သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးအမည်မသိ ဒရုန်းတွေကြောင့် အမေရိကန်တွေ စိုးရိမ်နေ


နယူးဂျာဆီပြည်နယ် Randolph မြို့ပေါ်မှာ မြင်တွေ့ရတဲ့ ဒရုန်းများ (MartyA45_ /TMX via AP, File)
နယူးဂျာဆီပြည်နယ် Randolph မြို့ပေါ်မှာ မြင်တွေ့ရတဲ့ ဒရုန်းများ (MartyA45_ /TMX via AP, File)

အမေရိကန်ပြည်ထောင်စု နယူးဂျာစီ၊ နယူးယောက် အပါအဝင်ပြည်နယ်တချို့ရဲ့ ကောင်းကင်မှာ ဒရုန်းလို့ ယူဆရတဲ့ ယာဉ်တမျိုး ပျံသန်းနေတာကို ဒီရက်ပိုင်းတွေအတွင်း အများပြည်သူတွေ မြင်နေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပိုမိုရှင်းရှင်းလင်း သိရအောင် FBI DHS တို့လို လုံခြုံရေးနဲ့ စုံစမ်းစစ်ဆေးရေးဌာနတွေအနေနဲ့ ရှင်းလင်းထုတ်ပြန်သင့်တယ်လို့ နယူးဂျာစီပြည်နယ် ဒီမိုကရက်လွှတ်တော်အမတ် Josh Gottheimer က မနေ့က သောကြာနေ့မှာ ထပ်မံတောင်းဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အကျဉ်းရုံးရှင်းလင်းချက်ကို သူ့အနေနဲ့ လက်ခံရရှိပေမယ့်၊ ဒရုန်းတွေဟာ ဘယ်ကနေလာလို့ ဘယ်လို ရည်ရွယ်ချက်နဲ့ ပျံသန်းနေတယ်ဆိုတာကို အများပြည်သူ သိခွင့်ရှိရမယ်လို့ Josh Gottheimer က ပြောပါတယ်။

ဒါ့အပြင် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေ ပူးပေါင်းပြီး ဒရုန်းတွေ မပျံသန်းသင့်တဲ့နေရာတွေမှာ မပျံသန်းအောင် လုပ်ဖို့လိုတယ်လို့လည်း သူက ပြောပါတယ်။

အမေရိကန်အစိုးရနဲ့ FBI အပါအဝင် လုံခြုံရေးဌာနတွေကတော့ ဒီဒရုန်းတွေဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့အဆင့် မဟုတ်ဘဲ၊ စိုးရိမ်စရာ မရှိဘူးလို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း FBI နဲ့ ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေကတော့ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲပဲလို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစလို့ နယူးဂျာစီ၊ နယူးယောက်၊ ပင်ဆယ်ဗေးနီးယား၊ မယ်ရီလန်းပြည်နယ်တွေရဲ့ ကောင်းကင်တွေ မှာ ဒရုန်းတွေ ပျံသန်းနေတာကို အများပြည်သူ တွေ့မြင်ခဲ့ရပါတယ်။ ဒရုန်းလို့ ယူဆရတဲ့အရာတွေ ပျံသန်းခဲ့တဲ့နေရာတွေထဲမှာ နယူးဂျာစီပြည်နယ်က Picatinny Arsenal လို စစ်ဘက်သုတေသနဲ့ စက်မှုလက်မှုဌာနတွေ ရှိတဲ့နေရာတွေ ပါဝင်သလို၊ အရွေးကောက်ခံ သမ္မတဒေါ်နယ်ထရန့်ရဲ့ Bedminster က ဂေါက်ကွင်းရှိရာ နေရာတွေလည်း ပါဝင်ပါတယ်။

ဒီပျံသန်းနေတဲ့အရာတွေဟာ လေယာဉ်တွေ ဖြစ်နိုင်သလို၊ ပျံသန်းနေတဲ့ ဒရုန်းတစင်းကို နေရာအတော်များများကနေ အထပ်ထပ်မြင်တွေ့နေရတာလည်း ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတချို့ကတော့ ပြောဆိုပါတယ်။ ဒါပေမဲ့လည်း ပြည်သူတချို့ကတော့ ဒါတွေဟာ ဒရုန်းတွေလား၊ UFO ခေါ် ပန်ကန်ပြားပျံတွေလားလို့ သို့လောသိုလော ဖြစ်နေကြပါတယ်။

Forum

XS
SM
MD
LG