သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Dr. စင်သီယာမောင်ကို ထိုင်းတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်


Ubon Ratchathani University က ဒေါက်တာစင်သီယာမောင်အား မွေးနေ့လက်ဆောင်ပေးခဲ့သော အင်္ကျီနှင့်အတူ (ဓာတ်ပုံ- ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်)
Ubon Ratchathani University က ဒေါက်တာစင်သီယာမောင်အား မွေးနေ့လက်ဆောင်ပေးခဲ့သော အင်္ကျီနှင့်အတူ (ဓာတ်ပုံ- ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်)
ထိုင်း-မြန်မာနယ်စပ်မှာ ရွှေ့ပြောင်းမြန်မာလုပ်သားတွေနဲ့ ဒုက္ခသည်တွေရဲ့ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ မဲဆောက်မြို့အခြေစိုက် မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်ကို ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ လာအိုနယ်စပ်က အထင်ကရ တက္ကသိုလ်တစ်ခုဖြစ်တဲ့ Ubon Ratchathani University ကပေးတဲ့ ဆေးပညာဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ပေးအပ်မှာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ အထင်ကရတက္ကသိုလ်တွေထဲက တစ်ခုဖြစ်ပြီး ထိုင်းနဲ့ လာအိုနယ်စပ်မှာ တည်ရှိတဲ့ Ubon Ratchathani University က လာမဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ဒုက္ခသည်တွေနဲ့ မိဘမဲ့ကလေးတွေကို ကူညီစောင့်ရှောက်နေတဲ့ မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်ကို ဆေးပညာဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်မှာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀ ကျော်အတွင်း ထိုင်းတက္ကသိုလ်တွေကနေ ပေးအပ်တဲ့ဆုဖြစ်တဲ့ ဆေးပညာဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာလူမျိုးတစ်ဦးဖြစ်တဲ့ ဒေါက်တာ စင်သီယာမောင် ရရှိခဲ့တာ ဖြစ်ပါတယ်။

အခုလို ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံရတာအတွက် ဂုဏ်ယူကြောင်း ဒေါက်တာစင်သီယာမောင်က ပြောကြားခဲ့တဲ့အပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ရေရှည်မှာ နယ်စပ်အချင်းချင်း ကျန်းမာရေးကိစ္စဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဖလှယ်မှုတွေကို ပိုပြီးဆောင်ရွက်သွားနိုင်မှာ ဖြစ်သလို အာဆီယံနိုင်ငံတွေနဲ့ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်လာတဲ့အခါမှာ နယ်စပ်ကျန်းမာရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ လုပ်ငန်းတွေမှာ ပိုမိုဆောင်ရွက်နိုင်ဖို့အတွက်လည်း တွန်းအားပေးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ပြည်သူလူထုကျန်းမာရေးဆိုင်ရာ တက္ကသိုလ်ဆိုတော့ - နယ်စပ်ဒေမှာရှိတဲ့ လူထုတွေပေါ့- လာအိုနယ်စပ် ဖြစ်စေ၊ ထိုင်းနယ်စပ်မှာဖြစ်စေ ကျမတို့နဲ့ အသွင်သဏ္ဍန်တွေ၊ အလားသဏ္ဍန်တွေ တူကြတယ်လေ။ ရွှေ့ပြောင်းလူထုတွေနဲ့ အလုပ်လုပ်ရတာတို့၊ နောက်တော့ ဗဟိုကနေပြီးတော့ တိုက်ရိုက် လက်လှမ်းမမီနိုင်တဲ့ အခြေအနေတွေမှာ နယ်စပ်မှာရှိနေတဲ့လူထုအတွက် ဆေးသင်တန်းတွေ တက်ခွင့်ရအောင်လို့၊ ကျန်းမာရေး ဝန်ဆောင်မှုတွေ လက်လှမ်းမီအောင်လို့ ဆောင်ရွက်ပေးနေတယ်။ ဒီလိုမျိုး ကျမတို့ရဲ့လုပ်ငန်းတွေ အပေါ်မှာလည်း သူတို့ တက္ကသိုလ်တွေက အသိအမှတ်ပြုပြီးတော့ - ဒါ ကျမတို့အတွက်လည်း နောက်ပိုင်းမှာ နယ်စပ်ဒေသရေးရာ ကျန်းမာရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ အမြင်ချင်း အသိပညာချင်း ဖလှယ်လို့ရတယ်၊ အတွေ့အကြုံတွေ ဖလှယ်လို့ရတယ်။ ပူးပေါင်းဆောင်ရွက်မှု၊ ပုံစံပြောင်းလဲမှု- အများကြီးပဲ၊ အခွင့်အခါကောင်းတွေ အများကြီးပဲ ရှိတယ်။ အထူးသဖြင့်တော့ လူထုကြားထဲမှာ နည်းပညာလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ပညာရေး၊ ကျန်းမာရေး ဌာနတွေကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးတော့ ကောင်းမွန်လာမယ်ဆိုရင်တော့ ဒီ အာဆီယံနိုင်ငံတွေအတွက် စီးပွားရေး ပူးပေါင်းမှုပဲ အားစိုက်နေတဲ့အချိန်မှာ ပညာရေးနဲ့ ကလေးတွေ၊ အမျိုးသမီးတွေရဲ့အကာအကွယ်ရရှိမှုကို ကျမတို့ ဆက်လက်ပြီးတော့ အစိုးရတွေနဲ့ ဒါ့ထက် ပိုပြီးတော့ ဆောင်ရွက်ဖို့ ကျမတို့ ဆက်လက်ကြိုးစားသွားမှာပါ။”

အခုလို ဒေါက်တာစင်သီယာမောင်ကို ဆုပေးအပ်ခဲ့တဲ့အတွက် ဒေါက်တာစင်သီယာမောင်လုပ်နေတဲ့ လုပ်ငန်းတွေအပေါ်မှာ အကျိုးသက်ရောက်မှုတွေ ပိုများလာမှာဖြစ်ပြီး မြန်မာကလေးငယ်တွေရဲ့ ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေကို ထိုင်းနိုင်ငံတက္ကသိုလ်တွေဘက်က ပိုပြီး အကူအညီပေးလာလိမ့်မယ်လို့ ယူဆကြောင်း OPEN UNIVERSITIES AUSTRALIA ရဲ့ မြန်မာနိုင်ငံ ပညာသင်ဆုဆိုင်ရာ တာဝန်ခံ ဆရာဦးသိန်းနိုင်က အခုလို ပြောပါတယ်။

“ထိုင်းတက္ကသိုလ်ကနေပြီးတော့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်တာ အင်မတန်မှ ထူးခြားပါတယ်။ အင်မတန်မှလည်းပဲ ဂုဏ်ယူစရာကောင်းပြီးတော့ လုပ်နေတဲ့လုပ်ငန်းတွေအပေါ်မှာ အများကြီးသက်ရောက်မှု၊ အသိအမှတ်ပြုမှု၊ နောက်ပြီးတော့လည်း ရှေ့ဆက်မယ့်လမ်းအတွက်ပေ့ါနော်- ဒီလုပ်ငန်းတွေအတွက်ကိုလည်းပဲ အများကြီး အထောက်အကူ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့်တော့ တက္ကသိုလ်က ဆေးဘက်ဆိုင်ရာ ပညာရှင် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးတာဖြစ်ပေမယ့် ဆေးပညာ၊ ကျန်းမာရေးလုပ်ငန်းတွေတင်မကဘဲနဲ့ ပညာရေးပံ့ပိုးမှုတွေ၊ ထိုင်းနိုင်ငံနဲ့ ပေါင်းကူးနိုင်မယ့် အစီအစဉ်တွေအတွက်ရော လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေအတွက်ပါ အများကြီးပဲ အထောက်အပံ့ဖြစ်ပါတယ်။ ”

ဒေါက်တာစင်သီယာမောင်ဟာ ၁၉၉၀ ခုနှစ်မှာ မယ်တော်ဆေးခန်းကို စတင်တည်ထောက်ခဲ့သူတစ်ဦးဖြစ်ပြီး ကရင်ပြည်နယ်စပ်တလျှောက်က ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို ထူးထူးခြားခြားဆောင်ရွက်ခဲ့ရုံသာမက မြန်မာပြည်တွင်းကနေ မယ်တော်ဆေးခန်းကို လာရောက်ကြတဲ့ လူနာအများအပြားကိုလည်း ဆေးဝါးကုသပေးခဲ့သူ ဖြစ်ပါတယ်။ မယ်တော်ဆေးခန်း စတင်တည်ထောင်စက ကုတင် ၄ လုံးနဲ့ စတင်ခဲ့ပြီး အခုအချိန်အထိဆိုရင် လူနာပေါင်း ၁ သိန်း၊ ၄ သောင်းကျော်ကို ကုသပေးနိုင်ခဲ့ပါတယ်။

ကလေးငယ်ပေါင်း ၃ ထောင်ကျော်ကို မယ်တော်ဆေးခန်းကနေ မွေးဖွားပေးနိုင်ခဲ့ပြီး ကျောင်းသား ၁ ထောင် ကျော် စာသင်နေတဲ့ “ကလေးဖွံ့ဖြိုးတိုးတက်မှုစင်တာ” လို့ နာမည်ပေးထားတဲ့ ရွှေ့ပြောင်း စာသင်ကျောင်း ကိုလည်း ထူထောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆေးဘက်ဆိုင်ရာ သင်တန်းပေါင်းများစွာကို ပို့ချပေးနိုင်ခဲ့ပါတယ်။ ဒေါက်တာစင်သီယာမောင်ဟာ အမေရိကန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂျာမဏီ၊ စပိန် စတဲ့ နိုင်ငံတွေက ပေးအပ်တဲ့ ဆုတွေအပြင် မကြာသေးခင်ကပဲ သြစတြေးလျနိုင်ငံကပေးတဲ့ ဆစ်ဒနီငြိမ်းချမ်းရေးဆု ကိုလည်း ရရှိထားသူ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG