“ဒီဆွေးနွေးမှုတွေဟာ အင်မတန် လေးနက်ပြီး အရေးပါတဲ့ ဆွေးနွေးမှုတွေ ဖြစ်ပါတယ်။ သမ္မတ Trump အစိုးရအဖွဲ့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိလာအောင် စတင် လုပ်ဆောင်တဲ့ ဆွေးနွေးမှုလည်း ဖြစ်ပါတယ်။ နှစ်နိုင်ငံ ဦးစားပေးလုပ်ဆောင်ရမယ့် အကြောင်းအရာတွေက ဘာတွေလည်း၊ ဘယ်ကဏ္ဍတွေမှာ ပူးပေါင်း လုပ်ဆောင်နိုင်မလဲ၊ စိန်ခေါ်မှုတွေကို ဘယ်လို ပူးတွဲ ရင်ဆိုင်သွားကြမလဲ ဆိုတာတွေအပြင် သမ္မတ Trump နဲ့ သူ့အစိုးရက အာရုံစိုက် လုပ်ဆောင်လိုတဲ့ ကုန်သွယ်ရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ၊ မြောက်ကိုရီးယား အရေးကိစ္စ စတာတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီစည်းဝေးပွဲဟာ အပြုသောဆောင်တဲ့၊ ရလာဒ်အပေါ် အခြေခံတဲ့ ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ကုန်သွယ်ရေး မညီမျှမှုနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးသွားကြဖို့ရှိပါတယ်။ အခြေခံအားဖြင့်တော့ တရုတ်၊ အမေရိကန် ဆက်ဆံရေးကနေ အမေရိကန်ပြည်သူတွေအတွက် ဘယ်လို အကျိုးရလဒ်တွေကို လုပ်ဆောင်ပေးနိုင်မလဲ ဆိုတာပဲ ဖြစ်ပါတယ်။”

ခေါင်းဆောင် ၂ ဦးတွေ့ကြတဲ့ခါ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ ထိုင်ဝမ်ကျွန်း အရေးကိစ္စကိုလည်း ဆွေးနွေးကြမယ်လို့ အများက သုံးသပ်နေကြတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း တရုတ်အစိုးရနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ တရုတ်တို့ဘက်က လိုက်လျောပေးလာအောင် လုပ်ဆောင်တဲ့ အနေနဲ့ ဆယ်စုနှစ် ၄ ခုလောက် အရင် အမေရိကန်အစိုးရ အဆက်ဆက်က ထားရှိခဲ့တဲ့ ထိုင်ဝမ်ကျွန်းဟာ တရုတ်ပြည်မကြီး လက်အောက်မှာ ရှိတယ်ဆိုတဲ့ One China Policy - တရုတ် တနိုင်ငံထဲ မူဝါဒကို သူ့အနေနဲ့ လက်ခံကျင့်သုံးစရာ မလိုဘူးဆိုပြီး သူ ကျမ်းသစ္စာကျိန်ဆိုပြီး မကြာခင်မှာပဲ ထိုင်ဝမ်သမ္မတကို တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောကြားခဲ့ပါတယ်။

ဒီလို ပြောဆိုမှုအပေါ် တရုတ်အစိုးရရဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှုကို ရရှိခဲ့ပြီးတဲ့နောက် ထိုင်ဝမ်ကျွန်းနဲ့ဆိုင်တဲ့ သူ့ရဲ့ ရည်တည်ကို ပြောင်းလဲလိုက်ရပြီး တရုတ်တို့လိုချင်တဲ့ ပုံစံအတိုင်း သမ္မတ Trump က ရပ်တည်လာခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ သမ္မတ Donald Trump တို့ တွေ့ဆုံကြတဲ့အခါ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အခုလို ခေါင်းဆောင် ၂ ဦးတွေ့ဆုံခြင်းအားဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ခေတ်သစ်တခုကို ဖော်နိုင်ပေးနိုင်မှာဖြစ်သလို နှစ်နိုင်ငံ ဆက်ဆံရေးအတွက် တည်ငြိမ်ပြီး အကျိုးရှိတဲ့ ဆက်ဆံရေးကို အစပျိုးပေးနိုင်မယ်လို့ တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Hua Chunying က မနေ့က ကျင်းပတဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောပါတယ်။ ဒါ့အပြင် အာရှိတိုက်သာမကပဲ တကမ္ဘာလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းပြီး သာယာ ဝပြောတဲ့ အခြေအနေကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း Hua Chunying က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG