သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုချီးရာတန်းရွာ အကြမ်းဖက်မှု လူ့အခွင့်အရေးကော်မရှင် ကွင်းဆင်းလေ့လာ


မောင်းတောမြို့နယ်၊ ဒုချီးရာတန်းကျေးရွာ အကြမ်းဖက်မှုအား ကော်မရှင်က ကွင်းဆင်းစစ်ဆေးစဉ်။ (ဓာတ်ပုံ-MOI)
မောင်းတောမြို့နယ်၊ ဒုချီးရာတန်းကျေးရွာ အကြမ်းဖက်မှုအား ကော်မရှင်က ကွင်းဆင်းစစ်ဆေးစဉ်။ (ဓာတ်ပုံ-MOI)
မြန်မာနိုင်ငံ အနောက်ခြမ်း မောင်းတောမြို့နယ် ဒုချီးရားတန်ကျေးရွာမှာ ပြီးခဲ့တဲ့လအတွင်းက အကြမ်းဖက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေရာမှာ စွပ်စွဲချက်တွေအပေါ် ခိုင်မာတိကျတဲ့ အထောက်အထားတွေ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ရဲတပ်ကြပ်ကြီးသေဆုံးလို့ အခင်းဖြစ်ပွားခဲ့တဲ့ ကျေးရွာမှာရှိတဲ့ ကျေးရွာသား အတော်များများကတော့ ရှောင်တိမ်းနေကြတုန်းပဲလို့ သိရပါတယ်။ လူ့အခွင့်အရေး ကော်မရှင်ရဲ့ စုံစမ်းမှုတွေနဲ့ပတ်သက်လို့ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

ဒုချီးရာတန်ကျေးရွာအပါအဝင် တင်းမာမှုရှိနေတဲ့ ဒေသတွင်းက ကျေးရွာတွေကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ကတည်းက ရောက်ရှိပြီး စုံစမ်းမှုတွေ ပြုလုပ်နေတာပါ။ ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်ပါအဝင် ကော်မရှင်လူကြီး လေးဦးဟာ သူတို့အနေနဲ့ အဲဒီဒေသတွင်း လွတ်လွတ်လပ်လပ်စုံစမ်းခွင့်တွေရခဲ့တယ်လို့ ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ဗွီအိုအေကို ပြောပါတယ်။

“ကျေးရွာတွေကို ကျနော်တို့ အားလုံးရောက်ခဲ့ပါတယ်။ မီးလောင်တဲ့ အနောက်ရွာလည်း ကြည့်ခဲ့ပါတယ်။ နောက်ပြီး ကျေးရွာသချုႋင်းကုန်းလည်း မြှုပ်တယ်၊ နံတယ်ဆိုတာလည်း ကျနော်တို့ သွားကြည့်ခဲ့ပါတယ်။ အခုချိန်ထိအောင်တော့ အတည်ပြု စုံစမ်းရရှိတာတော့ မရှိသေးဘူး။”

ဇန်နဝါရီ ၁၃ ရက်နေက ကင်းလှည့်လာတဲ့ ရဲတပ်ဖွဲ့နဲ့ ဒေသခံကျေးရွာသားအချို့ ပြဿနာဖြစ်ပြီး ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးခဲ့တဲ့နောက် ရဲလုံခြုံရေးနဲ့ ကျေးရွာကို ညပိုင်း ဝင်ရောက်ရှာဖွေရာမှာ အနီးအနားကျေးရွာသားအချို့က ကျေးရွာတွင်း ဝင်ရောက်လုယက်မှုတွေလုပ်တယ်၊ အဲဒီမှာ ပြဿနာ ထပ်ဖြစ်ပြီး အသေအပျောက်တွေရှိတယ်ဆိုပြီး သတင်းဖြစ်ခဲ့တာပါ။ ဒီအခြေအနေတွေ အပေါ်မှာတော့ တိကျခိုင်လုံတဲ့အထောက်အထားမျိုးတွေ မရခဲ့ဘူးလို့ ဦးစစ်မြိုင်က ဖြေကြားပါတယ်။

“ပစ္စည်းတွေလုတာတော့ ကျနော်တို့အနေနဲ့ မပြောနိုင်ဘူး။ ဘာလို့လဲဆို ရက်က ကွာသွားပြီဆိုတော့လေ။ ဒါပေမယ့်လို့ သူတို့အိမ်က ဆန်စပါးတွေ အချို့ ပျောက်ဆုံးတယ်ဆိုတာမျိုးတော့ ကျနော်တို့ ဝင်ကြည့်ခဲ့တဲ့ အိမ်တစ်အိမ်ရဲ့ အနေအထားအရတော့ ဆန်စပါး ပျောက်ဆုံးတာတော့ ကျနော်တို့ တွေ့ရတယ်။ ဇန်နဝါရီလ (၉) ရက်နေ့မှာ လူ (၈) ယောက် အသတ်ခံရတယ်ဆိုတဲ့ သတင်း၊ ဒါလည်း မြေပြင်မှာ သတင်းမရှိဘူး။ အင်တာနက်ကရလို့ပဲ သူတို့ ကြားတယ် ဆိုတာပဲ ကျေးရွာလူထုက သိတယ်။ နောက် ကျနော်တို့ ဒုချီးရာတန်းရွာမှာတော့ ထင်းခုတ်သမားတစ်ဦးက ပြောတယ်ဆိုပြီး သတင်းထွက်တယ်။ ဒါပေမယ့် အဲဒီ ထင်းခုတ်သမားက ဘယ်သူလဲ ဆိုတဲ့အခါကျတော့ ကျနော်တို့ စုံစမ်းလို့ မရဘူး။
“နောက် လူ (၄၀) သတင်းကတော့ လုံးဝ မရဘူး။ မြေပြင်သတင်း လုံးဝမရဘူး။”

မေး။ ။ အဲဒီကျေးရွာတွေမှာ အမျိုးသမီးနဲ့ကလေးငယ်တွေ အများစုဖြစ်ပြီးတော့ ယောက်ကျားတွေ မရှိသလောက်နည်းပါးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိပါတယ်။ ဟုတ်ပါသလား။

ဖြေ။ ။ အဲဒါတွေကတော့ အမျိုးသားတွေက ရှောင်တိမ်းနေလို့ပါ။ ကျေးရွာရဲ့လူဦးရေ အရေအတွက်အရ နည်းတာမဟုတ်ပါဘူး။ အမျိုးသားတွေက ရှောင်တိမ်းတော့ နယ်ရွာမှာက အမျိုးသမီးတွေပဲ တချို့တဝက်ပြန်လာတဲ့အခါမှာ အမျိုးသမီးတွေပဲ ရှိတာ ဒီသဘောပါ။

မေး။ ။ ဟုတ်ကဲ့။ ရှောင်တိမ်းနေတဲ့လူပေါ့။ ခန့်မှန်းခြေ ဘယ်လောက်လောက် ရှိလဲခင်ဗျ။

ဖြေ။ ။ ဒုချီးရာတန်းအလယ်ရွာကတော့ တစ်ရွာလုံးပဲ။

မေး။ ။ အလယ်ရွာက တစ်ရွာလုံးပဲ ရှောင်တိမ်းနေကြတယ်ဆိုတော့ အလယ်ရွာမှာရှိတဲ့လူတွေ လုံးလုံး မရှိတော့တဲ့သဘောပေါ့။

ဖြေ။ ။ မဟုတ်ဘူး၊ အမျိုးသမီးတွေက ပြန်လာပြီ။ သူတို့ လွှတ်တော် အမတ်တွေနဲ့ နယ်မြေခံတွေနဲ့ စည်းရုံးလို့ရတဲ့သူတွေနဲ့ ပြန်စည်းရုံးတော့ အမျိုးသမီးတွေတော့ တဝက်လောက်ပြန်လာပြီ။ ဒေသတွင်းမှာတော့ အခြေအနေတွေအပေါ် ဒေသခံတွေအကြား စိုးရိမ်မှုတွေရှိပြီး တင်းမာမှုတွေလည်း ရှိနေဆဲဖြစ်တယ်လို့ ဦးစစ်မြိုင်က ပြောပါတယ်။

“စိုးရိမ်ထိတ်လန့်မှုဆိုတာတော့ ရှောင်တိမ်းနေတဲ့ရွာက အမျိုးသမီးတွေမှာတော့ စိုးရိမ်ကြောက်ရွံ့မှုတွေ တွေ့ရပါတယ်။ ကျန်တဲ့ရွာတွေကတော့ ပုံမှန်ပါပဲ။”

မေး။ ။ ဟုတ်ကဲ့။ တင်းမာမှု အခြေအနေရော ဘယ်လို ရှိပါသလဲ။ လူမှု အသိုင်းအဝိုင်းနှစ်ဘက်မှာ။

ဖြေ။ ။ တင်းမာမှုကတော့ဗျာ၊ ရဲတပ်ကြပ်ကြီးတစ်ယောက် သတ်လိုက်မှတော့ နှစ်ဘက်တော့ တင်းမာမှု ရှိတာပေါ့ဗျာ။ စိုးရိမ်မှု၊ တင်းမာမှု ရှိတာပေါ့။

မေး။ ။ ဟုတ်ကဲ့၊ လုံခြုံရေးအခြေအနေရော ဘယ်လိုရှိပါသလဲ။ လုံခြုံရေး ချထားတုန်းလား။

ဖြေ။ ။ လုံခြုံရေးကတော့ ကောင်းပါတယ်။ ရဲလုံခြုံရေးတပ်ရင်းက တော်တော်လေး ဖိဖိစီးစီး လုပ်ပေးနေပါတယ်။ ကျနော်တို့ ရဲမှူးချုပ်နဲ့လည်းတွေ့ပြီးတော့ သေချာမေးခဲ့ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ကတော့ ဒီနေ့ စစ်တွေကို ပြန်ရောက်နေပြီဖြစ်ပါတယ်။ အဲဒီကနေ ရန်ကုန်ပြန်ရောက်ရင် ကော်မရှင် အစည်းအဝေးလုပ်ပြီး အသေးစိတ်သုံးသပ်ချက်ကို အများပြည်သူကို ထုတ်ပြန် သွားဖို့ရှိပါတယ်။ မောင်းတောမြို့နယ်အတွင်း ပြီးခဲ့တဲ့လက အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းကြောင့် အမေရိကန်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းအချို့က စိုးရိမ်မကင်းကြောင်းနဲ့ ဒီအပေါ် စုံစမ်းမှုတွေလုပ်ဖို့ တောင်းဆိုထားကြတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ရခိုင်ပဋိပက္ခစုံစမ်းရေး ကော်မရှင်ကလည်း အဲဒီဒေသကို သွားရောက်လေ့လာခဲ့ပြီး စွပ်စွဲချက်တွေ အပေါ်မှာ တိကျတဲ့ အထောက်အထားတွေ မရခဲ့ဘူးလို့ ဖြေရှင်းခဲ့ပါတယ်။
XS
SM
MD
LG