အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးမှာ ဒီကနေ့ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေး ဒေါက်တာ ဦးမြင့်ရဲ့ ကျေးလက်ဒေသ ဆင်းရဲမွဲတေမှု ပပျောက်ရေး ခေါင်းစဉ်နဲ့ ပြုလုပ်မယ့် ဟောပြောပွဲကို အာဏာပိုင်တွေက ဖိအားပေးတာကြောင့် ဖျက်သိမ်းလိုက်ရတယ်လို့ NLD ဘက်က တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
အစိုးရသစ် သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေး ဒေါက်တာ ဦးမြင့်က ဒီကနေ့ တနင်္လာနေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုင်ရာ ဟောပြောပွဲ တခုလုပ်ဖို့ စီစဉ်ထားပေမဲ့ ဒီကနေ့ မလုပ်ဖြစ်တော့တဲ့အကြောင်း NLD ရဲ့ ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ ဦးဝင်းထိန်က ပြောပါတယ်။
“ဒေါက်တာ ဦးမြင့်ကို နေပြည်တော်က ကျနော်တို့ဆီမှာ လာပြီးတော့ Lecture မရိုက်ရဘူးဆိုပြီး တားမြစ်လို့ ဒီနေ့အစီအစဉ် ပျက်သွားတာပါ။ ကျနော်တို့ဆီမှာ မလုပ်ဖြစ်ဘူးပေါ့။ သူကတော့ မြန်မာပြည်မှာရှိတဲ့ အနေအထားပေါ့၊ ဆင်းရဲမှု ပပျောက်ရေးအတွက် လုပ်တဲ့ဟာတွေကို ဟောပြောပွဲ သဘောမျိုး လုပ်ဖို့ရှိတာပါ။”
ဒေါက်တာ ဦးမြင့် ပြုစုထားတဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုင်ရာ စာတမ်း ၂ စောင်ကို ဒီကနေ့ ဟောပြောဖို့ စီစဉ်ထားတာမှာ NLD ပါတီဝင်တွေ အပါအဝင် ပြင်ပက ပါတီဝင် မဟုတ်သူတွေကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားထားတာလို့လည်း NLD ဘက်က ပြောပါတယ်။
ပြီးခဲ့တဲ့ မေလက အစိုးရသစ် ကျင်းပတဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေး စာတမ်းဖတ်ပွဲမှာလည်း ဒေါက်တာ ဦးမြင့်က စာတမ်းတစောင် ဖတ်ကြားခဲ့ပါသေးတယ်။
NLD ပါတီကတော့ ပါတီဝင်တွေရဲ့ နိုင်ငံရေး လုပ်ရည်ကိုင်ရည် တိုးတက်လာရေးအတွက် အခုလို ပညာရှင်တွေနဲ့ ဟောပြောပွဲတွေ၊ သင်တန်းတွေ ဖြစ်မြောက်လာဖို့ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မကြာသေးခင်က Myanmar Egress ရဲ့ ဒါရိုက်တာအဖွဲ့ဝင် တဦးဖြစ်တဲ့ နိုင်ငံရေးသိပ္ပံ ပညာရှင် ဒေါက်တာ ကျော်ရင်လှိုင်က NLD မှာ နိုင်ငံရေး သင်တန်းပေးဖို့ စီစဉ်ထားတာကိုလည်း ဒေါက်တာ ကျော်ရင်လှိုင်ဘက်က သင်တန်းရက်ကို ရွှေ့ဆိုင်းထားတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။
“ဒေါက်တာ ကျော်ရင်လှိုင်ကတော့ ရက်ရွှေ့လိုက်တာပါ။ နောက်လထဲတော့ ဖြစ်မှာပါ။”
NLD ဘက်ကတော့ အခုလို နိုင်ငံ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဟောပြောပွဲတွေ၊ နိုင်ငံရေးဆိုင်ရာ သင်တန်းတွေကို ပါတီဝင်တွေရဲ့ နိုင်ငံရေး လုပ်ရည် ကိုင်ရည် တိုးတက်လာအောင် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အလေးထား လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး နောက်ပိုင်းမှာ ပါတီဝင် လူငယ်တွေနဲ့ တွေ့ဆုံပွဲ၊ အဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းတွေအတွက် ဟောပြောပွဲတွေ၊ လယ်သမားတွေအတွက် ဟောပြောပွဲတွေ စသဖြင့် လစဉ် ပြုလုပ်နေပြီး နောက်ပိုင်းမှာလည်း ပြည်ပက ပညာရှင်တွေနဲ့ပါ သင်တန်းတွေ၊ ဟောပြောပွဲတွေ ပြုလုပ်သွားနိုင်ဖို့အထိ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။