သုံးရလွယ်ကူစေသည့် Link များ

ဖွဲ့စည်းပုံဥပဒေ ကာကွယ်မှု အက်ဥပဒေ ပြင်ဆင် အစားထိုးမည်


ပြည်သူ့လွှတ်တော်၊ နေပြည်တော်။

၁၉၅၉ခုနှစ်က ပြဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေကို အခြေခံထား မွန်းမံပြီး၊ ဥပဒေသစ် တရပ်နဲ့ အစားထိုးဖို့ ပြည်ထဲရေး ၀န်ကြီးဌာနက ပြင်ဆင်ဆောင်ရွက်နေ ပါတယ်။ ဒီလို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကာကွယ်ရေး အက်ဥပဒေသစ်ပြဌာန်းဖို့ဆောင်ရွက်တာဟာ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် အနှောက်အယှက်ဖြစ်စေမယ်လို့ ဖွဲ့စည်းပုံပြင်ရေး လိုလားတဲ့ လွှတ်တော်အမတ်တွေကတော့ ယူဆကြပါတယ်။ ရန်ကုန်ဗွီအိုအေ ရုံးခွဲကနေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

၁၉၅၉ ခုနှစ်က ပြဌာန်းတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို သင်္ယန်းကျွန်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ ဒီလို တင်သွင်းတာနဲ့ ပတ်သက်လို့ ရှေ့နေချုပ်ရုံး က ဆွေးနွေးစဉ်မှာ ဥပဒေသစ်တရပ်နဲ့ အစားထိုးဖို့ ပြည်ထဲရေး ၀န်ကြီးဌာနက စီစဉ်ဆောင်ရွက်နေပါတယ်လို့ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ခုလိုပြောဆိုပါတယ်။

""ဥပဒေဟာ အမှန် ပြည်ထဲရေးဝန်ကြီးဌာနက Administer လုပ်တဲ့ ဥပဒေဖြစ်ပါတယ်ခင်ဗျ။ အခုလက်ရှိလည်း ပြည်ထဲရေးဝန်ကြီးဌာနက ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး ဥပဒေမူကြမ်းကို ရေးဆွဲပြီးတော့ တင်ပြခဲ့ပါတယ်။ အဲဒီ မူကြမ်းအပေါ်မှာကျနော်တို့လည်း ဧပြီလ ၂၄ ရက်နေ့က ဥပဒေအကြံပေးပြန်ထားပြီးဖြစ်ပါတယ်။ အဲဒီဥပဒေကတော့ ၁၉၅၉ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ်မှာပဲ အခြေပြုပြီးတော့ အခြေခံပြီးတော့ ခေတ်နဲ့ညီအောင် အသုံးအနှုန်းများ ပြန်လည်ပြုပြင် ရေးဆွဲထားပြီးတော့ တခါတည်းပဲ အဲဒီ ဥပဒေမှာ ၁၉၅၉ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကိုလည်း ရုတ်သိမ်း သွားမှာဖြစ်ကြောင်း တင်ပြထားပါတယ်။"

လက်ရှိမှာ ဒီမိုကရေစီလိုလားသူများက ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုပြင်ဆင်လိုကြကြောင်း၊ အခုလို၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေကို တင်သွင်းသွားပါက လူထု ကို စိတ် ဆွ ပေးရာ ရောက်ကြောင်း၊ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံ ဥပဒေပါပြဌာန်း ထားချက်နဲ့ အညီ ပြင်ဆင်ဖို့လုပ်ဆောင်နေတဲ့အချိန်မှာ သက်ဆိုင်ရာ လူများ အနေနဲ့ မတားဆီးဖို့ လိုကြောင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီမှ ဒေါက်တာ အေးမောင်က အခုလိုပြောပါတယ်။

"ကျနော်ပြောတာ တင်စရာမလိုဘူး။ တင်စရာမလိုဘူးလို့ သုံးသပ်တာက တင်ရင် ဆွပေးသလိုဖြစ်မှာပေါ့။ လူထုရဲ့ မကျေနပ်မှုကို ဒီအက်ဥပဒေက ပိုပြီးဆွပေး သလိုဖြစ်မှာပေါ့။ ဘာလို့လည်းဆိုရင် ခင်ဗျားသိတဲ့အတိုင်းပဲလေ ဒီ၂၀၀၈ ဖွဲ့စည်းပုံကို အဲဒီတုန်းက အစိုးရ သတင်းစာမှာကို ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ ရန် နိုင်ငံသားအားလုံးမှာ တာဝန်ရှိသည် လို့ ကြေညာတယ်ဗျ။ ဒါပေမယ့်လို့ အမျိုးသားညီလာခံကို ဆန့်ကျင်တာကို ဘာလဲ အမျိုးသားညီလာခံကို ကာကွယ်တဲ့ ဥပဒေပေါ့ဗျာ မထောက်ခံလို့ရှိရင် အရေးယူတဲ့ ဥပဒေကို ပြဋ္ဌာန်းပြန်ရောဗျ။ ဆို နော် သူ့ဟာက ပြဒါးတလမ်း သံတလမ်း လေ။ သို့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ ကို ကာကွယ်တဲ့ အက်ဥပဒေတခု ပြဋ္ဌာန်းရုံနှင့် ဒီဥပဒေကို ကာကွယ်နိုင်မယ် မထင်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခေတ်ကာလနဲ့ လျှော်ညီအောင် ပြင်ဆင်ဖို့ တာဝန်ကို ရေးဆွဲခဲ့တဲ့ ပုဂ္ဂိုလ်တိုင်းမှာ တာဝန်ရှိတယ်။ ကာကွယ်ဖို့ ထက် ပြင်ဆင်ဖြည့်စွက်ပြီးမှ အကောင်း ဆုံး ခေတ်နဲ့ လျှော်ညီအောင် ပြင်ဆင် တဲ့ တာဝန်သည်သာ ကျနော်ထင်တယ် ဒီဖွဲ့စည်းပုံကြီးကို အသက်ဆက် ရှင်ဖို့အတွက် ထိရောက်တဲ့ လက်နက်လို့ ကျနော်တို့က သုံးသပ်တယ်။"

၁၉၅၉ခုနှစ်ပြဌာန်းတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကာကွယ်စောင့်ရှောက်ရေး အက် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း တင်သွင်းခဲ့တဲ့ အဆိုရှင် ဦးသိန်းညွှန့်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ ကြမ်း တင်သွင်းလာပါကလည်း ၂၀၀၈ ဖွဲ့စည်းပုံပြင် ဆင်ရေးကို ထိခိုက်မှာ မဟုတ်ကြောင်း၊ အသုံးမလိုသည့် အက်ဥပဒေတခု ကိုပြင်ဆင်ဖို့ တင်သွင်းခြင်း သာဖြစ်ကြောင်း၊ အစိုးရအနေနဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး အက် ဥပဒေ ကိုတင်သွင်းလာပါက ဒီမိုကရေစီကို အကျိုးပြုမည့် ဥပဒေအချို့ ပါဝင်နိုင်ဖို့ လုပ်ဆောင်မယ်လို့ ဦးသိန်းညွန့်က အခုလိုပြောပါ တယ်။

"အဲ့ဒီ့တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဖို့ ပြောတဲ့ အဓိက လူတွေက လက်တွေ့ပြင်နိုင်အောင် ကြိုးပမ်းကြပေါ့။ ဒါက တပိုင်းပဲ။ နောက်ပြင်ဆင်ထားတဲ့ အက်ဥပဒေကိုပဲဖြစ်ဖြစ် အခြေခံဥပဒေ တရပ်ကို ကာကွယ်ဖို့ တင်တယ်ဆိုရင် ဒါဥပဒေနဲ့ ညီတယ်။ လွှတ်တော်ကလည်း အတည်ပြုတယ် ဆိုရင်တော့ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတရပ် ပေါ်လာမယ်။ အရေးကြီးဆုံး ကတော့ ခုနက ကျနော် ဒီ ၅၉ ကို တင်ပြတဲ့ အခါမှာ မူပြသနာတွေက အရေးကြီးပါတယ်။ အာဏာရှင် စနစ်ကို မသွားဖို့၊ အတိုက်အခံ ပါလီမန်စနစ်ကို အားပေးဖို့ လျှို့ဝှက် Secret Police ပေါ့ အဲ့တာတွေ မထားဖို့ ဆိုတဲ့ ဒီ ၅၉ မှာပါတဲ့ အချက်တွေကို နောက်ပြင်လာမယ့် ဥပဒေမှာပဲ ခိုင်ခိုင်မာမာ ပါလာအောင်တော့ ကျနော် ဆောင်ရွက်နိုင်လို့ရလာအောင် ကျနော့် အတိုင်းအတာနဲ့ ကျနော် ဆောင်ရွက်သွားမယ်။"

ပြည်သူ့လွှတ်တော်မှာရှိတဲ့ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာကော်မတီမှ ဦးတင်မောင်ဝင်း ကလည်း ၁၉၅၉ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကာကွယ်စောင့်ရှောက်ရေး အက် ဥပဒေ ကို ရုပ်သိမ်း ပါက လက်ရှိ ၂၀၀၈ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ဖို့ ဥပဒေသစ်တရပ် လိုအပ်မှာဖြစ်တယ်လို့ လွှတ်တော်မှာ ပြောဆိုသွားပါတယ်။

"၁၉၅၉ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေကို ရုပ်သိမ်းမည် ဆိုပါက ယနေ့ အာဏာတည်နေသော ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဥပဒေ ကာကွယ်စောင့်ရှောက်မှု ကင်းမဲ့သွားမည်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ ၁၉၅၉ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ခြင်း ဥပဒေသည် ခေတ်အဆက်ဆက် ရှင်သန်နေသည့် ဥပဒေတရပ်လည်းဖြစ်ပါတယ်။ အနာဂတ်တွင်လည်း မလွဲမသွေ ဆက်လက် တည်ရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပေးနေမည့် အက်ဥပဒေလည်းဖြစ်ပါတယ်။ သို့ဖြစ်ပါသဖြင့် ၁၉၅၉ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ခြင်း ဥပဒေအား ခေတ် ကာလနှင့်လျော်ညီသော ဥပဒေစကားရပ်များဖြင့် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ပြု လုပ်ပြီး ပြည်သူ့လွှတ်တော်သို့ ဥပဒေကြမ်း တင်သွင်းအတည်ပြု ပြီးမှသာ ရုပ်သိမ်းသင့်ကြောင်း သုံးသပ်ရရှိပါတယ်။"

လက်ရှိမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေကြမ်းကို တင်သွင်း သွားရန် ပြည်တဲရေးဝန်ကြီးဌာနက စီစဉ်နေပေမယ့် ဘယ်အချိန်မှာ တင်သွင်းသွားမလဲဆိုတာကိုတော့ တရားဝင်ပြောကြားတာ မရှိခဲ့ပါဘူး။

XS
SM
MD
LG