သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလားလို့ ဘာကြောင့် မခေါ်သင့်သလဲ (လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ အမြင်)


Zay Linn Mon and his friends started the campaign on Facebook after seeing the Black Lives Matter protests in the US. (Facebook / Zay Linn Mon)
Zay Linn Mon and his friends started the campaign on Facebook after seeing the Black Lives Matter protests in the US. (Facebook / Zay Linn Mon)
တိုက်ရိုက် လင့်ခ်

Zawgyi/ Unicode

ခေတ်စနစ်ပြောင်းလဲလာချိန် မြန်မာမှာ ခေါ်နေတဲ့ ကုလားဆိုတဲ့ အသုံးအနှုန်းကို ခွဲခြား ဆက်ဆံတဲ့နေရာမှာ ပိုပြီး အသုံးပြုလာတဲ့အတွက် "Don't call me Kalar" ကုလားလို့ မခေါ်ပါနဲ့ ဆိုတဲ့ လှုပ်ရှားမှုကို စတင်ခဲ့တာဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဗွီအိုအေကို ပြောပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

Black Lives Matter လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု ကို အားကြတဲ့ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ မြန်မာနိုင်ငံမှာရှိနေတဲ့ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ ကိုယ်ပိုင် Campaign လှုပ်ရှားမှုကို စတင်ခဲ့ကြပါတယ်။

အငြင်းပွားဖွယ်ရာ ကုလားဆိုတဲ့ အသုံးအနှုန်းမှာ ခွဲခြားနှိမ်ချမှုတွေပါနေတယ်လို့ ခံစားရတဲ့ မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းလာတဲ့ အိန္ဒိယန်းလူငယ်တွေကနေ "Don't call me ကုလားဆိုတဲ့" အွန်လိုင်း Campaign လှုပ်ရှားမှုကို စတင်နေကြောင်း ဦးဆောင်သူလည်းဖြစ်၊ လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူ ကိုဇေလင်းမွန်က ဗွီအိုအေကို ပြောပါတယ်။

" အမေရိကန်နိုင်ငံမှာ လူမျိုးရေးခွဲခြားမှုနဲ့ ပက်သက်ပြီး လှုပ်ရှားမှုတွေ ပေါ်လာတယ်ပေါ့နော်။ အဲ့တော့ အဲ့ဒီပြသနာတွေပေါ်မှာ အခြေခံပြီးတော့ မြန်မာနိုင်ငံကလည်း ရိုက်ခတ်မှုတစ်ခုဖြစ်လာတယ်။ ဘာလဲဆိုတော့ ကုလားဆိုတဲ့အသုံးအနှုန်းက လူမျိုရေးခွဲခြားမှုကို ဖြစ်လား၊ မဖြစ်ဘူးလား ဆိုတဲ့ကိစ္စမျိုး ရိုက်ခတ်မှုဖြစ်လာကြတယ်ပေါ့။ တစ်ချို့တွေကလည်း ဒါက ခဲခြားဆက်ဆံမှု ဖြစ်တယ်ပေါ့၊ တစ်ချို့သောလူငယ်တွေကလည်း ဒါက ခွဲခြားဆက်ဆံမှုမဖြစ်ဘူးပေါ့။ အဲ့လိုနဲ့ အငြင်းပွားမှုတွေ ဖြစ်လာကြတယ်။ အဲ့တော့ ဒီအသုံးအနှုန်းကို လူမျိုးရေးခွဲခြားမှု ရှိတယ်လို့ လက်ခံယုံကြည်တဲ့ အိန္ဒိယန်း လူငယ်တစ်ချို့နဲ့ အိန္ဒိယန်းမဟုတ်တဲ့ လူငယ်တစ်ချို့ကနေပြီးတော့ ဒီ Campaign ကို စခဲ့တယ်ပေါ့နော်။ Facebook မှာ အငြင်းပွားတာနဲ့တင် မပြီးဘူး။ ကျွန်တော်တို့ ရှေ့ဆက်ပြီးတော့လည်း လုပ်ရမယ်။ ဒါကို မခေါ်ဖို့ပြောရမယ်ဆိုပြီး ယူဆပြီးတော့ ဒီ လှုပ်ရှားမှု ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ကုလားလို့ မခေါ်ပါနဲ့ ဆိုတဲ့ ကမ်ပိန်းလှုပ်ရှားမှု အဓိကရည်ရွယ်ချက်မှာ အရင်က အိန္ဒိယ တိုက်ငယ်ကလာတဲ့ သူတွေကို ကုလားလို့ ခေါ်ခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်း ရှိခဲ့ပေမဲ့ ဒီကနေ့ခေတ်မှာတော့ ကုလားဆိုတဲ့ အသုံးအနှုန်းမှာ နှိမ့်ချ၊ ခွဲခြား ပုတ်ခတ်ပြောဆိုတဲ့ အဓိပ္ပါယ်တွေ ရှိလာတဲ့အတွက် မသုံးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးကျွမ်းကျင်သူ ဒေါက်တာ ခင်ဇော်ဝင်းရဲ့ အမြင်ကတေ။

" နီဂရိုးတွေကို အရင်က နီဂယ်လ် လို့ခေါ်တယ်၊ နီဂယ်လ်ကနေ နီဂရိုးဖြစ်လာတယ်။ နောက်တော့ Black American ဖြစ်လာတယ်။ African American ဖြစ်လာတယ်။ အဲတော့ သဘောက ကာယကံရှင် လူထုရဲ့ အလိုဆန္ဒကို ငဲ့ညှာပေးရတာပါ။ အဲတော့ မြန်မာပြည်မှာလည်း တို့ ငယ်ငယ်တုန်းကဆိုရင် ကုလား ကုလားလို့ ခေါ်ကြတာပေါ့လေ။ သို့သော် ဒီဘက် ခေတ်ရောက်လာတော့ အရမ်းကို ထိလွယ်ရှလွယ် ဖြစ်လာတယ်။ အထူးသဖြင့် ၂၀၁၀ နောက်ပိုင်းမှာ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်လာတဲ့ အခါကျတော့ ဒီလူတွေကို ဘယ်လိုခေါ်ကြတာလဲ။ ကြည့်လိုက်တော့ ရိုဟင်ဂျာ၊ ဘင်္ဂါလီ၊ ကုလား၊ တိုင်းတပါးသား၊ ဘာညာဖြစ်လာတဲ့အခါကျတော့ ကိုယ်တွေက စဉ်းစားရတော့မယ်။ ဘာလို့လဲဆိုတော့ ခေတ်ကလည်း အရင်ကလို မဟုတ်တော့ဘူးလေ။ အာဏာရှင်ခေတ်အောက်လည်း မဟုတ်တော့ဘူး။ ဒီမိုကရေစီ ဆိုတဲ့ အခါကျတော့ လူများစု၊ လူနည်းစု ရှိတယ်ဆိုပေမဲ့ လူနည်းစု ဆန္ဒကိုလည်း လိုက်လျောရမ်။ အခုကိစ္စမှာလည်း အလျင်စလို အမြန်ပြောင်းလဲရမယ်လို့ မထင်မှတ်ထားပါဘူး။ သို့သော် တဆင့်ပြီး တဆင့် သွားရမှာပဲ။ ဒါကိုမလုပ်ဘူးဆိုရင် လူတွေက လျစ်လျူရှုနေမှာပဲ။"

ကာယကံရှင်တွေဘက်က မကြိုက်ဘူးလို့ ပြောတာကို စာနာ နားလည် လက်ခံဖို့ အလေ့အကျင့်ပြုစု ပြုထောင်ဖို့ လိုတယ်လို့ မြင်ကြောင်း လူ့အခွင့်လှုပ်ရှားတက်ကြွသူ မသင်ဇာရွှန်းလဲ့ရည် ဗွီအိုအေကို ပြောပါတယ်။

" ကျမတို့က အဲဒီလို အခေါ်ခံရတဲ့ အသိုင်းအဝိုင်းတွေရဲ့ အသံကို နားထောင်မယ်ဆိုရင် များသောအားဖြင့် သူတို့ အခေါ်ခံလိုက်ရတဲ့အချိန်မှာ သူတို့ကို နှိမ်သလိုမျိုး၊ ခွဲခြားသလိုမျိုး၊ ဖိနှိပ်ထားသလိုမျိုး ခံစားရတဲ့ဆိုတဲ့ ဖွင့်ဟပြောဆိုချက်တွေကို အများကြီး နားထောင်ရတယ်။ ဒီလိုခေါ်ဆိုမှုဟာ ကျမတို့ နေ့စဉ်ဘဝတွေမှာ တွင်တွင်ကျယ်ကျယ် သုံးနေတာ တွေ့ရပါတယ်။ ကုလားထိုင်၊ ကုလားပဲ စတဲ့ သက်မဲ့ ပစ္စည်းတွေကို ခေါ်တဲ့နေရာမှာတော့ နှိမ့်ချမှုတွေပါတယ်လို့ ပြောလို့ မရပါဘူး။ ဒါပေမဲ့ လူတွေပေါ်မှာ နှိမ်ချ၊ ခွဲခြားလိုတဲ့၊ ဖယ်ကျဉ်လိုတဲ့ အဓိပ္ပါယ်နဲ့ ခေါ်တာမျိုးဆိုရင် မဖြစ်မနေ ဆန့်ကျင်ရမှာဖြစ်ပါတယ်။ ဒါဟာ လူမျိုးရေးအရ ခွဲခြားတာဖြစ်ပါတယ်။ ကိုယ်ကို တိုင် မခံစားခဲ့ရဘူးဆိုပေမယ့် ခံစားနေရသူတွေကို ကျမတို့ နားလည်ပေးဖို့လိုတယ်။ စာနာပေးဖို့ လိုပါတယ်။"

ဒါပေမဲ့လည်း ဒီလှုပ်ရှားမှုကို ဒေါသတကြီး တုန့်ပြန်ခဲ့ကြသူတွေရှိခဲ့ပြီး သူတို့ရဲ့ ရေးသားထားတဲ့ မှတ်ချက်တွေမှာလည်း ညစ်ညမ်းဆဲဆိုထားတယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေးလှုပ်ရှား တက်ကြွသူတွေကတော့ သူတို့ရဲ့ လှုပ်ရှားမှုကြောင့် နှိမ်ချတဲ့ အဓိပ္ပါယ်ရှိနေတဲ့ ကုလားဆိုတဲ့ အခေါ်အဝေါ် ချက်ချင်းပျောက်ကွယ်သွားမှာ မဟုတ်ဘူးဆိုတာ သိပေမယ့် အသိအမြင် သတိပြုမိလာစေရေး အစပထမ ဖြစ်တယ်လို့ ကိုဇေလင်းမွန်က ဗွီအိုအေကို ပြောပါတယ်။

-------------------











XS
SM
MD
LG