နေပြည်တော် လွှတ်တော်အဆောက်အအုံအနီးမှာ အဝေးထိန်း ဒရုန်းယာဉ်လွှတ်တင်ဖို့ ကြိုးစားခဲ့တဲ့ ပြင်သစ်ကမ္ဘာလှည့်ခရီးသွားတဦးကို နေပြည်တော်မှာရှိတဲ့ ဥတ္တရ သီရိ တရားရုံးက ထောင်ဒဏ် ၁ လချမှတ်လိုက်ပါတယ်။
အသက် ၂၇ နှစ်အရွယ် Arthur Desclaux ကို ဖေဖော်ဝါရီလ ၇ ရက်နေ့က နေပြည်တော်မှာ ဖမ်းဆီးလိုက်ပြီး သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ ၈ နဲ့ တရားစွဲဆိုခဲ့တာပါ။ ဒရုန်းယာဉ် အသုံးပြုမှှုကို တင်းကြပ်စွာကန့်သတ် ထားတဲ့မြန်မာနိုင်ငံမှာ အထူးသဖြင့် အစိုးရနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေအနီးကမှာ ပျံသန်းခွင့်ပိုပြီးတင်းကြပ်ထားပါတယ်။
Desclaux က ဒရုန်းယာဉ်ဆိုင်ရာ ဥပဒေကို မသိကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ တရားသူကြီးတဦးက ပြောဆိုခဲ့ပါတယ်။ အမှားကျူးလွန်မိကြောင်း ရိုးသားစွာ ဝန်ခံခဲ့တဲ့အတွက် ပြစ်ဒဏ်အဖြစ် အလုပ်နဲ့ ထောင်ဒဏ် ၁ လသာ သက်ညှာစွာ ချမှတ်ခဲ့တာဖြစ်တယ်လို့လည်း တရားသူကြီးက ပြောပါတယ်။
ပြင်သစ်သံရုံး သံမှုး Frederic Inza ကလည်း ခုလိုသက်ညှာစွာ စီရင်ချက်ချတာ မျှတတဲ့ စီရင်ချက်ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာလှည့် ခရီးသွားတဦး အတွက်တော့ တလဆိုတာ ကြီးလေးတဲ့ ပြစ်ဒဏ်ဖြစ်နေသေးတဲ့အတွက် အခြား ကမ္ဘာလှည့် ခရီးသွားတွေကိုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး သတိပေးသွားမယ်လို့ ပြောပါတယ်။
ဒရုန်းယာဉ်အသုံးပြုမှုနဲ့ပတ်သက်ပြီး ပြဌာန်းထားတဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေအရ အများဆုံး ထောင်ဒဏ် ၃ နှစ်ထိ ချမှတ်နိုင်တာဖြစ်ပါတယ်။