သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗဟိုကော်မတီဝင် ဒေါက်တာသိန်းလွင်ကို NLD စည်းမျဉ်းချိုးဖောက်မှုနဲ့ တာဝန်ဆိုင်းငံ့


ဒေါက်တာသိန်းလွင်
ဒေါက်တာသိန်းလွင်

အမျိူးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေး ရန်ကုန်မှာပြုလုပ်တဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးခဲ့သူ NLD ဗဟိုကော်မတီဝင် ဒေါက်တာ သိန်းလွင်ကို NLD ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မှု၊ တားမြစ်ချက်ကိုမလိုက်နာမှုတွေနဲ့ NLD ဘက်က ဒေါက်တာသိန်းလွင် ယူထားတဲ့ NLD တာဝန်တွေကို ရပ်ဆိုင်းကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

NLD အနေနဲ့ကျောင်းသားတွေရဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်သဘောထားကို မေးခွန်းထုတ်စရာဖြစ်လာတယ်လို့လည်းNNER မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် မူဝါဒရေးရာတာဝန်ခံက တုန့်ပြန်ပါတယ်။ အသေးစိတ်ကို မဆုမွန်က စုံစမ်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ ရန်ကုန်စိန်ရတုခန်းမမှာ အစိုးရ၊ လွှတ်တော်၊ ကျောင်းသားသပိတ်ခေါင်းဆောင်တွေနဲ့ NNER မြန်မာနိုင်ငံ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်တို့ လေးပွင့်ဆိုင်ဆွေးနွေးခဲ့ကြတာပါတယ်။ သပိတ်မှောက်ကျောင်းသားတွေ၊ ပညာရှင်တွေကတဘက် အစိုးရ၊ လွှတ်တော်တာဝန်ရှိသူတွေကြား သမဂ္ဂဆိုတဲ့ စကားလုံးအသုံးအနှုန်းကနေစလို့ မူဘောင် ဆွေးနွေးချက်တွေမှာ အခြေအတင် အငြင်းပွားမှုနဲ့ ဆုံးဖြတ်ချက် မတင်မကျဖြစ်နေဆဲအနေအထားမှာ အခုလို NNER ဘက်က ဦးဆောင်ဆွေးနွေးသူ ဒေါက်တာသိန်းလွင်နဲ့ ပတ်သက်လ့ို ဖေဖော်ဝါရီလ ၂ရက်နေ့ နေ့စွဲနဲ့ အဖွဲ့ချုပ်စည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူမယ်ဆိုတဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ဒီကနေ့ ဖေဖော်ဝါရီလ (၉) ရက်နေ့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဘက်က ကြေညာချက်အမှတ် ၃/ ၀၂/ ၂၀၁၅ နဲ့ ဒေါက်တာသိန်းလွင်ဟာ အဖွဲ့ချုပ်ရဲ့စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ခြင်း၊ တားမြစ်ချက်တွေကို မလိုက်နာခြင်းကြောင့် အရန် ဗဟိုအလုပ်အမှုဆောင် တာဝန်အဖြစ်မှလည်းကောင်း၊ ဗဟိုကော်မတီဝင်အဖြစ်မှလည်းကောင်း ရပ်ဆိုင်းလိုက်တယ် ဆိုပြီးကြေညာချက်ထုတ်ပြန်လိုက်တာပါ။ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုယ်တိုင် တားမြစ်ထားခဲ့တာကို မလိုက်နာတဲ့အတွက် အခုလို ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ကြေညာလိုက်ရတာဖြစ်တယ်လို့ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့အဖွဲ့ ပါတီမှာ စည်းမျဉ်းတခုရှိတယ်။ အဲဒါ ပါတီရဲ့ရာထူးတာဝန်တခုကို ဆောင်ရွက်နေရင် အခြားအဖွဲ့အစည်းရဲ့ရုံးခန်းတွေမှာ ဦးစီး ဦးဆောင် သွားရောက်လုပ်ကိုင်ခွင့် မရှိပါဘူး။ အဲဒါပါ။ သူက NNER မှာ ပါဝင်တယ်။ နောက်ပြီးတော့ ဒီမှာလည်း CC ဖြစ်နေတယ်။ အဲဒါကြောင့်ပါ။”

မေး။ ။ တားမြစ်ချက်တွေကို မလိုက်နာဘူးဆိုတော့ ဘယ်လို တားမြစ်ချက်တွေ ရှိခဲ့ပါလဲ။

ဖြေ။ ။ အဲဒါကို ဒီလိုဟာမျိုး မလုပ်ပါနဲ့လို့ ပါတီဥက္ကဋ္ဌကိုယ်တိုင် သူ့ကိုပြောပါတယ်။ သူက မလုပ်ပါဘူးလို့ပြောတယ်။ တကယ်လက်တွေ့မှာ လုပ်တယ်ပေါ့။ အဲဒီလို ဖြစ်နေတာ။

မေး။ ။ အန်ကယ်လ်- အဲဒါ လုံးဝရပ်ဆိုင်းတာလား၊ ပြန်ပြီး စဉ်းစားဖို့ အစီအစဉ်ရော ရှိပါလားရှင်။

ဖြေ။ ။ ရပ်ဆိုင်းတယ်ဆိုတာ Suspended ဗျ။ Suspended ဆိုတာ အချိန်မရွေးပြန်ပြီးတော့ လက်ခံလို့လည်းရပါတယ်။ စကားလုံးအသုံးအနှုန်းကို ကျနော်ရှင်းပြတာပါ။

တဆက်တည်းပဲ NLD ဘက်က ဗဟိုပညာရေးကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှာဖြစ်လို့ ကော်မတီအသစ်က တာဝန်မယူမှီကာလမှာ လက်ရှိ ပညာရေးကော်မတီရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းကြောင်းလည်း ၄/ ၀၂ ကြေညာချက်နဲ့ထုတ်ပြန်ပါတယ်။ ဒေါက်တာသိန်းလွင်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ဗဟိုပညာရေးဆိုင်ရာကော်မတီက ပညာရေးကွန်ရက် တာဝန်ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။

“ပညာရေးကော်မတီ Reform လုပ်ဖို့က လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက သဘောတူပြီးသား၊ မလုပ်ခဲ့ရဘူး။ အခုမှ အဲဒါလုပ်တာပါ။ ဒေါက်တာသိန်းလွင်ကို အခုလို တာဝန်ရပ်ဆိုင်းတာနဲ့ ပညာရေးကော်မတီ Reform လုပ်တာနဲ့ မဆိုင်ပါဘူး။ သီးခြားကိစ္စစီပါ။”

အခုလို ဒေါက်တာသိန်းလွင်အပေါ် NLD ဘက်က တရားဝင် တာဝန်ကရပ်နားကြောင်း ကြေညာချက်သဘောထား ထုတ်ပြန်ချက်အပေါ် NLD အနေနဲ့ကျောင်းသားတွေရဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုနဲ့ပတ်သက်တဲ့ ရပ်တည်ချက်သဘောထားကို မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ NNER မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ရဲ့ မူဝါဒရေးရာလုပ်ငန်းအဖွဲ့တာဝန်ခံ မသူသူမာက မေးခွန်းထုတ်ပါတယ်။

“NNER က ကျောင်းသားကိုထောက်ခံတယ်။ မျှတမှုမရှိတဲ့ဥပဒေကို သူတို့ပြင်ချင်တယ်လို့ ပြောတယ်။ ပြင်ချင်တာကလည်း ဒီမိုကရေစီနည်းလမ်းတကျ ပြင်ဖို့ပဲ သူတို့တောင်းဆိုထားတာဆိုတော့လေ၊ အဲဒါတွေကို ကျမတို့က ထောက်ခံတယ်။ ပညာရေးပြုပြင်ပြောင်းလဲရေး တောင်းဆိုနေတဲ့အပေါ်မှာ NLD အနေနဲ့ ဘယ်လိုသဘောထားလဲလို့ မေးခွန်းထုတ်စရာရှိလာတာပေါ့။ ဘာကြောင့် အဲဒီလိုမျိုးတွေ ဖြစ်နေရတာလဲပေါ့။ ကျောင်းသားနဲ့လူထုအပေါ်၊ ကျောင်းသား မိဘတွေကိုလည်း နဝေတိမ်တောင်ပေါ့- ဝေဝေဝါးဝါးဖြစ်စေတယ်ပေါ့။ NLD က ကျမတို့ကို ပြန်ရှင်းပြပေးဖို့ လိုမယ်လို့ထင်တယ်။”

အခုလို NLD ဘက်က ဒေါက်တာသိန်းလွင်ကို တာဝန်က ရပ်ဆိုင်းကြောင်း ကြေညာချက်ထုတ်ပြန်ချိန်မှာပဲ ဒီကနေ့ ဖေဖေါ်ဝါရီလ (၉) ရက် တနင်္လာနေ့မှာအမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်ဆွေးနွေးရေးဦးတည်တဲ့ ဒုတိယအကြိုညှိနှိုင်းပွဲကို ဒေါက်တာသိန်းလွင်ဦးဆောင်တဲ့ NNER (ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်) ကိုယ်စားလှယ်တွေအပါအဝင် ကျောင်းသားခေါင်းဆောင်ကိုယ်စားလှယ်တွေနဲ့ ပညာရေး ဝန်ကြီးဌာနတို့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနေချိန်ဖြစ်ပါတယ်။

XS
SM
MD
LG