သုံးရလွယ်ကူစေသည့် Link များ

ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါဖြစ်ကြောင်း ကော်မရှင် မဖော်ထုတ်နိုင်


မြန်မာ့လွှတ်တော်
သတ္တမအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် ခေါ်ယူတဲ့ ပထမဆုံးနေ့မှာပဲ အများပြည်သူ စိတ်ဝင်စားနေတဲ့ ဒေါက်တာဆိတ်ဖွား ကိစ္စနဲ့ပတ်သက်ပြီး ဒေါက်တာ ဆိတ်ဖွား စုံစမ်းရေးကော်မရှင်က စစ်ဆေးတွေ့ရှိခဲ့တဲ့ အဖြေတွေကို လွှတ်တော်မှာ ချပြလာခဲ့တာပါ။ ဒေါက်တာဆိတ်ဖွားဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ တိတိကျကျ ဖော်ထုတ်ပြနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

၂၀၁၃ ဇန်န၀ါရီလ ၂၃ ရက်နေ့ရက်စွဲနဲ့ The Voice Of Myanmar ဆိုတဲ့ ၀ပ်ဆိုဒ်မှာ လွှတ်တော်ကိုယ်စားလှယ်များကို “ဥပဒေအထက်မှာ ရှိနေသလား” ဆိုတဲ့ ဆောင်းပါးနဲ့ ဝေဖန်ခဲ့တဲ့ ဒေါက်တာဆိတ်ဖွားကို ဘယ်သူလဲဆိုတာ ဖော်ထုတ်ဖို့ ကြိုးစားခဲ့တာ ၇ လ ကျော် ရှိခဲ့ပြီဖြစ်ပါတယ်။

ဒေါက်တာဆိတ်ဖွားရဲ့ ဆောင်းပါးကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ ဂုဏ်သိက္ခာ ကျဆင်းရတယ်ဆိုပြီးတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်က လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းပြီး ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါတယ်။

ဒီကနေ့ ဇူလိုင်လ ၁ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတော့ ဒေါက်တာဆိတ်ဖွားနဲ့ ပတ်သက်ပြီးတော့ နောက်ဆုံးအဖြေတစ်ခု ထွက်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ဒေါက်တာ ဆိတ်ဖွားဆိုတာ ဘယ်သူလဲဆိုတာကို အတိအကျ မဖော်ထုတ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

စုံစမ်းရေးကော်မရှင်ရဲ့ အပြောအရတော့ ဒေါက်တာဆိတ်ဖွားကို အတိအကျ မဖော်နိုင်တာဟာ လွှတ်တော်မှာ စစ်ဆေးခွင့်အာဏာ အပြည့်မရှိတာကြောင့် ဖြစ်တယ်လို့ ဆိတ်ဖွား စုံစမ်းရေးကော်မရှင်ထဲမှာ ပါဝင်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောပါတယ်။

“လွှတ်တော်နာယက က ပြောပါတယ်။ ကျနော်တို့ လွှတ်တော်ဆိုတာ အစိုးရအဖွဲ့လို အာဏာပါဝါ ရှိတဲ့အဖွဲ့ မဟုတ်တဲ့အတွက် ကျနော်တို့ စစ်ဆေးရတဲ့ဟာမှာ အကန့်အသတ်တွေရှိပါတယ်။ ဒီအကန့်အသတ်တွေကြောင့် မစုံစမ်းနိုင်တဲ့အတွက် ဘယ်သူဘယ်ဝါ ဖြစ်ပါတယ်ဆိုတာကို မဖော်ထုတ်နိုင်ပါဘူး။”

ဒေါက်တာဆိတ်ဖွား စုံစမ်းရေး ကော်မရှင်ဟာ နိုင်ငံတော်သမ္မတရုံး၊ ဆက်သွယ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြန်ကြားရေး ၀န်ကြီးဌာနများမှ ဒုတိယ၀န်ကြီးတွေ၊ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးအဆင့် အပါအ၀င် အစိုးရထိပ်ပိုင်း တာဝန်ရှိသူတွေ၊ ကွန်ပျူတာတက္ကသိုလ်က ဆရာ၊ ဆရာမတွေ၊ ပြင်ပကွန်ပျူတာပညာရှင်တွေ၊ တပ်မတော် ဆက်သွယ်ရေးတပ်မှ ဗိုလ်မှူးကြီးတွေ၊ ပြည်တွင်းသတင်း မီဒီယာတွေက သတင်းစာဆရာတွေနဲ့ စုစုပေါင်း လူဦးရေ ၃၀ နှင့် ၄၀ အကြား ခေါ်ယူစစ်ဆေးခဲ့ပြီး ခေါ်ယူစစ်ဆေးချက်များအရ ဒေါက်တာဆိတ်ဖွား ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခြင်း မရှိဘူး။ အခုလို ဆိတ်ဖွားဖော်ထုတ်တဲ့နေရာမှာ ဘယ်သူလဲဆိုတာ ဒက်ထိ မပြောနိုင်တာဟာ နည်းပညာအရ အားနည်းမှုတွေ ရှိခဲ့လို့ ဖြစ်တယ်လို့လည်း ဦးဖုန်းမြင့်အောင် က ပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ ဆက်သွယ်ရေးမှာလည်း နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိပါတယ်။ ဒီအားနည်းချက်တွေကြောင့် ကျနော်တို့က ဘယ်သူဘယ်ဝါလို့ အတိအကျ မဖော်ပြနိုင်တဲ့ အချက်တွေကြောင့်လည်း ကျနော်တို့က ဒါကို သည်းခံ ခွင့်လွှတ်လိုက်ရတဲ့သဘောပါပဲ။ အားနည်းချက်ကြောင့်ပါ။”

အခုလို ကော်မရှင်တွေဖွဲ့ပြီး တကူးတက ရှာဖွေဖို့ ကြိုးစားခဲ့ပြီးမှ ဘယ်သူလဲဆိုတာ မပြောနိုင်တာဟာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေ ဖြုန်းတီးရာကျတယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ဥက္ကဌ ဦးခင်မောင်ဆွေ က ပြောပါတယ်။

“အမှန်မှာက ဒါကတော့ဗျာ အဲ့လို ဝေဖန်လို့ရှိရင် စဉ်းစားရမှာပေါ့။ ပြည်သူ့ လွှတ်တော်က ဥပဒေအထက်ကို ရောက်နေသလား။
ရောက်နေလို့ရှိရင် ဥပဒေအထက်ကို မရောက်အောင် ဘယ်လို လုပ်ကြမလဲဆိုတဲ့ ဆွေးနွေးမှုကိုပဲ လုပ်သင့်တယ်။ ကော်မရှင်ဖွဲ့ရလောက်အောင် လည်း အကြောင်းမရှိပါဘူး။ နိုင်ငံတော်ငွေပေါ့ဗျာ ပြည်သူလူထုတွေရဲ့ အခွန်အတုတ်တွေနဲ့ သွားနေတဲ့ခေတ်ကြီးမှာ ကော်မရှင်ဆိုတဲ့ဟာတွေပဲ ကုန်ကျတာပဲလေ။”

ဒေါက်တာဆိတ်ဖွားကော်မရှင်မှာ ပါဝင်တဲ့သူတွေက ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးမြညိမ်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဆောင်ရွက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ကာ အဖွဲ့ဝင်များအဖြစ် ဒေါက်တာစိုးရင်၊ ဒေါက်တာမြတ်ဥာဏစိုး၊ ဦးဖုန်းမြင့်အောင်၊ ဦးအောင်ဆန်း၊ ဦးအောင်ငြိမ်း၊ ဦးခိုင်မောင်ရီ၊ ဦးကံညွန့်၊ ဦးသိန်းညွန့်၊ ဦးစိုင်းကျော်ဇောသန်း၊ ဦးအုန်းကြိုင်၊ ဦးလှထွေး၊ ဦးသိန်းဦး၊ ဦးဆန်းလွင်၊ ဒေါ်ကျင်စန်း စုစုပေါင်း ၁၇ ဦးပါဝင်ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG