သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးဥပဒေ ပြုပြင်မှု မူကြမ်းဆိုင်ရာ အစိုးရမီဒီယာဖော်ပြမှု ဝေဖန်ခံရ


(ဓာတ်ပုံ - မြန်မာ့အလင်းသတင်းစာ)
(ဓာတ်ပုံ - မြန်မာ့အလင်းသတင်းစာ)

အမျိုးသားပညာရေးဥပဒေကို ပြန်ပြင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်သတင်းစာတွေရဲ့ ဖော်ပြချက်တချို့ကို NNER နဲ့ ဒီမိုကရေစီ ပညာရေး ဦးဆောင် လှုပ်ရှားမှု ကော်မတီ ခေါင်းဆောင်ပိုင်းတချို့က ဝေဖန်လိုက်ပါ တယ်။

ပြန်ကြားရေးဝန်ကြီးကတော့ အခု ဖော်ပြချက်ဟာ ပြည်သူတွေ အမြင်တချို့ကို အစိုးရပိုင် သတင်းစာက ဖော်ပြပေးတာလို့ ပြန်လည် တုံ့ပြန်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

အစိုးရပိုင် နေ့စဉ်ထုတ် သတင်းစာတွေမှာ လွှတ်တော်ကို တင်ပြလိုက်ပြီဖြစ်တဲ့ အမျိုးသား ပညာရေး ဥပဒေကြမ်းကို ပြန်ပြင်တဲ့ ဥပဒေကြမ်းမှာ လိုအပ်ချက်တွေ ရှိခဲ့ပြီးတော့ NNER နဲ့ ကျောင်းသားတွေက သူတို့လိုချင်တဲ့ ပုံစံရအောင် စိတ်ကြိုက် ပြင်ဆင်ခဲ့တဲ့အကြောင်း သဘောထားအမြင် ဆောင်းပါးတွေကို နေ့စဉ် ဖော်ပြနေတာပါ။ အခုလို ဖော်ပြနေတာနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ ပညာရေး ဦးဆောင် လှုပ်ရှားမှု ကော်မတီက ခေါင်းဆောင်ပိုင်းတဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်က ဝေဖန်လိုက်ပါတယ်။

“ကျမတို့အနေနဲ့ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကိစ္စက NNER နဲ့ ကျောင်းသားတွေ စတင်ရေးဆွဲခဲ့တာ မှန်သော်ငြားလည်း၊ အစိုးရရော၊ လွှတ်တော်မှာရော ဒါကို သူတို့ သဘောတူပေးထားတာ ဖြစ်တဲ့အတွက် အစိုးရအဖွဲ့ကလည်း ဒါကို တာဝန်ခံဖို့ လိုတယ်။ အဲဒီလို တာဝန်ခံဖို့ လိုလျက်သားနဲ့ အစိုးရကနေ တဘက်လှည့်နဲ့ ဒါကို ကန့်ကွက်တဲ့ပုံစံမျိုး ဒါကို သဘောမတူတဲ့ ပုံစံမျိုးတွေနဲ့ ပုံဖျက်တာက၊ ကိုယ်တာဝန်ယူရမှာကို တာဝန်မယူတတ်မှုကို ပြတယ်လို့ပဲ ကျမအနေနဲ့ မြင်ပါတယ်ရှင့်။”

ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရှိသူလည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်ကတော့ အစိုးရပိုင် မီဒီယာတွေရဲ့ ဖော်ပြချက်ဟာ မျှတတဲ့ ဖော်ပြချက်တခု ဖြစ်တဲ့အကြောင်း အခုလို ချေပြပါတယ်။

“တင်တဲ့ ပညာရေးဝန်ကြီးဌာနက တလုံးတပါဒမှာ ညှိနှိုင်းပြင်ဆင်ခွင့် မရခဲ့ဘူးဆိုတာကို သိဖို့အတွက် ကျနော်တို့ ရှေ့မှာ အကြီးဖော်ပြတယ်။ ပြီးရင် ပြည်သူတွေ လေ့လာနိုင်အောင်လို့ ကျနော်တို့ နှိုင်းယှဉ်ဖော်ပြခဲ့တယ်။ ပြီးလို့ရှိရင် ပြည်သူကို အကြံပြုဖို့ဆိုပြီးတော့ လွှတ်တော်က ဖိတ်ခေါ်တယ်။ ကျနော်တို့ကလည်း ဆောင်းပါးတွေ ရေးဖို့ဆိုပြီးတော့ ဖိတ်ခေါ်ခဲ့တယ်။ အဲ့ဒီဆောင်းပါးတွေကို ကျနော်တို့ အခု သတင်းစာတွေထဲမှာ ထည့်ပေးနေတယ်။ ၂ ကတော့ ကျနော်တို့က သတင်းစာတွေမှာ ဖော်ပြတဲ့အခါမှာ တဘက်က မဖော်ပြချင်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ဆီကို လာနေတဲ့ ဆောင်းပါးတွေက ဝေဖန်တဲ့ ဆောင်းပါးတွေချည်းပဲ ဖြစ်နေလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျနော်တို့ရဲ့ သတင်းနဲ့ စာနယ်ဇင်းက ဦးသန်းလွင်တို့နဲ့ နောက်တခါ ဒေါ်သူသူမာ တို့ကို ကျနော်တို့ ဆက်သွယ်ပြီးတော့မှ ခင်ဗျားတို့ဘက်ကပဲ ဆရာသိန်းလွင်တို့ဘက်ရော၊ ဒေါ်သူသူမာတို့ဘက်ကရော ရေးပါလို့ ဆောင်းပါးတောင်းတယ်။ အခုအချိန်ထိ သူတို့က မပေးနိုင်သေးဘူး။ သို့သော် မနေ့က သူတို့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတို့၊ ဒီကနေ့ သတင်းစာမှာတို့ ဖော်ပြပေးလိုက်တယ်။”

ဒီကနေ့ အင်္ဂါနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာတော့ မနေ့တုန်းက လုပ်ခဲ့တဲ့ NNER နဲ့ ဒီမိုကရေစီ ပညာရေး ဦးဆောင် လှုပ်ရှားမှု ကော်မတီရဲ့ သတင်းစာရှင်းလင်းပွဲတွေအတွင်း ပြောဆိုချက်တွေကို ဖော်ပြပေးထားတာကိုလည်း တွေ့ရပါတယ်။ ၄ ပွင့် ဆွေးနွေးပွဲလုပ်ပြီး သဘောတူညီချက်ရခဲ့လို့ လက်ရှိအချိန်မှာ လွှတ်တော်ကို ပေးပို့လိုက်ပြီးဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေကို ပြန်ပြင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အစိုးရပိုင်သတင်းစာတွေမှာ ပြန်လည်ပြီး ဝေဖန်ပြောဆိုနေတာဟာ မသင့်တော်ဘူးလို့ မြန်မာ့နိုင်ငံရေး လေ့လာအကဲဖြတ် ဒေါက်တာ ရန်မျိုးသိမ်း က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ အမျိုးသားပညာရေး လိုအပ်ချက်၊ အမျိုးသားပညာရေး စိန်ခေါ်မှုကို အဖြေရှာတဲ့ ပုံစံမျိုးဘက်ကို ဦးမတည်ဘဲနဲ့ နော် ပြဿနာဘက်တွေကို ထပ်မံ မွေးဖွားတဲ့ ပုံစံဘက်ကို ဦးတည်နေတာဟာ ဒါ ရင်လေးစရာဖြစ်တယ်လို့ မြင်ပါတယ်။”

၄ ပွင့်ဆွေးနွေးပွဲတွေအပြီး လွှတ်တော်ကို တင်ပြထားတဲ့ ပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဒီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး လွှတ်တော်ဘက်က ဆောင်ရွက်ပေးဖို့ လိုတယ်လို့ မဖြိုးဖြိုးအောင် က ဆိုပါတယ်။

ဒါပေမဲ့ လွှတ်တော်ဘက်ကတော့ ဒီကိစ္စဟာ မြန်မြန် အကောင်အထည် မဖော်နိုင်ဘဲ လုပ်ထုံလုပ်နည်းတွေအရ တစ်လနီပါးလောက် ကြာဖို့ ရှိနိုင်သေးတဲ့အတွက် ကျောင်းသားတွေအနေနဲ့ နားလည်ပေးဖို့ လိုမယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ပြောပါတယ်။

“ဒီလို ၂၈ ရက်နေ့ကို နောက်ဆုံးထားပြီးတော့ တောင်းဆိုတာကတော့ ကျနော်တို့ လွှတ်တော်က ဘယ်လိုမှ ပြီးနိုင်မှာ မဟုတ်ဘူး။ အဲ့လို ကသောကမျော လုပ်ရင်လည်းပဲ ဥပဒေမှာ ထပ်ပြင်စရာတွေ အကြောင်းရှိလာနိုင်တယ်။ တဘက်ကလည်း ဒါတွေကို ကန့်ကွက်ပြီးတော့ ဆွေးနွေးမယ့်လူတွေလည်း ရှိဦးမှာဆိုတော့ ကျနော်တို့ ဒါကိုတော့ ကျောင်းသားတွေ တောင်းဆိုသလို မဖြစ်နိုင်ဘူးပေါ့ဗျာ။ ကျောင်းသားတွေဘက်ကလည်း နည်းနည်းပါးပါး သည်းခံပြီးတော့ စောင့်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။”

ဒီမိုကရေစီ ပညာရေး လှုပ်ရှားနေတဲ့ ဆန္ဒပြကျောင်းသားတွေရဲ့ ဆန္ဒပြသပိတ်စစ်ကြောင်းတွေကို လတ်တလောမှာ ရပ်နားထားတာပါ။ ဒါပေမဲ့ ပင်မ သပိတ်စစ်ကြောင်းကတော့ လက်ပံတန်းမြို့မှာ ရောက်ရှိနေပြီးတော့ မတ်လ ၁ ရက်နေ့မှာ ရန်ကုန်မြို့ကို ဆက်လက် ချီတက်မှာ ဖြစ်တယ်လို့ ဒီမိုကရေစီ ပညာရေး ဦးဆောင် လှုပ်ရှားမှု ကော်မတီက တရားဝင် ပြောဆိုထားပါတယ်။

XS
SM
MD
LG