သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ စိတ်ကြွဆေးသုံးစွဲသူ ပိုများလာ


ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများကို ဖျက်ဆီးစဉ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများကို ဖျက်ဆီးစဉ်။
ကမ္ဘာတဝှမ်း စိတ်ကြွဆေး ဖမ်းဆီးရမိမှုတွေဟာ ပြီးခဲ့တဲ့နှစ်ထဲ စံချိန်တင်လောက်အောင် များပြားခဲ့ရာမှာ မြန်မာနိုင်ငံဟာလည်း အဓိက ဖမ်းဆီးမိတဲ့ တိုင်းပြည်တခုအဖြစ်နဲ့ တွေ့ရှိရတဲ့အကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။

ဖမ်းဆီးမှုတွေ၊ မူးယစ်ဆေး စွဲလမ်းသူတွေကို ကုသမှုဆိုင်ရာ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ methamphetamine စိတ်ကြွဆေးတွေ အသုံးပြုမှုနှုန်းဟာ တိုးလာနေတဲ့အကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး (UNODC) ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံကလာတဲ့ methamphetamine စိတ်ကြွဆေးတွေကို အိမ်နီးချင်း တိုင်းပြည်တွေမှာ ဖမ်းဆီးရမိတာတွေဟာလည်း အရင်ထက်ပိုများခဲ့တယ်လို့ ပြောပါတယ်။

စိတ်ကြွဆေး အပါအဝင် မူးယစ်ဆေးဝါးတွေနဲ့ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုဗေဒပစ္စည်းတွေ ဖမ်းဆီးရရှိမှုဟာလည်း ပြီးခဲ့တဲ့နှစ်ထဲ မြန်မာနိုင်ငံမှာ သိသိသာသာ ပိုများလာခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြထားတာပါ။ ဘိန်းစိုက်ခင်းတွေနဲ့ စိုက်ပျိုးဖို့ အလားအလာရှိတဲ့ ဧရိယာဟာလည်း ပြီးခဲ့တဲ့နှစ်ထဲ ပိုများလာခဲ့ရာမှာ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကစလို့ အမြင့်ဆုံးအထိ ဖြစ်ခဲ့တယ်လို့လည်း UNODC ကပြောပါတယ်။

မြန်မာနိုင်ငံက ခန့်မှန်းခြေ ၃ သိန်းကနေ ၄ သိန်းကြားလောက်ရှိတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေဟာ ဘိန်းနဲ့ဘိန်းဖြူကိုသာ အဓိက သုံးစွဲနေကြတာဖြစ်ပေမဲ့ စိတ်ကြွဆေး အသုံးပြုမှုတွေ ပိုများလာမယ့် လက္ခဏာတွေ တွေ့နေရတဲ့ အကြောင်း ဖော်ပြထားတာပါ။

အရင်က စိတ်ကြွဆေးထုတ်လုပ်တဲ့ စက်ရုံတွေရှိရာ နယ်စပ်ဒေသက လူတွေလောက်သာ သုံးစွဲကြပေမဲ့ အခုအခါ တခြားမြို့ရွာတွေမှာပါ သုံးစွဲသူတွေကို တွေ့ရှိလာနေရတယ်လို့လည်း အစီရင်ခံစာက ဖော်ပြထားပါတယ်။
XS
SM
MD
LG