သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာအောင်ခင်ဆင့် ကွယ်လွန်


ဒေါက်တာ အောင်ခင်ဆင့်
ဒေါက်တာ အောင်ခင်ဆင့်

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ဆေးပညာဆောင်းပါးတွေရေးသားခဲ့တဲ့ ဒေါက်တာအောင်ခင်ဆင့်ဟာ အောက်တိုဘာ(၂)ရက်၊ အင်္ဂါနေ့ည ၈ နာရီခွဲအချိန်၊ ရန်ကုန်မြို့ ပင်လုံဆေးရုံမှာ ကွယ်လွယ်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၈၆)နှစ် ရှိပြီဖြစ်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

အာဏာသိမ်း စစ်အစိုးရလက်ထက်မှာ ကျင်းပတဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ဒေါက်တာအောင်ခင်ဆင့် အခုလို ကွယ်လွန်သွားတဲ့ အတွက် နှမြောဝမ်းနည်းမိကြောင်း နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်ဖြစ်သူ ၉၀ ရွေးကောက်ပွဲအနိုင်ရ NLD အမတ် ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“ ဆရာအောင်ခင်ဆင့်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အမတ်တွေကြားထဲမှာလည်း လူအများ လေးစားခြင်းခံရတဲ့ ဆရာဝန်တဦး၊ အမတ်တဦးလို့ ပဏာမ ပြောပါရစေ။ ရွေးကောက်ပွဲအပြီး လပိုင်းပတ်ဝန်းကျင်မှာ ဆရာအောင်ခင်ဆင့်နဲ့ ကျနော် NLD ရုံးချုပ်မှာ ဆုံပါတယ်။ နောက် ကျနော်တို့ အဝေးရောက် အစိုးရခေါ် စင်ပြိုင်အစိုးရ ဖွဲ့စည်းတည်ထောင်ရေးလုပ်တဲ့ အစည်းအဝေးတွေမှာလည်း သူက တချို့အစိတ်အပိုင်းတွေမှာ ပါခဲ့ပြီးတော့ ထိုးထိုးဖေါက်ဖေါက် လုပ်ခဲ့တာဖြစ်တဲ့အတွက် ဆရာဆုံးပါးသွားတဲ့အတွက် အင်မတန်မှ နှမြော ဝမ်းနည်းမိပါတယ်။ ”

၁၉၉၃ ခုနှစ်မှာ စစ်အစိုးရကကျင်းပတဲ့ အမျိုးသားညီလာခံကို NLD ပါတီ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တဲ့ ဒေါက်တာအောင်ခင်ဆင့် ဟာ အမျိုးသားညီလာခံကို လိမ်ညာနေတဲ့ ညီလာခံအဖြစ် ဝေဖန်ပြစ်တင်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ အဖမ်းခံရပြီး အင်းစိန်ထောင်မှာ ထောင်ဒဏ် အနှစ်(၂၀) ချခံရသူပါ။ သူ့ကို နိုင်ငံရေးပုဒ်မ ၅(ည) အပြင်၊ ထိုင်းနိုင်ငံထုတ် ခေတ်ပြိုင်သတင်းစာ လက်ဝယ် တွေ့ရှိမှု၊ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁-၂) တို့နဲ့ တရားစွဲခဲ့ပါတယ်။ အင်းစိန်ထောင်တွင်းမှာ အတူဆုံခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဖုန်းမြင့်ထွန်းကတော့ ဒေါက်တာအောင်ခင်ဆင့်ဟာ သဘောထားကြီးပြီး ရဲဘော်ရဲဘက်တွေအပေါ် သက်ညှာတတ်သူ ဖြစ်တယ်လို့ ပြောပါတယ်။

“ထောင်ထဲမှာ သီးသန့်ထောင်မှာ ကျနော်နေတဲ့အချိန်တုန်းက ဒေါက်တာအောင်ခင်ဆင့် ရောက်လာတယ်ပေါ့။ သူက ရဲဘော်ရဲဘက်အပေါ်မှာ အရမ်းကို ညှာတာတယ်။ အရမ်းကို ကြည့်ရှုတယ်ပေါ့ဗျာ။ သူက တကယ့်ကို နိုင်ငံကျော် ဆရာဝန်ကြီးတယောက်ပဲ။ ဒါပေမဲ့ သူအဲဒီပါဝါကို မသုံးခဲ့ဘူး။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တတန်းထဲနေတယ်၊ တတန်းထဲစားတယ်။ အဲဒါမျိုးနေခဲ့တာ ကျနော်တွေ့ခဲ့ရတယ်ပေါ့နော်။ ဒေါက်တာကြီး တယောက်ဆိုပြီးတော့ ဟိတ်ဟန်နဲ့ မနေဘူးဗျ။ သူ့ထက် အသက်ငယ်တဲ့သူပဲ ဖြစ်ဖြစ် သူ့ထက် အသက်ကြီးတဲ့သူပဲဖြစ်ဖြစ် အကုန်လုံးကို သူက ရိုကျိုးပြီးတော့ ဆက်ဆံတယ်။”

မြန်မာနိုင်ငံမှာထင်ရှားတဲ့ အမျိုးသားစာပေဆုရ၊ ဆရာဝန်စာရေးဆရာဖြစ်သူ ဒေါက်တာအောင်ခင်ဆင့်ကို ပခုက္ကူမြို့မှာ မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက နိုင်ငံရေးကို စိတ်ဝင်စားသူဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ အာရှလူငယ်အဖွဲ့ဝင်အဖြစ် လှုပ်ရှားခဲ့ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှာလည်း တပ်ဦးကျောင်းသားအဖြစ် လှုပ်ရှားခဲ့ပါတယ်။ မဆလခေတ်မှာ ဆေးပညာဆိုင်ရာ ပညာပေး အသံလွှင့်ဆောင်းပါတွေကို မြန်မာ့အသံကတဆင့် ထုတ်လွှင့်ခဲ့ပြီး၊ ဖိုမဆက်ဆံရေး ပညာပေးစာအုပ်တွေ ရေးသားခဲ့တဲ့အတွက် လူငယ်တွေကြား ရေပန်းစားခဲ့သူလည်း ဖြစ်တယ်လို့ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“ အဲ့ဒီအချိန်မှာ ဆရာအောင်ခင်ဆင့်ရဲ့ ရေဒီယိုကနေ ကျန်းမာရေးပညာပေး ဟောပြောချက်တွေကတော့ လူတော်တော်များများ လက်ခံပြီး စိတ်ဝင်စားကြတယ်။ ဗမာပြည်မှာ ဖို၊ မဆက်ဆံရေးလို့ပြောပြော၊ မျိုးပွားကျန်းမာရေးလို့ပြောပြော အဲဒီကဏ္ဍမှာ ဆရာဝန်တွေရေးတာ တော်တော်ရှားတယ်။ ပိုပြီးလက်တွေ့ကျတဲ့ သိပ္ပံနည်းကျတဲ့ ပညာတွေကို ရစေတဲ့အတွက် ဒါဟာအကျိုးရှိပါတယ်ခင်ဗျ။”

မိဘတွေဖြစ်တဲ့ ဦးမောင်ကလေး ဒေါ်သီလှတို့ကနေ မွေးဖွားလာခဲ့သူ ဒေါက်တာအောင်ခင်ဆင့်ဟာ ကွယ်လွန်ချိန်မှာ ဇနီးခင်စိန်စိန်၊ သားသမီး (၃)ဦးနဲ့ မြေးတွေကျန်ရစ်ခဲ့ပြီး သူ့ရဲ့ အသုဘအခမ်းအနားကိုတော့ အောက်တိုဘာ ၄ ရက်၊ ကြာသပတေးညနေ ၄ နာရီ ရေဝေးသုသာန်မှာ မီးရှို့သဂြိုလ်မှာဖြစ်ပါတယ်။

ဒေါက်တာအောင်ခင်ဆင့် ကွယ်လွန်
please wait

No media source currently available

0:00 0:03:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG