သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၄ ပွင့်ဆိုင်ဆွေးနွေးပွဲတက်တဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ်လို့ ဒေါက်တာသိန်းလွင်ယုံကြည်


ဒေါက်တာသိန်းလွင် (ဓာတ်ပုံ - NNER)
ဒေါက်တာသိန်းလွင် (ဓာတ်ပုံ - NNER)

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ ရန်ကုန်မှာကျင်းပခဲ့တဲ့ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲကို ပါတီက တာဝန် ပေးအပ်ထားခြင်းမရှိဘဲ တက်ရောက်ခဲ့တဲ့အတွက်-ဆိုပြီး NLD ဗဟိုကော်မတီဝင် ဒေါက်တာသိန်းလွင်ကို ပါတီစည်းကမ်းအတိုင်း အရေးယူသွားမယ်လို့ NLD ပါတီက ကြေညာချက်ထုတ်ပြန်တဲ့အပေါ် သူ့အနေနဲ့ လက်ခံသွားမှာဖြစ်တယ်လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။ ပညာရေးစနစ်ပြုပြင်ရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် NNER ကို ဦးဆောင်သူလည်းဖြစ်တဲ့ ဒေါက်တာသိန်းလွင်က လက်ရှိအခြေအနေမှာ ပညာရေး စနစ် ပြုပြင်ပြောင်းလဲဖို့က အရေးကြီးသလို ၄ပွင့် ဆိုင်ဆွေးနွေးပွဲကိုသွားတက်တဲ့ သူ့လုပ်ဆောင်ချက်ဟာ မှန်ကန်တယ်လို့ယုံကြည်ကြောင်း ပြောဆိုပါတယ်။ ရန်ကုန်က ၄ ပွင့်ဆိုင် ဆွေးနွေးပွဲကို သွားတက်ခဲ့တာဟာ ပါတီကို ကိုယ်စားပြုပြီး တက်ခဲ့တာလား၊ NNER ကွန်ယက်ကို ကိုယ်စား ပြုတက်ခဲ့တာလားလို့ ဒီကနေ့ နေပြည်တော်မှာကျင်းပမယ့် ၄ ပွင့်ဆိုင်ဆွေးနွေးပွဲ တက်ရောက်ဖို့ အသွားလမ်းမှာ ဒေါက်တာသိန်းလွင်ကို VOA က စတင်မေးမြန်းခဲ့ရာမှာတော့ သူက ခုလို ဖြေကြားခဲ့ပါတယ်။

ဒေါက်တာသိန်းလွင်။ ။ ကျနော် ဒီလေးပွင့်ဆိုင်ဆွေးနွေးပွဲကို သွားတာဟာ NLDကို ကိုယ်စားပြုပြီးတက်တာ မဟုတ်ပါဘူး။ NNER ပညာရေး ကွန်ယက်ကို ကိုယ်စားပြုပြီး သွားတာ ဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲဒီတော့ NLD ပါတီဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာသိန်းလွင်ကို ပါတီရဲ့ကြိုတင်သဘောတူညီချက်မရှိဘဲနဲ့ စည်းကမ်းနဲ့မညီဘူးဆိုပြီးတော့ ပါတီက ကြေညာချက်ထုတ်ပြီးတော့ အရေးယူသွားမယ်လို့ ပြောလာတဲ့အပေါ်မှာရော ဆရာ့အနေနဲ့ ဘာများ ပြောစရာရှိပါလဲ။

ဒေါက်တာသိန်းလွင်။ ။ ကျနော့်အနေနဲ့ကတော့ ဒီလေးပွင့်ဆိုင်ဆွေးနွေးပွဲကို တက်တာမှန်တယ်လို့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ပညာရေး ပြုပြင်ပြောင်းလဲဖို့ အတွက် ဆွေးနွေးတာဖြစ်တယ်။ ဆွေးနွေးပွဲဖြစ်လာတာကလည်း ကျောင်းသားတွေက ဆန္ဒပြသပိတ်မှောက်ပြီးတော့ ပညာရေးဥပဒေကို ပြင်ဖို့် တောင်းဆိုလာတဲ့အတွက် ဒီကျောင်းသားတွေရဲ့ ဆန္ဒကိုအကောင်အထည်ဖေါ်ဖို့အတွက် ဒါ ဆွေးနွေးပွဲလုပ်တာ ဖြစ်တယ်။ ဒါကြောင့် ဒီဆွေးနွေးပွဲဟာ သွားသင့်တယ်၊ ကျောင်းသားတွေရဲ့တောင်းဆိုချက်ကလည်း မှန်ကန်တယ်လို့ ကျနော်မြင်တယ်၊ ဒါကြောင့် ကျောင်းသားတွေ ဆွေးနွေးတဲ့နေရာမှာ ကျနော်ကပညာရှင်တစ်ယောက်အနေနဲ့ ပညာရေးအရ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ကျနော် ရှင်းလင်းဆွေးနွေးဖို့အတွက် သွားပြီးတော့ တက်ရောက်တာ ဖြစ်ပါတယ်။ NLD အနေနဲ့ ဒါ NLD စည်းကမ်းနဲ့မကိုက်ညီလို့ အရေးယူမယ်ဆိုရင်လည်း ကျနော်အရေးယူခံဖို့ အသင့်ပါပဲ။ ကျနော်အနေနဲ့ကတော့ ဒီဆွေးနွေးပွဲကိုသွားတာ မှန်တယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ကျနော်သွားတာဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့၊ ဆရာလည်း NLD အတွင်းမှာ ပညာရေးကော်မတီမှာ ပါဝင်လုပ်ဆောင်နေတယ်ဆိုတော့လေ - ကြိုတင် သဘောတူညီမှု မယူဘူးဆိုတဲ့ဟာက ဘာကိုဆိုလိုတယ်လို့ နားလည်ပါသလဲဆရာ။

ဒေါက်တာသိန်းလွင်။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက တစ်ပတ်နှစ်ပတ်လောက်တော့ ကြာပြီထင်တယ်။ ပါတီရဲ့မူလရှိတဲ့ စည်းကမ်းထိန်းသိမ်းရေးစည်းကမ်းမှာ နောက်ထပ်တိုးချဲ့လိုက်တဲ့အပိုဒ် ပါလာတယ်။ စကားလုံးအတိုင်းတော့ ကျနော် အတိအကျမရဘူး၊ အဓိပ္ပာယ်ကတော့ ပါတီဝင်တစ်ယောက်ဟာ တခြား နိုင်ငံရေးအဖွဲ့အစည်းတွေမှာ ပါဝင်ခွင့်မရှိဘူးဆိုတာ ကျနော် တွေ့ပါတယ်။ ဒါပေမယ့် ကျနော်က ဒီ NNER မှာ ဆောင်ရွက်လာတာ နှစ်နှစ်ကျော်ရှိပြီ၊ ဒါလည်း ပါတီကသိပါတယ်၊ ပါတီခေါင်းဆောင်ပိုင်းတွေကော ပါတီကလူကြီးတွေကော ပါဝင်တက်ရောက်ခဲ့တာပဲ။ ဒါ လုပ်ဆောင်ခဲ့တာ သိပါတယ်။ ဒီအခု လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ NNER က ပါဝင်တက်ရောက်ဖို့ ကျောင်းသားတွေက တောင်းဆိုလာတယ်။ ဖိတ်ကြားလည်းခံရတယ်။ ပညာရေးပြုပြင် ပြောင်းလဲတဲ့ ကိစ္စလည်း ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ကျောင်းသားတွေအတွက် အရေးကြီးတယ်၊ ပညာရေးကဏ္ဍအတွက် အရေးကြီးတယ်။ ကျနော်တို့နိုင်ငံအတွက် အရေးကြီးတယ်လို့လည်း ယုံကြည်တယ်။ ဒါကြောင့် ကျနော်သွားတာ ဖြစ်ပါတယ်။ ဒီလိုမှ မသွားဘူးဆိုရင် NNER မှာ ကျနော် လုပ်ဆောင်လာတာဟာ တာဝန်မဲ့ရာ ရောက်တယ်။ အဲဒီလိုသွားတဲ့အတွက် ပါတီစည်းကမ်းနဲ့မညီလို့ အရေးယူမယ်ဆိုရင်လည်း ကျနော် ရင်ဆိုင်ဖို့ အသင့်ပါပဲ။

ကိုဉာဏ်ဝင်းအောင်။ ။ အကယ်၍ဆရာ့ကို NLD ပါတီက ထုတ်ပယ်လိုက်မယ်ဆိုရင် ဒေါက်တာသိန်းလွင်အနေနဲ့ ဘာတွေ ဆက်လုပ်သွားဖို့ ရှိပါသလဲ။

ဒေါက်တာသိန်းလွင်။ ။ ကျနော် အခု NNER မှာ ဆက်ပြီးဆောင်ရွက်သွားမှာပါ။ တစ်လျှောက်လုံး ကျနော်က ကျောင်းဆရာလုပ်ခဲ့တယ်၊ ပညာရေးမှာ တစ်လျှောက်လုံးလုပ်ခဲ့တာ ဆိုတော့ ကျနော် ပညာရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်မယ်။ နောက် ပညာရေးပြုပြင်ပြောင်းလဲမှုကိုလည်း ကျနော် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားပါမယ်။ အခု ကျနော်တို့ နေပြည်တော်မှာ ရောက်နေပြီ၊ အခု ကားပေါ်မှာပဲ ရှိသေးတယ်။ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ကျနော် ပါဝင်တက်ရောက်မယ်။ ကျနော်နဲ့အတူ NNER အဖွဲ့သားများလည်း ဒီ လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့ခင်ဗျ။ ဆရာဒေါက်တာ သိန်းလွင်၊ ကျေးဇူးတင်ပါတယ် ခင်ဗျ။

XS
SM
MD
LG