သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CDM လှုပ်ရှားသူ အရိုးအထူးကုဆရာဝန် အကြမ်းဖက်ဖမ်းဆီးခံရ


အရိုးအထူးကု ပါမောက္ခ ဆရာဝန်ကြီး ဒေါက်တာကျော်မင်းစိုး
အရိုးအထူးကု ပါမောက္ခ ဆရာဝန်ကြီး ဒေါက်တာကျော်မင်းစိုး

[ Zawgyi / Unicode ]

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို အနုနည်းနဲ့ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို အာဏာပိုင်တွေ လိုက်လံဖမ်းဆီးရာမှာ ဥပဒေမဲ့ ကြမ်းကြမ်းတမ်းတမ်း ဆောင်ရွက်တာတွေ ရှိနေတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ မနေ့တုန်းကလည်း ရန်ကုန်တိုင်း မရမ်းကုန်းနေအိမ်မှာ အရိုးအထူးကု ပါမောက္ခ ဒေါက်တာကျော်မင်းစိုးကို ရန်သူ့ နယ်မြေမှာ စစ်ဆင်သလို ဖမ်းဆီးခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့တဲ့ လုပ်ဖော်ကိုင်ဖက် တဦးကပြောပါတယ်။ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လုပ်ဖော်ကိုင်ဖက်ပုဂ္ဂိုလ်ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ဆရာဝန် ။ ။ မနက် ၄ ခွဲ ၅ လောက်မှာ အိမ်ကို စစ်ကားတွေနဲ့ ဝိုင်းတယ် ။ ခြံတခါး သော့ခတ်ထားတော့ သော့ဖျက်ဝင်တယ်။ အိမ်ကိုလည်း သော့ဖျက် ဝင်တယ်။ အဲဒီအချိန်မှာ အိမ်ထဲကနေ တခါးဖွင့်ပေးလိုက်တဲ့ အခါကျတော့ အိမ်ထဲကလူတွေ အပြင်ထွက်ခိုင်းတယ် ၊ အကုန် ဒူးထောက်ခိုင်းထားပြီး စစ်မေးတယ်။ ဆရာ့ကိုလည်း ရိုက်နှက် လက်ပြန်ကြိုးတုတ်ပြီးတော့ ခေါင်းကို အိတ်အမဲစွပ်ပြီးတော့ ဒရွတ်တိုက် ဆွဲခေါ်သွားတယ်။

ကိုဝင်းမင်း။ ။ အဲဒီတော့ ဘာတွေ စစ်ဆေး မေးမြန်းတာကြားခဲ့ရ သေးလဲ။

ဆရာဝန် ။ ။ အဲဒီခြံထဲမှာရှိတဲ့ ၂ အိမ် ၃အိမ်ကို ဝင်ပြီး ရှိသမျှအကုန် လှန်လှော ရှာဖွေစစ်ဆေးတယ်။ နောက် ဆူတယ်ကြိမ်းမောင်းတယ်။ ဓါတ်ပုံမရိုက်နဲ့ ၊ ဗီဒီယို မရိုက်ရဘူးဆိုပြီး ပြောတယ်ပေါ့။ အဓိက ကတော့ CDM လုပ်နေတာရယ် ၊ အလှူငွေ ကောက်သလားတို့ ၊ ဦးဆောင်သလားတို့ အဲဒါမျိုးတွေ မေးပြီးတော့ ၊ ဒေါက်တာ ဇော်ဝေစိုးနဲ့ အဆက်သွယ် ရှိသလား မရှိဘူးလားဆိုတာကို သေချာမေးတယ်။ ပြီးတော့ သူတို့ ခေါ်သွားရော ၊ ဘယ်ကို ခေါ်သွားမှန်း ခုထိ မသိရသေးဘူး။

ကိုဝင်းမင်း ။ ။ ဘာကြောင့် အခုလို ဖမ်းရတာလို့ ရှင်းပြသွားသေးလား ။

ဆရာဝန်။ ။ ဘာကြောင့် ဖမ်းတယ်ဆိုတာ ပြောမသွားဘူး။ သူ့အနေနဲ့ ဘာများ အမှားလုပ်ထားနိုင်သလဲ စဉ်းစားကြည့်တော့ ၂ ခုရှိမယ် ထင်တယ်။ တခုက CDM မှာ ပါနေတာ။ ခုချိန်မှာ အစိုးရဆေးရုံမှာလုပ်နေတဲ့ ဆရာဝန်တိုင်းနီးပါးက CDM လုပ်နေကြတော့ သူလည်း အဲဒီထဲ ပါတာပေါ့။ CDM ထဲမှာမှ သူက လူကြီးပိုင်းလို့ ပြောလို့ရတာပေါ့ ပါမောက္ခအဆင့် ဆိုတဲ့အခါကျတော့ ၊ နောက်တခု ဖြစ်နိုင်တာက သူက အရိုးဆရာဝန်ဖြစ်တာကြောင့်ရယ် ၊ ဆရာ ဦးဇော်ဝေစိုးရဲ့ တပည့်ဖြစ်တာကြောင့်ရယ် .. သူနဲ့ အဲဒီဆရာနဲ့ အချိတ်အဆက် အဆက်သွယ် ရှိသလားဆိုတာကို သိချင်လို့ စစ်တာ ဖြစ်လိမ့်မယ် ထင်တယ်။ ဆရာ ဇော်ဝေစိုးက ဆေးတက္ကသိုလ်(၁)ရဲ့ ပါမောက္ခချုပ်လေ ၊ အဲဒီခါကျတော့ ဆေး(၁)မှာ အလုပ်လုပ်တဲ့ ဆရာဝန်တိုင်းက ဆရာဇော်ဝေစိုးနဲ့ နီးစပ်မှု ရှိတာချည်းပဲ။ ကျောင်းသားတွေ အကုန်လုံးကလည်း သူ့တပည့်တွေပဲ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ၊ အခုလိုမျိုး အကြမ်းပတမ်း ဖမ်းဆီးတာကြောင့် CDM လှုပ်ရှားတဲ့ ဆရာဝန်တွေအပေါ် ဘယ်လို သက်ရောက်မှု ရှိလာနိုင်မလဲ ။

ဆရာဝန် ။ ။ သူတို့ အဲလိုလုပ်တဲ့အတွက် အကုန်လုံးက အေးဆေး နေလို့ ရတော့မှာမဟုတ်ဘူး။ CDM ဆရာဝန် တော်တော်များများက နဂို ကိုဗစ်ဖြစ်နေချိန်မှာထဲက အိမ်မပြန်ပဲ ဆေးရုံကို အိမ်လုပ်ပြီး အလုပ်လုပ်နေကြရာက ၊ အခုဆိုရင် အိမ်ပြန်လို့ မရတော့တဲ့ ဝရမ်းပြေးလို ကျီးလန့်စာစားနဲ့ မလုံမခြုံ အခြေအနေတွေ ဖြစ်လာမှာပေါ့။

ကိုဝင်းမင်း။ ။ CDM လုပ်နေတဲ့ ဆရာ့အနေနဲ့ရော အခု ဖြစ်ရပ်အပေါ်မှာ ဘယ်လို သုံးသပ်မိပါသလဲ။

ဆရာဝန် ။ ။ ကျနော်တို့ ရုပ်ရှင်ကားတွေထဲမှာ ကြည့်ခဲ့ဖူးသလိုပဲ ၊ သူပုန်တွေ ဝင်စီးသလိုမျိုး ကျားကနဲ ဝါးကနဲ တက်လာပြီး ရှိသမျှလူတွေ တယောက်မှ မလှုပ်နဲ့ ၊ အကုန်ဝပ် လေးဘက်ထောက်နေ ခေါင်းငုံ့ထား ... ဟို မော့မကြည့်နဲ့ ဆိုတာမျိုးလိုပဲလေ ၊ အဲလိုပုံစံမျိုးကြီးနဲ့ အခု အဖမ်းခံရတဲ့အခါကျတော့ တော်တော်ကြီး တရားဥပဒေ မစိုးမိုးတဲ့အခြေအနေလို့ ပြောရမှာပဲ။ ယူနီဖောင်းနဲ့လာလို့သာ စစ်တပ်က လာဖမ်းမှန်း သိရတာ ၊ နို့မို့ဆို ဘယ်သူလာဖမ်းမှန်းတောင် သိမှာမဟုတ်ဘူး။ ဘာလုပ်လုပ် ခံရမယ့် အခြေအနေမျိုးကြီးပဲလေ ။

ကိုဝင်းမင်း။ ။ အခုလို ဖမ်းဆီးမှုကြောင့် CDM လှုပ်ရှားနေတဲ့ ဆရာဝန်တွေအပေါ်မှာ ဘယ်လို စိန်ခေါ်မှုတွေ သက်ရောက်လာမလဲ။

ဆရာဝန် ။ ။ ဒိလိုမျိုး အကြီးတွေကို ၄ - ၅ ယောက်လောက် ဖမ်းပြလိုက်ရင် ငြိမ်သွားမှာပဲလို့ တဖက်က ထင်မှာပေါ့နော်။ ကျနော်ကတော့ အဲလို မထင်ဘူး။ ဆရာကျော်မင်းစိုးရဲ့ ရှေ့မှာ ဆရာဝန်တယောက်ကို မဖမ်းမိလိုက်ဘူး၊ ဒါပေမဲ့ တီဗွီထဲမှာ ရုပ်ပုံနဲ့ ပြပြီး မဟုတ်မတရားစွပ်စွဲပြီး သိက္ခာချတဲ့ လုပ်ရပ်တွေ ရှိခဲ့ဖူးတယ်။ ဆရာဝန်ကျင့်ဝတ် မညီဘူး၊ ဘယ်လို လူမဆန်ဘူး ဘယ်လိုညံ့တယ်ဆိုတဲ့ သတင်းမျိုးရေးပြီးတော့ TV ကနေ မျက်နှာပါပြီးပြီး လွှင့်ခဲ့ပေမယ့် တတိုင်းပြည်လုံးကတော့ မယုံဘူး။ သူတို့ပြောတာတွေက အလိမ်တွေ အမှုဆင်ဖမ်းတယ်ဆိုပြီးတော့ အဲဒီဆရာဝန်က သူရဲကောင်း ဟီးရိုးတောင် ဖြစ်သွားသေး တာပဲလေ။ အခုတခါမှာလည်း သူတို့က ကြောက်စေချင်လို့ ခြောက်တယ်ဆိုပေမဲ့ ကြောက်ရမယ့်အစား CDM လုပ်တဲ့လူတွေက ပိုပြီး ပြတ်ပြတ်သားသား ဖြစ်သွားလိမ့်မယ်။ နဂိုကတည်းကလည်း ပြတ်သားကြလို့ ကုသရေးယန္တရားကြီးတခုလုံးက အခုလို ရပ်သွားရတာလေ။ အဲဒီတော့ ဒီထက်ပိုပြီး ပြတ်သားစရာတွေ ပေါ်လာလိမ့်မယ်လို့ ထင်ပါတယ်။

တကယ်တော့ ပါမောက္ခ ဒေါက်တာ ကျော်မင်းစိုးလိုပဲ အရင်တုန်းက ပုသိမ်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် ၊ နောက်တခါ အင်္ဂပူမြို့နယ် မဲဇာလီတိုက်နယ်က ဒေါက်တာပြည့်ဖြိုးနိုင်နဲ့ မကြာသေးခင်ကပဲ လားရှိုးမြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်တို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါ့အပြင် ပဲခူးတိုင်း၊ မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့တွေမှာလည်း ဖမ်းဆီးခံရမှာစိုးလို့ ရှောင်တိမ်းနေရတဲ့ ဆရာဝန်တွေ ရှိနေဆဲဖြစ်ပါတယ်။

photo - Z-Waka
photo - Z-Waka

[ Unicode ]















တိုက်ရိုက် လင့်ခ်
XS
SM
MD
LG