သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းကျခံ အမတ်လောင်း ဆေးကုသရေး အခက်ကြုံ


ဒေါက်တာမြတ်နုခိုင် မဲဆွယ် စည်းရုံးရေးဆင်းခဲ့စဉ်။ (FB)
ဒေါက်တာမြတ်နုခိုင် မဲဆွယ် စည်းရုံးရေးဆင်းခဲ့စဉ်။ (FB)

လက်ပံတောင်းအရေး လှုပ်ရှားမှုကြောင့် ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ပုဒ်မ ၇ ခုလောက် နဲ့ တရားစွဲဆိုခံခဲ့ရတဲ့ ဖြူးမြို့နယ် မဲဆန္ဒနယ်က တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာ မြတ်နုခိုင်ဟာ အခု အင်းစိန်ထောင်မှာ ရှိနေပြီး ကျန်းမာရေး အခြေအနေ အတော်ကို ဆိုးဝါးနေပါတယ်။ အမြင်အာရုံ ချို့တဲ့မှုကြောင့် ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းကုသခွင့်ပေးဖို့ တောင်းဆိုပေမယ့် အာဏာပိုင်တွေ က ခွင့်မပြု ခဲ့ပါဘူး။ အပြည့်အစုံကို VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဖြူးမြိုနယ်မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခါနီးမှာပဲ ထိန်းသိမ်းခံ လိုက်ရတဲ့ လက်ပံတောင်းအရေး တက်ကြွ လှုပ်ရှားသူ ဒေါက်တာမြတ်နုခိုင် ဟာ အင်းစိန်ထောင်တွင်မှာ ပုံမှန်ကုသနေကျ ဆေးဝါးတွေ မရတာကြောင့် ဆီးချိုနဲ့ သွေးတိုးရောဂါတွေ ခံစားနေရတာ လို့ဆိုပါတယ်။ ဒီရက်ပိုင်းအတွင်း ဆီးချိုတွေ တအားတက်ပြီး သွေးကြောတွေပေါက်ကာ အမြင်အာရုံတွေချို့ယွင်းတဲ့ အထိဖြစ်နေတာကြောင့် အင်းစိန်ထောင်ဆေးရုံကနေတဆင့် အင်းစိန်မြို့နယ် ဆေးရုံကိုလွဲပြောင်းပေးခဲ့ပါတယ်။

မတ်လ၂၄ရက်နေ့မှာတော့ ရန်ကုန်ဆေးရုံကြီးကို လဲ့ပြောင်းကုသဖို့ လိုအပ်နေပေမဲ့ ငြင်းပယ်ခံခဲ့ရတယ်လို့ သူရဲ့မဲဆွယ်စည်းရုံးစဉ်က ကိုယ်စားလှယ် ဦးတင်အေးကပြောပြပါတယ်။

" ရောဂါအခံရှိတာက ဆီးချို တအားမြင့် လာတာရယ်၊ နှလုံးရယ် သွေးတိုး ရယ်ပေါ့နော်။ လက်ရှိ ရာသီဥတု အပူဒဏ်ကြောင့်လည်းပါနိုင်တယ်။ ဒါမှမဟုတ်ရင်လည်း ထိုးနေကျ၊ စားနေကျ ဆီးချိုဆေးတွေ မရတော့ ဆီးချိုမြင့်လာတယ်။ အဲ့ဒီ့အပေါ်မှာ မျက်လုံးထိသွားတယ်။ မျက်လုံးကလည်း နဂိုကတည်းကိုက အော်ပရေးရှင်းလုပ်ထားတဲ့ မျက်လုံးဆိုတော့ အခုက မမြင်မကမ်းနဲ့ ဆီးချိုမြင့်လာတဲ့အပေါ်မှာ မျက်လုံးသွေးကြောပေါက် တာ။ ထောင်ထဲမှာ ရှိတဲ့ ဆေးနဲ့လည်း မလုံလောက်လို့လေ။ ဆေးရုံကို ပို့တယ်။ ဆေးရုံမှာလည်း ဆေးဝါးမလုံလောက်တာနဲ့ အင်းစိန်ဆေးရုံကတော့ ရန်ကုန်ဆေးရုံကြီးကို လွှဲတယ်။ ထောင်အာဏာပိုင်တွေက အမိန့်တစုံတရာ မချပဲ အကျဉ်းသားမပို့ဘူးဆိုပြီး ငြင်းဆန်လိုက်တယ်။

ဒေါက်တာမြတ်နုခိုင်ရဲ့မိသားစုဝင်များဟာနိုင်ငံခြားရပ်ခြားမှာရှိနေတဲ့အတွက် မိသားစုဝင် မဟုတ်တဲ့သူတွေ က အကျဉ်းထောင်ကို သွားရောက်တွေဆုံဖို့လည်း မလွယ်ကူလှဘူးလို့ဆိုပါတယ်။ သူရဲ့ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့အင်းစိန်ဆေးရုံကြီးက တာဝန်ရှိကျန်းမာရေးဝန်ထမ်းတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး

ဒေါက်တာမြတ်နုခိုင်ဟာ အကျဉ်းသားတယောက်ရဲ့ အခွင့်အရေး အရ ဆေးဝါး ကုသခွင့် ရရှိရမယ်လို့ လူအခွင့်ရေး လှုပ်ရှားသူ ညီမျှခြင်းမြန်မာအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

" ကျနော်တို့ လူသားတယောက် ချုပ်နှောင်ထားတဲ့အချိန်မှာ ကျန်းမာရေးကြောင့် ဆေးဝါး ကုသခွင့် ရရှိတယ်ဆိုတာကို ထောင်လက်စွဲမှာရော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အပိုဒ်(၆) မှာရော အတိအလင်း ဖော်ပြထားပါတယ်။ အမှုတွေကို ရင်ဆိုင်နေရတဲ့အချိန်မှာပဲဖြစ်ဖြစ် တရားစီရင်နေတဲ့အချိန်မှာပဲဖြစ်ဖြစ် ဒီအပြစ်ဒဏ် ကျခံနေတဲ့အချိန်မှာပဲဖြစ်ဖြစ် အဲ့ဒီ့လူကို လိုအပ်သလို ဆေးဝါးတွေ စောင့်ရှောက်ခွင့် ပေးရပါမယ်။ နောက် လိုအပ်သလို ကာကွယ်စောင့်ရှောက်မှုတွေ ပေးရမယ်ဆိုတာ ထောင်ဝန်ထမ်းတွေ အားလုံး သိပြီးသားဖြစ်ပါတယ်။ တာဝန်ရှိပြီးသားဖြစ်ပါတယ်။ သူ့အသက်ကို မလိုအပ်ပဲနဲ့ သေဆုံးခြင်း မရှိအောင် သူ့ရဲ့ ကျမ်းမာရေးကို ထိခိုက်မှု မရှိအောင် စောင့်ရှောက်ပေးရမှာ အားလုံးရဲ့ တာဝန်ဖြစ်တယ်။ အစိုးရမှာလည်း တာဝန်အပြည့်အဝရှိပါတယ်။ အကျဉ်းဦးစီးဌာနမှာ တာဝန်အရှိဆုံးဖြစ်ပါတယ်ခင်ဗျ။ အခုလိုလုပ်ဆောင်ခြင်းဟာ လူသားခြင်း စာနာမှုမရှိသော လုပ်ဆောင်မှုလို့ ကျနော်ပြောချင်တယ်။ "

ထိန်းသိမ်းခံထားရတဲ့သူတွေအနေနဲ့ နာတာရှည်ရောဂါတွေရှိမယ်ဆိုရင် လုံလောက်တဲ့ဆေးဝါးတွေရရှိဖို့ လိုအပ်တယ်လို့လည်း ဦးအောင်မျိုးမင်းက ဆိုပါတယ်။

"အထူးသဖြင့် ဒီလိုဆီးချိုရောဂါဆိုတာ ပုံမှန်ဆေးသောက်ရတဲ့သူတွေဖြစ်ပါတယ်။ အခုတော့ ဆီးချိုနဲ့ပတ်သက်တဲ့ဆေးတွေလည်း သောက်ခွင့်မရှိဘူး။ ထိုးခွင့်လည်း မရှိဘူး။ ဒါကြောင့်မို့လို့ ဒီရောဂါက မျက်စိ သွေးကြောပေါက်တဲ့အဆင့် အထိရောက်သွားတယ်။ အဲ့ဒီ့တော့ အရေးပေါ်ကူညီမှုတွေ မကပဲနဲ့ လုံလောက်တဲ့ ရောဂါကို နာတာရှည်ရောဂါ ကို ပျောက်ကင်းအောင် ဆေးဝါးတွေကို သောက်သုံးခွင့်က အကျဉ်းသားတိုင်းရဲ့ အခွင့်အရေးတရပ်ဖြစ်ပါတယ်။"

ဒေါက်တာမြတ်နုခိုင်ဟာ ရွေကောက်ပွဲကို ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်အဖြစ် လျောက် ထားစဉ်က ပြစ်မူကင်းရှင်းကြောင်း အထောက်အထားတွေ ရှိခဲ့ပေမဲ့ ရွေးကောက်ပွဲနီးခါနီး အချိန်မှာတော့
သူကို တရုတ် သံရုံးရှေ့မှာ လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားမူတွေမှာ ပါဝင်တယ်ဆိုကာ ဖမ်းဝရမ်းထုတ် ထားကြောင်းပြော ဆိုပြီး အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့သူမရဲ့ရှေနေဦးသန်းဇော်အောင်က ဆိုပါတယ်။

သူမဟာ ပြည်သူလွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း ယှဉ်ပြိုင်မယ့် ပဲခူးတိုင်းဖြူးမြိုနယ် မဲဆန္ဒနယ်မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ဖို့အ တွက် ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးနေစဉ်မှာ ပုဒ်မ ၅၀၅ (ခ)အပါအဝင် အမူများစွာနဲ့ အာမခံမရပဲ ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

XS
SM
MD
LG