သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိတ်ကြွဆေးပြား နှစ်သန်းကျော် ရန်ကုန်မှာ ထပ်မံသိမ်းဆည်းရမိ


ပထအအကြိမ် ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးမိတဲ့ စိတ်ကြွဆေးပြားမာျး။
ပထအအကြိမ် ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးမိတဲ့ စိတ်ကြွဆေးပြားမာျး။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်မှာ WY စာတမ်းပါ စိတ်ကြွဆေးပြား ၂ သန်းနီးပါးနဲ့ ဖန်စီဒိုင်းပုလင်း ၅၀၀ ကျော် ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး ဒါဟာ ရန်ကုန်မြို့မှာ စတုတ္တအကြိမ် စိတ်ကြွဆေး အများအပြား ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ ဒီဖမ်းဆီးရမိမှုဟာ ဇူလိုင်လအတွင်းက မင်္ဂလာဒုံမြို့နယ်မှာ စိတ်ကြွဆေးပြား ၂၆ သန်းကျော် ဖမ်းဆီးရမိတာနဲ့ ဆက်စပ်နေတယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သုံးသပ်ထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အခုလို စိတ်ကြွဆေးပြား အများအပြားကို တနင်္လာနေ့ နေ့ခင်းပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ၁၁၀ ရပ်ကွက် ဂန္ဓမာလမ်းက အိမ်တအိမ်မှာ နယ်မြေခံ ရဲတပ်ဖွဲ့က သတင်းအရ ဝင်ရောက် ရှာဖွေရာကနေ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားပမာဏကို နေပြည်တော် မူးယစ်ဗဟိုက ဒုရဲမှူးကြီး ဇော်လင်းထွန်းက အခုလို ပြောပါတယ်။

“စိတ်ကြွဆေးပြားပေါ့ဗျာ။ အားလုံးက ၁.၉ သန်းပေါ့ဗျာ။ နောက်ပြီးတော့ ကျနော်တို့ ဖန်စီဒိုင်းမိတယ်ပေါ့။ အလုံး ၅၀၀ ကျော်လောက်ပေါ့။ ဒီဟာကတော့ ၁.၆ တန်လေ။ မင်္ဂလာဒုံ ဇေကမ္ဘာဝင်းနားမှာ မိတယ်။ အဲဒီရဲ့ ကွင်းစက်ပေါ့နော်။ ဆက်မိတာပါ။”

ဒီဖမ်းဆီးရမိတဲ့နေအိမ်ဟာ ကုလားတန်မြစ်ဝှမ်း ဒေသဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ Kaladan Delta Development Company က မန်နေဂျင်းဒါရိုက်တာ ဦးမင်းဦးခိုင် နေအိမ်မှာ ဖမ်းဆီးရမိတာဖြစ်ပြီး ဦးမင်းဦးခိုင်ကို စက်တင်ဘာလ ၁၅ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဖမ်းဆီးရမိခဲ့တဲ့နောက် သူရဲ့နေအိမ်ကို ရှာဖွေရာကနေ စိတ်ကြွဆေးပြားတွေကို ထပ်မံ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ ဒီလို ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးတွေရဲ့ ကာလတန်ဖိုးဟာ အနည်းဆုံး ကျပ်ငွေ သန်း ၁ သောင်းဖိုးလောက် ရှိတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းမှာ ကွန်တိန်နာ ကုန်တင်ယာဉ်တစီးပေါ်ကနေ စိတ်ကြွဆေး ၂၆ သန်း၊ ကာလတန်ဖိုး ကျပ်ငွေ ၁၃၃ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၁၀၀ကျော်) ကို ပထမဆုံးအကြိမ် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဒုတိယတကြိမ်ကတော့ သြဂုတ်လ ၃ ရက်နေ့က မြောက်ဒဂုံမြို့နယ်က လူမရှိတဲ့ နေအိမ်အတွင်းကနေ အတွင်းမှာ စိတ်ကြွဆေးပြား ၁၅ သိန်း၊ ကာလတန်ဖိုး ကျပ်ငွေ သန်း ၇၅၀၀ ဖိုးကို ဖမ်းဆီးရမိခဲ့ပါတယ်။ တတိယအကြိမ်ကတော စိတ်ကြွဆေးပြား ၆ သိန်းနီးပါးနဲ့ ဘိန်းဖြူ ဘလောက်တုံးတတုံး ကာလတန်ဖိုး ကျပ်သန်း ၃ ထောင်ကျော်ဖိုးကို သြဂုတ်လ ၁၂ ရက်နေ့က သာကေတမြို့နယ်၊ အမှတ် (၇) အနောက်ရပ်ကွက်ရှိ ရေမြောင်းအတွင်းကနေ ပိုင်ရှင်မဲ့ ထပ်မံ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။

ဒီဖမ်းဆီးရမိတာတွေဟာ ပထမဆုံးအကြိမ် မင်္ဂလာဒုံမြို့နယ်မှာ ဖမ်းဆီးရမိတာနဲ့ ဆက်စပ်နေပြီး လောလောဆယ် ဖမ်းဆီးရမိသူ ၉ ယောက်ရှိထားပြီလို့လည်း ဒုရဲမှူးကြီး ဇော်လင်းထွန်းက ပြောပါတယ်။

“ဖမ်းမိတာကတော့ အခု ၉ ယောက်လောက် မိထားပြီပေါ့နော်။ ၁၁ ယောက်လောက်တော့ မိဖို့ ကျန်သေးတယ်။”

ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးနဲ့ မူးယစ်ဆေးတန်ဖိုးဟာ ဒေါ်လာငွေ သန်းနဲ့ချီ ရှိတာကြောင့် ဒီလုပ်ငန်းကို ကြီးမားတဲ့ အဖွဲ့အစည်းတခုက ဆောင်ရွက်နေတာ ဖြစ်နိုင်ကြောင်းလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ မှာ ၁၉၉၉ ခုနှစ်ကစပြီး မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် ၁၅ နှစ် စီမံကိန်း ချမှတ် အကောင်အထည်ဖော်ခဲ့ရာမှာ၂၀၁၄ အထိ ဘိန်းနဲ့ စိတ်ကြွဆေး ထုတ်လုပ်မှု ပမာဏ ဆက်လက် မြင့်လာနေတဲ့အတွက် ၂၀၁၉ ခုနှစ်အထိ စီမံကိန်းကာလကို နောက်ထပ် ၅ နှစ် တိုးမြှင့်ထားရပါတယ်။

UNODC ခေါ် ကုလသမဂ္ဂ ရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ကတော့ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ စိတ်ကြွဆေးဝါးတွေ အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်တယ်လို့ ထုတ်ပြန်ထားသလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်အတွက် ထုတ်ပြန်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှစ်ပတ်လည် အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေဟာ နိုင်ငံတကာ သဘောတူစာချုပ်ပါ အချက်တွေကို အပြည့်အ၀ လိုက်နာဆောင်ရွက်ခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG