သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာဝင်းမြတ်အေး ဘင်္ဂလားဒေ့ရှ်ခရီးစဉ် နိုင်ငံတကာအကြံပေးအဖွဲ့ ကြိုဆို


 ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်ကို သွားရောက်စဉ် ( Prof Win Myat Aye)
ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်ကို သွားရောက်စဉ် ( Prof Win Myat Aye)

ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး မကြာခင် သွားရောက်ကြည့်ရှုမယ့် အစီအစဉ်ကို ရခိုင်ပြည်နယ်အရေး နိုင်ငံတကာ အကြံပေးအဖွဲ့က ကြိုဆိုလိုက်ပါတယ်။ ဒုက္ခသည်တွေ ပြန်လည် လက်ခံရေး ကြန့်ကြာနေချိန်မှာ သွားရောက်မယ့် ခရီးစဉ်ဖြစ်တဲ့အတွက် အကျိုးရှိမယ်လို့ မျှော်လင့်ကြောင်းလည်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ တာဝန်ရှိသူတွေ ဒီကနေ့ စင်္ကာပူနိုင်ငံက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ကြတာပါ။ အပြည့်အစုံကိုတော့ Reuters သတင်းဆောင်းပါးကို အခြေခံပြီး မအိသန့်စင်ကပြောပြပေးမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားသူ သိန်းနဲ့ချီ ရှိနေတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် စခန်းတွေကို မြန်မာအစိုးရရဲ့ အဆင့်မြင့် တာဝန်ရှိသူတဦးအဖြစ် သွားရောက်ကြည့်ရှုမယ့် အစီအစဉ်အပေါ် ကျေနပ်အားရကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့က ပြောဆိုလိုက်တာပါ။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးလည်းဖြစ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကို အကောင်အထည်ဖော်ရေး ကော်မတီကို ဦးဆောင်နေသူလည်းဖြစ်တဲ့ ဒေါက်တာဝင်းမြတ်အေး အနေနဲ့ ခရီးစဉ်အတွင်း မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ရှင်းပြနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ရခိုင်ပြည်နယ်အရေး နိုင်ငံတကာ အကြံပေးအဖွဲ့ ခေါင်းဆောင် Surakiart Sathirathai ကပြောပါတယ်။

“လူမှုဝန်ထမ်းဝန်ကြီးလည်းဖြစ်၊ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာဝင်းမြတ်အေး Cox's Bazar ကို သွားမယ်ဆိုတာ ကြားရတာ အားတက်စရာပါ။ Cox's Bazar က အခြေအနေတွေကို ကိုယ်တိုင်ကြည့်ရှုဖို့ အင်မတန်မှ အရေးကြီးတယ်လို့ အကြံပေးအဖွဲ့အနေနဲ့ ခံစားမိသလို၊ မြန်မာနိုင်ငံဘက်မှာ ပြင်ဆင်ထားတဲ့ အခြေအနေကို ဒုက္ခသည်တွေကို ရှင်းပြဖို့ကလည်း ပိုပြီးအရေးကြီးပါတယ်။”

ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲ ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံနှိမ်နင်းရာက နောက်ဆက်တွဲအဖြစ် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးသွားသူ ဒုက္ခသည် ၆ သိန်းခွဲကျော်ရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားတာပါ။ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကြား ဒီနှစ်ဆန်းပိုင်းကတည်းက သဘောတူထားကြပေမဲ့၊ အစီအစဉ်တွေ ကြန့်ကြာနေချိန်မှာပဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်မှာလည်း ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အဟန့်အတားဖြစ်နေတာတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ Dr. Surakiart က ပြောဆိုခဲ့တာပါ။

“သံအမတ်ကြီးဟောင်း Kobsak ထံက ကျနော်တို့ ကြားရတာကတော့၊ အများစုက ပြန်ချင်ကြတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့လည်း ဆက်သွယ်မှုအပိုင်းနဲ့ မြန်မာနိုင်ငံဘက်မှာ ပြင်ဆင်ထားတာတွေနဲ့ ပတ်သက်လို့ သတင်းတွေ အားနည်းနေတယ်လို့ ကျနော်တို့ အနေနဲ့ ခံစားမိပါတယ်။ Cox's Bazar က စခန်းတွေမှာ ရောက်နေသူတွေရဲ့ ရခိုင်ပြည်နယ်က အခြေအနေအပေါ် သဘောထား အမြင်တွေလည်း ရှိနေတာကြောင့် Kofi Annan ကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကို အကောင်အထည်ဖော်နေတဲ့ လူကယ်ပြန်ဝန်ကြီးကိုယ်တိုင် အမြန်ဆုံး သွားရောက်ပြီး အခြေအနေကို ရှင်းပြဖို့လည်း ကျနော်တို့က တိုက်တွန်းခဲ့တာပါ။”

ဒေါက်တာဝင်းမြတ်အေးရဲ့ ခရီးစဉ်ကို အစောဆုံး ဒီသီတင်းပတ်လောက်မှာ စတင်ဖို့ တိုက်တွန်းခဲ့တဲ့ နိုင်ငံတကာ အကြံပေး ကော်မတီဝင် တဦးလည်းဖြစ် ထိုင်းသံအမတ်ကြီးဟောင်းလည်းဖြစ်တဲ့ Kobsak Chutikul ကတော့ အခုခရီးစဉ်ကနေ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး တွန်းအားဖြစ်လာဖို့ မျှော်လင့်နေပါတယ်။

“အင်မတန်မှ ချဉ်းကပ်ရ လွယ်ကူသူ တယောက်ပါ။ သူ့လက်ကိုင်ဖုန်းကို နေ့စဉ်နဲ့အမျှ ရခိုင်ပြည်နယ်က သာမန်ပြည်သူတွေ ဆက်နေကြတာပါ။ ဒါကြောင့်လည်း အခြေအနေကို သွားကြည့်ဖို့ သူကအသင့်တော်ဆုံးလူပါ။ လူတွေကြားမှာ ယုံကြည်အားထားမှု အတိုင်းအတာတခုရှိဖို့၊ အစစ အဆင်ပြေမယ်ဆိုတာကို အာမခံနိုင်ဖို့ လိုမယ်လို့ ထင်ပါတယ်။”

ဒုက္ခသည်တွေအတွက် နေရပ်ပြန်နိုင်ရေးနဲ့ အကူအညီပေးရေး လုပ်ငန်းတွေကို အချိန်မီ မလုပ်နိုင်ခဲ့ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အနေနဲ့ မုတ်သုန်ရာသီနဲ့အတူ ပါလာမယ့် မုန်တိုင်းအန္တရာယ်ကြောင့် သေကျေထိခိုက်မှုတွေ အကြီးအကျယ် ကြုံရနိုင်တယ်လို့လည်း စင်္ကာပူနိုင်ငံက သတင်းစာရှင်းလင်းပွဲ အတွင်းမှာပဲ အကြံပေးအဖွဲ့ တာဝန်ရှိသူတွေက သတိပေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG