သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NDF ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း ကွယ်လွန်


NDF ပါတီခေါင်းဆောင် Dr. Than Nyein
NDF ပါတီခေါင်းဆောင် Dr. Than Nyein
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကို ထူထောင်ခဲ့သူ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာသန်းငြိမ်းဟာ ဒီကနေ့မနက်မှာပဲ ရန်ကုန်က ပင်လုံဆေးရုံမှာ ကွယ်လွန်သွားပါတယ်။

နိုင်ငံကောင်းစားရေးအတွက် စွန့်လွှတ်အနစ်နာခံ လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးသမားကြီးတဦး ကွယ်လွန်သွားတာမို့ ဒီမိုကရေစီ လျှောက်လှမ်းဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံအတွက် အားလျော့သွားစေတယ်လို့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေက သတ်မှတ်ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

ဒေါက်တာသန်းငြိမ်း ကွယ်လွန်သွားတာဟာ မြန်မာနိုင်ငံအတွက် အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှုတရပ်လို့ ဒေါက်တာသန်းငြိမ်းနဲ့ နှစ်ရှည်လများ လက်တွဲပြီး နိုင်ငံရေး လုပ်ဆောင်ခဲ့တဲ့ ဝါရင့် နိုင်ငံရေးသမားကြီး ဦးနိုင်းနိုင်းက ပြောပါတယ်။

“နိုင်ငံကောင်းစားရေးအတွက်ကို သူ့ဘ၀ ကိုယ်ရေးကိုယ်တာ အခွင့်အလန်းတွေ အကုန်လုံးကို လက်လွှတ်ပြီးတော့ လုပ်ခဲ့တဲ့ပုဂ္ဂိုလ်ပဲ။ ကျနော်တို့ ဒီမိုကရေစီပြောင်းလဲရေးအတွက် အားနည်းသွားတဲ့ အချက်တချက် ဖြစ်ပါတယ်။ ဟိုတလောတုန်းက ဆရာဦးဝင်းတင် ကွယ်လွန်သွားသလိုပါပဲ။ ဆရာဦးသန်းငြိမ်း ကွယ်လွန်တာကိုလည်း နိုင်ငံရေးသဘောအရ ဆုံးရှုံးမှုဖြစ်သလို၊ ကောင်းတဲ့ မိတ်ဆွေ သင်္ဂဟတယောက် ဆုံးရှုံးရတယ်လို့ ကျနော် ယူဆပါတယ်ဗျာ။”

နှစ်ပေါင်းအစိတ်လောက် အနယ်နယ် အရပ်ရပ်မှာ ဆေးကုသခဲ့တဲ့ ဒေါက်တာသန်းငြိမ်းဟာ ကျောင်းသားဘဝကတည်းက ဆေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဝင်အဖြစ်နဲ့ ကျောင်းသားလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့သလို၊ ၁၉၈၈ လူထုလှုပ်ရှားမှုမှာ ပါဝင်မှုနဲ့ ဖယ်ခုံရဲစခန်းမှာ အချုပ်ခံခဲ့ရပြီး ပင်စင်အပေးခံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ ကျောက်တန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါတီဝင်တဦးအနေနဲ့ ဝင်ရောက်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်မြေရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တင်မြှောက်တာ ခံခဲ့ရပါတယ်။

ရန်ကုန်တိုင်းစည်းရုံးရေး ကော်မတီ ဒု-ဥက္ကဌအဖြစ် ၁၉၉၆ ခုနှစ်မှာ တာဝန်အပေးခံခဲ့ရတဲ့ ဒေါက်တာသန်းငြိမ်းဟာ နောက်တနှစ်မှာပဲ ဆေးခန်းဖွင့်မှုနဲ့ တရားစွဲခံရပြီး ဆမ လက်မှတ် အသိမ်းခံခဲ့သလို၊ မရမ်းကုန်းမြို့နယ် လူငယ်ဖွဲ့စည်းရေး လုပ်ဆောင်မှုကြောင့် ထောင် ၇ နှစ် ချမှတ်တာ ခံခဲ့ရပါတယ်။ ထောင်ကလွတ်လာတဲ့နောက် NLD ရန်ကုန်တိုင်း ဒု- ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ မှာ NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ၂၀၁၀ မှာပဲ စတင်ထူထောင်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူနေရာက ၂၀၁၂ ခုနှစ်ကစပြီး အခု ကွယ်လွန်ချိန်အထိ ပါတီခေါင်းဆောင်တာဝန်ကို ပြောင်းလဲထမ်းဆောင်ခဲ့တဲ့ ဒေါက်တာသန်းငြိမ်းဟာ လူမှုအခြေပြုဝါဒနဲ့အတူ ဘက်စုံစီးပွားရေးကို ပူးတွဲဆောင်ရွက်ရမယ်လို့ လက်ခံထားသူလို့ NDF ပါတီကို ပူးတွဲတည်ထောင်သူ ဦးခင်မောင်ဆွေက ပြောပါတယ်။

“NDF ပါတီကို ထူထောင်ခဲ့တဲ့အခါမှာ သူ့လက်ထက်မှာ နေရာပေါင်း ၁၆ နေရာ နိုင်ခဲ့ပြီးတော့ကာ လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ပို့နိုင်ခဲ့ပါတယ်။ ဦးသန်းငြိမ်းရဲ့ နိုင်ငံရေးဆောင်ရွက်မှုကို လွှတ်တော်နိုင်ငံရေးပေတံနဲ့ တိုင်းတာမယ် ဆိုလို့ဖြင့်ရင် အဲ့ဒီလို လွှတ်တော်နိုင်ငံရေးထဲကို ကျနော်တို့ ပါတီဝင်တွေကို ပို့နိုင်တဲ့ လုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နောက်ပြီးတော့ ပါတီတွေရဲ့ တိုင်းနဲ့ပြည်နယ်တွေမှာလည်းပဲ တော်တော်များများ ကျနော်တို့ အခြေချနိုင်ပါတယ်။”

အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာသန်းငြိမ်းဟာ ထောင်ကျနေစဉ်မှာပဲ အသည်းကင်ဆာ စဖြစ်နေတာသိရပေမဲ့ ဆေးကုသခွင့်မရခဲ့ဘဲ ထောင်က လွတ်လာမှ ကုသဖို့ လုပ်ရတယ်လို့ ညီဖြစ်သူ ဦးကြည်သန်းက ပြောပါတယ်။

“စင်္ကာပူမှာ သွားခွဲပါတယ်။ ၁၃ ခေါက်လောက်သွားရပါတယ်။ နောက်ဆုံး ရောဂါ က နည်းနည်း control လုပ်ရ ခက်တဲ့အနေအထား ရောက်လာတော့ transplant (အစားထိုးကုသမှု) လုပ်ဖို့အတွက်ကို ဧပြီလ ၅ ရက်နေ့က အိန္ဒိယသွားပါတယ်။ အဲ့ဒီမှာ တလကျော်ကျော်လောက် ကုသတဲ့အချိန်မှာ transplant (အစားထိုးကုသမှု) လုပ်နိုင်တဲ့ အနေအထား မရှိတော့ဘူး။ မေလ ၁၄ ရက်နေ့ ရန်ကုန်ရောက်ပြီးတော့ ပင်လုံဆေးရုံကို တောက်လျှောက်ပဲ တင်လိုက်တာပါ။ တပတ်လောက် နေပြီးတဲ့အခါကျတော့ ဒီနေ့မနက်ပဲ ၆ နာရီခွဲမှာ ဆုံးသွားတာဖြစ်ပါတယ်။”

ကွယ်လွန်သူအဖ ဦးတင်ညွန့်နဲ့ အခုအခါမှာ အသက် ၉၉ နှစ် ရှိပြီဖြစ်တဲ့ အမိ ဒေါ်ခင်ညွန့်တို့ရဲ့ ဒုတိယမြောက်သားကြီး ဒေါက်တာသန်းငြိမ်းမှာ မောင်နှမ သားချင်း ၉ ဦးနဲ့အတူ ဇနီး ဒေါ်ခင်အေးနဲ့ သားသမီး ၅ ယောက် ကျန်ရစ်ပါတယ်။ ဈာပနကို သောကြာနေ့ နေ့လည် တနာရီမှာ ကျင်းပမှာဖြစ်ပြီး ရေဝေးသုဿန်မှာ မီးသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG