သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Drone တွေနဲ့ ပစ္စည်းပို့ပေးမှု အောင်မြင်နေပြီ


အမေရိကန်ပြည်ထောင်စုမှာ အဝေးထိန်း Drone ယာဉ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပစ္စည်းပို့ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ စတင်လုပ်ဆောင်ခဲ့ရာမှာ နာမည်ကြီး Google နဲ့ Amazon တို့ထက်တောင် အသာရခဲ့တဲ့အကြောင်း Nevada ပြည်နယ်မှာ အခြေစိုက် Flirtey ကုမ္ပဏီက ပြောဆိုလိုက်ပါတယ်။

7-Eleven စတိုးဆိုင်နဲ့ တွဲဘက်အလုပ်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်း စတင် ထူထောင်ခါစ Flirtey ကုမ္ပဏီက Drone ယာဉ်နဲ့ ပစ္စည်းတွေကို ၇၇ ခေါက် အောင်အောင်မြင်မြင် ပို့နိုင်ခဲ့ကြောင်း ပြောဆိုခဲ့တာပါ။ ပထမတလအတွင်းမှာတင်ပဲ ပစ္စည်းတွေကို အိမ်တိုင်ယာရောက် Drone တွေနဲ့ ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း Flirtey ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Sweeny က ကြေညာချက်တစောင်မှာ ပြောဆိုခဲ့ပါတယ်။

စတိုးဆိုင်ကနေ အိမ်အရောက်၊ ကုမ္ပဏီရဲ့ ဝန်ဆောင်မှု အတွေ့အကြုံကို လူတိုင်းခံစားနိုင်တော့မယ့် အနာဂတ်သစ်အတွက် ဧရာမခြေလှမ်းတရပ် ဖြစ်တယ်လို့လည်း သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ သီတင်းပတ်ကုန်ရက်တွေမှာ ပစ္စည်းတွေအားလုံးကို ပို့ဆောင်နိုင်ခဲ့တယ်လို့ လည်း ကုမ္ပဏီက ပြောပါတယ်။ ပို့ဆောင်ရတဲ့ ပစ္စည်းတွေထဲမှာတော့ - ပူပူနွေးနွေး အစားအစာ၊ သောက်စရာအအေးနဲ့ ဆေးဆိုင်တွေမှာ ရောင်းချတဲ့ ဆေးဝါးတွေလည်း ပါဝင်ပါတယ်။

ပစ္စည်းမှာဝယ်သူတွေက application တခုကို အသုံးပြု မှာယူရပြီး - Drone ယာဉ်က GPS စနစ်နဲ့ လိပ်စာရှင်ထံအရောက် ပို့ဆောင်ပေးပါတယ်။ ပို့ရမယ့် အိမ်လိပ်စာကိုရောက်တဲ့အခါ - Drone ယာဉ်က အိမ်ပေါ်မှာ ပျံဝဲပြီး ပစ္စည်းကို ချပေးပါတယ်။ ပို့ဆောင်မှုအချိန်ဟာ ၁၀ မိနစ်လောက်ပဲကြာ တယ်လို့လည်း ကုမ္ပဏီက ပြောဆိုထားပြီး - ရှေ့နှစ်ထဲမှာ ဝန်ဆောင်မှုတွေကို တိုးချဲ့ဖို့ စီစဉ်ထားတယ်လို့လည်း Flirtey ကုမ္ပဏီက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG