သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေးကော်မီတီအပေါ် တုန့်ပြန်ချက်


မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်
မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မီတီဖွဲ့စည်းဖို့ လွှတ်တော်မှာ အတည် ပြုလိုက်တဲ့ပေမယ့် တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြတာ အပါအဝင် တခြား ပါသင့်တဲ့ တိုင်းရင်းသားတွေနဲ့ တတ်သိပညာရှင် မပါဝင်တာကြောင့် အာဏာရ NLD ပါတီရဲ့ လုပ်ဆောင်ချက်တွေ အောင်မြင်နိုင်ပါ့မလားဆိုတဲ့အပေါ် စိုးရိမ်စိတ်တွေ ထွက်ပေါ်နေပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တိုင်းရင်းသား နိုင်ငံရေး ပါတီတွေရဲ့ အမြင် သဘောထားတွေကို စုစည်းပြီး ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စောလျင်စွာပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်း ကော်မတီတရပ် ဖွဲ့စည်းရေး အရေးကြီး အဆိုကို NLD ပါတီက တင်သွင်းပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ မဲခွဲ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဒီအဆိုကို တင်သွင်းတဲ့အချိန်မှာ တပ်မတော်သားကိုယ်စားလှယ် အားလုံးက တပြိုင်ထဲ ထပြီး ကန့်ကွက်ခဲ့ကြတာကြောင့် လွှတ်တော်မှာ အမတ်နေရာ ၂၅% ယူထားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှု ရနိုင်ပါ့မလား ဆိုတဲ့ သံသယတွေ ရှိနေတာပါ။

ဘာဖြစ်လို့လည်းဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲဖို့အတွက် လွှတ်တော် အမတ် ၇၅% ကျော်ကို ရရှိမှသာ အတည်ပြုနိုင်မှာ ဖြစ်တဲ့အတွက် တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ လေ့လာ သုံးသပ် သူတွေအကြား အောင်မြင်နိုင်မှု ရှိမရှိဆိုတဲ့အပေါ် မေးခွန်းထုတ်နေကြတာပါ။

တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ ပူးပေါင်း ပါဝင်မှု မရှိရင်တော့ နိုင်ငံရေးအရ အမြတ်ထွက်နိုင်တာကလွဲလို့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ အောင်မြင်နိုင်ခြေ မရှိဘူးလို့ SNDP ပါတီက သီပေါမြို့မဲဆန္ဒနယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။

“NLD ပါတီအနေနဲ့က တကယ်အောင်မြင်ဖို့အတွက် မဟုတ်ဘူး၊ နိုင်ငံရေးအရ ငါတို့က ပြင်ဆင်တယ်၊ တပ်မတော်က မထောက်ခံလို့၊ တပ်မတော်က မပြင်ချင်လို့ပါဆိုတဲ့ နိုင်ငံရေး ရည်ရွယ်ချက်အရဆိုရင်တော့ နိုင်ငံရေး ရည်ရွယ်အချတော့ အောင်မြင်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကတော့ မအောင်မြင်ဘူး။ အဲဒီလို ဖြစ်ချင်လည်း ဖြစ်မှာပေါ့ဗျာ။ သူတို့ ရည်ရွယ်ချက်က ဘယ်လို ဖြစ်တယ်ဆိုတာ ကတော့ သူတို့ တင်လာမယ့် ဥပဒေကြမ်းအပေါ်မှာလည်း ကြည့်ရမယ်။ သူတို့ ရည်ရွယ်ချက်အတိုင်း တပ်မတော်သား ကိုယ်စားလှယ်တွေက ပါမယ်၊ ဝင်ရောက် ဆွေးနွေးမယ် ဆိုလို့ ရှိရင်တော့ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်ကလည်း သူတို့ရဲ့ ရည်ရွယ်ချက်က ရိုးရိုး သားသားဘဲ ပြင်ချင်တဲ့အတွက် လုပ်တာလို့ ယူဆရင် သူတို့ ပါကြမယ်။ ပါပြီးရင် ဆွေးနွေးကြလို့ရှိရင်တော့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက တချက်၊ သို့မဟုတ် နှစ်ချက်သို့မဟုတ်ပေါ့နော်၊ ပြင်သင့် ပြင်ထိုက်တဲ့ဟာတွေ ပြင်ဖို့အတွက် အောင်မြင်နိုင်တဲ့ အလားအလာ ရှိပါတယ်။”

လက်ရှိမှာတော့ ဖွဲ့စည်းပုံထဲက တပ်မတော်ဘက်က ပြင်ဖို့ ဆန္ဒရှိနေတဲ့ အချက်တွေကို စပြီး ပြင်ဆင်တာက အဆင်ပြေနိုင်မယ်လို့ ဦးရဲထွန်းက ပြောပါတယ်။

“အောင်လည်း အောင်မြင်စေချင်တယ်၊ ငြိမ်းချမ်းရေးအတွက်လည်း အကျိုးရှိစေမယ် ဆိုလို့ရှိရင်တော့ တပ်မတော်က သဘောတူနိုင်တဲ့ ဖက်ဒရယ်ပုံစံကို ပိုပြီးတော့ ရောက်စေတဲ့ ပြဌာန်းချက်မျိုးပေါ့၊ ဥပမာ ပုဒ်မ(၂၆၁) လို ဟာမျိုးပေါ့၊ အဲဒီလိုဟာမျိုးတွေကို ဆွေးနွေးပြီးတော့ ပြင်လိုက်တာနဲ့ နောက် သူနဲ့ ဆက်စပ်နေတဲ့ဟာတွေပါ ဆက်ပြီးတော့ ပြင်လို့ရတယ်ဗျ။ အဲဒီဟာတွေကို ရွေးပြီးတော့ ပြင်မယ်ဆိုရင်တော့ တိုင်းရင်းသား၊ လက်နက်ကိုင် တိုင်းရင်းသားတွေအတွက်လည်း တော်တော်လေးကို ကျေနပ်စရာ ဖြစ်သွားမယ်။ အဲဒီလမ်းကြောင်းက လွဲလို့တော့ တပ်မတော်က သိပ်ပြီး သဘော မကျနိုင်တဲ့ဟာတွေ သွားကောက်ကိုင်တာကတော့ သိပ်ပြီးတော့ အလားအလာ မကောင်းဘူးလို့ ကျနော် မြင်ပါတယ်။ တကယ်လို့ အောင်မြင်ချင်တဲ့စိတ်နဲ့ အမျိုးသား ရင်ကြားစေ့ရေးကိုလည်း မထိခိုက်စေချင်ဘူး ဆိုလို့ရှိရင်တော့ အခု လွှတ်တော်ထဲမှာ စလှမ်းလိုက်တဲ့ ဥစ္စာကတော့ နဲနဲတော့ လွဲနေပြီလို့ ထင်တယ်။”

ကချင်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ Gumgrawng Aung Hkam ကလည်း NLD ပါတီကို ဝိုင်းရံပေးမယ့် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တတ်သိပညာရှင်ပိုင်း အားနည်း နေတဲ့အတွက် လက်ရှိပုံစံနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်နိုင်ခြေနည်းတယ်လို့ ယူဆကြောင်း သုံးသပ်ပါတယ်။

“ကျနော့် အမြင်မှာတော့ အခု လက်ရှိလုပ်နေတဲ့ ပုံစံမျိုးနဲ့တော့ အလုပ်ဖြစ်နိုင်ဖို့တော့ ခက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာ တကယ်တမ်း NLD ကို ဝိုင်းရံမယ့် တိုင်းရင်းသား အုပ်စုတွေ၊ ပြီးတော့ ပြည်ပမှာရှိတဲ့ ပညာရှင်တွေ၊ ကျောင်းသားတွေ၊ အကုန်လုံး ခေါ်ပြီးမှ ဒီ ကော်မီတီထဲမှာ ပါသင့် ပါထိုက်တဲ့လူတွေ ပါဖို့အတွက် လိုအပ် ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုက လွှတ်တော်ထဲကနေဘဲ သွားနေတယ်၊ လွှတ်တော်ထဲမှာက ကျနော်တို့ ဘယ်လောက်အထိ လုပ်နိုင်မလဲ၊ ဘယ်လောက်အထိ ခံနိုင်မလဲ ဆိုတဲ့ အပိုင်းတွေလည်း ရှိတယ်။ အခုက စစ်တပ်က မပါတဲ့အပိုင်းက အခက် အခဲ ဖြစ်ပါလိမ့်မယ်။ အခု လုပ်နေတဲ့ ပုံစံမျိုးနဲ့တော့ လွယ်လွယ်လေးနဲ့တော့ အလုပ်ဖြစ်မှာတော့ ကျနော့်အနေနဲ့ မမြင်ပါဘူး။”

မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေအားလုံး တန်းတူညီမျှအောင် လုပ်ဆောင်ပေးနိုင်မှသာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစံနစ်ကို ဖော်ဆောင်နိုင်မှာ ဖြစ်ကြောင်း Gumgrawng Aung Hkam က ဆက်ပြောပါတယ်။

“၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အရ ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စုဖြစ်တယ်။ ဒါကြောင့် ဖက်ဒရယ် ပြည်ထောင်စုကို လုပ်မယ်ဆိုရင်၊ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ ဆိုရင် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ရဲ့ အချက်အလက်တွေပါ တပါတည်း ယူဆောင်ပြီးမှ တိုင်းရင်းသားတွေရဲ့ အကုန်လုံး လိုလားချက်တွေ၊ ညီတူ ညီမျှဖြစ်တဲ့ ပြည်ထောင်စု စံနစ်ကို တည်ဆောက်မှသာလျှင် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုလည်း ဖြစ်မယ်။ ပြီးတော့ အခြေခံဥပဒေကလည်း အဲဒီလိုမျိုး ဖြစ်မှဘဲ ရေရှည်ကို သွားနိုင်မယ်လို့တော့ မြင်ပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော် ဒုတိယနာယကကို ပူးပေါင်းကော်မတီဥက္ကဌအဖြစ် တာဝန်ပေးပြီး

နိုင်ငံရေးပါတီအသီးသီးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို သင့်လျော်တဲ့ အချိန်မှာ ဖိတ်ခေါ် ဆွေးနွေး ညှိနှိုင်းသွားမှာ ဖြစ်ကြောင်းနဲ့ ဒီဆွေးနွေးပွဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ ပါဝင်ရေး၊ ပူးပေါင်း ကော်မတီရဲ့တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နဲ့ သက်တမ်း တွေကိုလည်း သတ်မှတ်သွားမှာဖြစ်ကြောင်း ပူးတွဲကော်မီတီ ဖွဲ့စည်းရေး အတည်ပြုပြီးတဲ့နောက်မှာ အမျိုးလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG