သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာအေးမောင်တို့ အပေါ် စွဲဆိုတဲ့အမှု ရှေ့နေဝေဖန်


ဒေါက်တာအေးမောင် ကို ရခိုင်ပြည်နယ် စစ်တွေတရားရုံးမှာ ရုံးထုတ်လာစဉ်
ဒေါက်တာအေးမောင် ကို ရခိုင်ပြည်နယ် စစ်တွေတရားရုံးမှာ ရုံးထုတ်လာစဉ်

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှု အပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး စစ်တွေတရားရုံးမှာ မနေ့က ထပ်မံ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်၊၊

ဒီကိစ္စနဲ့ပတ်သက်ပြီး တရားစွဲဆိုတဲ့နေရာမှာ တည်ဆဲဥပဒေနဲ့ ကွဲလွဲနေတယ်လို့ တရားလွှတ်တော် ရှေ့နေ ဒေါ်အေးနစိန် ကပြောကြားလိုက်ပါတယ်။ ဒေါ်အေးနုစိန် နဲ့ ရခိုင်အမျိုးသားပါတီ ANP က ကျောက်ဖြူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်တို့ ကို VOA ကဆက်သွယ်မေးမြန်းထားတာကို မဇင်ဇင်က တင်ပြပါမယ်၊၊

နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ)၊ မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇ (၁) (၂) တို့်နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ အမ်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေး ဆရာဝေဟင်အောင်တို့ကို မနေ့တုန်းက စစ်တွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်၊၊

မတရားအသင်း ဆက်သွယ်မှုအတွက် အရင်အပတ်က တရားလိုပြသက်သေ ဒုရဲမှုးဦးကျော်နုကို စစ်ဆေးခဲ့ပြီး ဒီအပတ်မှာတော့ နိုင်ငံတော်ပုန်ကန်မှု ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု တို့အတွက် တရားလိုပြသက်သေ စစ်တွေခရိုင်အုပ်ချုပ်ရေးမှုး ဦးခင်မောင်ဦးကို စစ်ဆေးခဲ့ပါတယ်၊၊

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တုန်းက ရသေ့တောင်မြို့မှာ ပြုလုပ်တဲ့ ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် စာပေဟောပွဲမှာ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ရဲ့ဟောပြောချက်၊ ကောက်နှုတ်ချက်တွေဟာ ဥပဒေနဲ့ညိစွန်းနေပြီး တို့တာဝန်အရေး ၃ ပါးကို ထိခိုက်နေတယ်နေလို့ တရားလိုပြသက်သေဘက်က ထွက်ဆိုခဲ့တယ်လို့ စာရေးဆရာ ဝေဟင်အောင်ရဲ့အမှုလိုက်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်၊၊

တနေ့တည်း၊ တချိန်တည်း၊ တနေရာတည်း မှာ တယောက်ထဲက အကြောင်းချင်းရာတခုတည်းပေါ်မူတည်ပြီး ဟောပြောတာနဲ့ပတ်သက်ပြီးတော့ အမှုသီးခြားခွဲ တရားစွဲဆို အပြစ်ပေးတာကိုတည်ဆဲဥပဒေက ကန့်သတ်ထားတယ်လို့လည်း ရှေ့နေဒေါ်အေးနုစိန်က VOA ကိုပြောပါတယ်၊၊

“တနေ့ထဲမှာ၊ တနေရာထဲမှာ၊ တယောက်ထဲရဲ့တခုတည်းသောဟောပြောချက်အပေါ်မှာ မူတည်ပြီးတော့ အမှုသုံးမှုခွဲပြီးတော့ စွဲထားတယ်။ ဒါဟာ ဥပဒေနဲ့ မညီဘူးဆိုတဲ့ အချက်ကို ကျမတို့ ထုချေတာတွေရှိတယ်။ ဥပဒေပိုင်းဆိုင်ရာ ထုချေရှင်းလင်းချက်က ဒါပဲ။”

မြောက်ဦးအရေးအခင်းနဲ့ ပတ်သက်ပြီး ဒီအမှုကို ရုံးမတင်ခင်ရေးခဲ့တဲ့ ဒုတိယရှေ့နေချုပ်ဟောင်း ဦးမြင့်နိုင်ရဲ့ ဆောင်းပါးတွေမှာ နှပ်ကြောင်းပေးထားတာနဲ့ ဆက်စပ်စဉ်းစား ရင်လက်ရှိ အစိုးရက ဒေါက်တာအေးမောင်တို့အပေါ်မှာ နိုင်ငံတော်ပုန်ကန်မှု နဲ့ ဆက်စပ်ပြီး စွပ်စွဲပြောကြားလိုတဲ့ သဘောပေါ်လွင်နေတာလေ့လာတွေ့ရှိရတယ်လို့ ရခိုင်အမျိုးသားပါတီ ANP က ကျောက်ဖြူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်ကမှတ်ချက်ပေးပါတယ်၊၊

“ ဦးမြင့်နိုင်ရေးတဲ့ ဆောင်းပါး သုံးစောင်ဖတ်ဖူးတယ်။ အဲဒီမှာ နိုင်ငံတော်ပုန်ကန်မှုဆိုတာနဲ့ ပတ်သက်ပြီးတော့ ဟိုင်းလိုက်ပေးထားတယ်၊ နှပ်ကြောင်းလေးတွေပေးထားတာတွေကို ဆက်စပ်ပြီးတော့ စဉ်းစားမယ်ဆိုရင်တော့ ဦးအေးမောင်အပေါ်မှာ လက်ရှိအစိုးရကလည်း နိုင်ငံတော်ပုန်ကန်မှုနဲ့ ဆက်နွယ်ပြီးတော့ စွပ်စွဲပြောကြားလိုတဲ့ သဘောပေါ်နေတယ်လိုတော့ ကျနော်တို့က ခန့်မှန်းတာပေါ့ဗျာ။”

ရခိုင်ဘုရင့် အချုပ် အခြာ အာဏာ ကျ ဆုံးတဲ့ ၂၃၃ နှစ်ပြည့် အထိမ်းအမှတ်ပွဲကျင်းပရေးနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ ဒေသခံရခိုင်ပြည်သူတွေ ကြား အခြေအနေ တင်းမာလာရာကနေ ဇန်နဝါရီလ ၁၅ ရက်က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ခရိုင်အုပ်ချုပ်ရေး စခန်းရှေ့မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး လူ ခုနစ်ဦး သေဆုံး၊ တဒါဇင်လောက် အရေးပေါ်အခြေအနေမှာ ဆေးကုသခံခဲ့ရပြီးတဲ့နောက် အခုလို ဒေါက်တာအေးမောင်တို့ကို ဖမ်းဆီး၊ တရားစွဲဆိုဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ က ဆောင်ရွက်ခဲ့တာပါ။

တကယ်လို့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ဟာ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု - ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၁ (ခ) (ဂ) တို့နဲ့ ပြစ်မှုထင်ရှားကြောင်း စီရင်ချက်ချ ခံရမယ်ဆိုရင် သေဒဏ်အထိ စီရင်ချက် ချမှတ်နိုင်ပါတယ်။

ဒီကနေ့ စစ်ဆေးကြားနာမှုတွေ မပြီးပြတ်တဲ့အတွက် ဒေါက်တာအေးမောင်တို့ရဲ့အမှုကို မတ်လ(၁၉)ရက် လာမယ့် တနင်္လာနေ့မှာ ထပ်မံစစ်ဆေးသွားဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG