သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်း ဆန္ဒပြ သူတွေကို လမ်း ပိတ်ဆို့မှု ဒေသကုန်စည် စီးဆင်းရေး ခက်ခဲ


 ကြေးနီစီမံကိန်း ဖျက်သိမ်းရေးနဲ့ သီးနှံလျော်ကြေးပေးဖို့ တောင်းဆိုတဲ့ဒေသခံတွေ ကိုပိတ်ဆုံးတားဆီးနေစဉ်။
ကြေးနီစီမံကိန်း ဖျက်သိမ်းရေးနဲ့ သီးနှံလျော်ကြေးပေးဖို့ တောင်းဆိုတဲ့ဒေသခံတွေ ကိုပိတ်ဆုံးတားဆီးနေစဉ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးနဲ့ မြေယာနစ်နာကြေးမယူထားတဲ့လယ်တွေ အတွက် သီးနှံလျော်ကြေးပေးဖို့ တောင်းဆိုတဲ့ဒေသခံတွေ ဆန္ဒပြနေတဲ့အတွက် ပုသိမ်-မုံရွာ ကားလမ်း ပိတ်ဆို့တားဆီးထားပြီး ကုန်စည်စီးဆင်းမှုတွေ အခက်အခဲတွေဖြစ်နေပါတယ်။ ဆန္ဒပြသူတွေရှိရာကို ဒီနေ့မှာတော့ ယင်းမာပင် ခရိုင်အထွေအထွေအုပ်ချုပ်ရေးမှူး လာရောက်ခဲ့ပြီး မနက်ဖန်မှာ မြန်မာ ဝမ်ပေါင်က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးမယ်လို့ ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ လက်ပံတောင်းတောင်မှာ တည်ဆောက်နေတဲ့ ကြေးနီစီမံကိန်း ကြောင့် မြေသိမ်းယူခံရတဲ့ ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြမူတွေကြောင့် ပုသိမ်-မုံရွာ ကားလမ်းကို တနင်္လာနေ့မှာ ရဲအင်အားတွေနဲ့ သံဆူးကြိုးတွေနဲ့ ပိတ်ဆို့ထားတဲ့အတွက် ခရီးသွားကားတွေ ရော ဒေသထွက်ကုန်တွေရောင်းချတဲ့ ကုန်သည်တွေပါ အခက်အခဲ တွေ့ရတယ်လို့ဒေသခံ တောင်သူတဦးကသုံးသပ် ပြောဆိုပါတယ်။

“ဒီဘက်က အဝေးပြေးလမ်းမကြီး ၊ လမ်းဆုံဆိုတော့ အဲဒီမှာ မှန်လုံကားတွေ မန္တလေး-ရန်ကုန် ဒါရိုက်ကားတွေလည်း ရှိတာပေါ့နော်။ အဲဒီက မြို့နယ်တွေလည်းတော်တော်လေး အုပ်စုများတဲ့အတွက် မုံရွာ ဒါရိုက်ကနေပြီး အရောင်းအဝယ်သမားတွေလည်းရှိတယ်။ အဲဒီကားတွေကိုလည်း ရပ်ထားရတာပေါ့။ ပိတ်ထားတာဆိုတော့။ သူတို့အများကြီး အချိန်တွေ ဆုံးရှုံးသွားတာပေါ့ ။ အဝေးပြေးလမ်းဆိုတော့နော်။ ဒီဘက်က မိုးရာသီကျရင် ကားတွေက ဆက်သွယ်ရေးတွေက လုံးဝမကောင်းဘူး ရွံ့တွေရှိကြတော့၊ ဒီနှစ်ရတဲ့သီးနှံကို ပွဲရုံကိုရောင်းတယ်၊ တနှစ်စာကို ဆန်၊ ဆီ၊ ဆား၊ ငပိတွေ အကုန်ဝယ်ပြီးတော့ အကုန်ပြန်ကြတာပေါ့။ အချိန်နဲ့အချိန် ကိုယ့်ရွာကို ပြန်ရောက်ရတာပေါ့။ ဒေသခံတွေက ဆိုင်ကယ်နဲ့ တနိုင်တပိုင် အရောင်းအဝယ်သမားလည်းရှိပါတယ်။ ဆိုင်တွဲသမားတွေလည်းရှိပါတယ်။လုံးဝမဖွင့်ပေးပါဘူး။ အာဏာပိုင်တွေဘက်ကတော့ နာရေးကားတွေ၊ လူနာတင်ကားတွေတောင်မှလုံးဝမဖွင့်ပေးပါဘူး။”

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ကစပြီး ဒေသခံတွေက ဆန္ဒပြနေကြတာပါ။ သီးနှံ လျော်ကြေး တောင်းဆိုတဲ့ တောင်သူတွေ လာရာလမ်းဖြစ်တဲ့ ပုသိမ်-မံုံရွာလမ်းကို အာဏာပိုင်တွေက ရဲအင်းအားတွေနဲ့ မကြာခဏ ပိတ်ဆို့ခဲ့ပါတယ်။ ဒီကနေ့မှာတော့ တရက်ခြားခန့် ဆိုသလို ဆန္ဒထုတ်ဖော်နေတဲ့ တောင်သူတွေရှိရာနေရာကို ယင်းမာပင်ခရိုင် အထွေအထွေအုပ်ချုပ်ရေးမှူးက လာရောက်ခဲ့ပြီး မြန်မာဝမ်ပေါင် ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ တွေဆုံပေးမယ်လို ကတိပေးခဲ့တယ်လို့ ဒေသခံ တောင်သူတဦးက ပြောပါတယ်။

“ဒေသခံတွေ ဆုံးရှုံးနစ်နာလို့ သီးနှံလျော်ကြေးတောင်းဖို့လာတွေ့ဆုံတာပါ။ တွေ့ဆုံဖို့ကလည်း လုံးဝအကြောင်းမပြန်တဲ့အတွက် ဦးဇော်မျိုးညွန့် ခရိုင်အုပ်ချုပ်ရေးမှူးတာဝန်အနေနဲ့ ဘာများ လုပ်ဆောင်ပေးနိုင်မလဲလို့ လူကိုယ်တိုင်သွားမေးတော့ မနက်ဖြန်ကို ၂၆ ရက်နေ့ ၁၂ နာရီမှာ ဆက်ဆံရေးရုံးမှာ တာဝန်ခံ တာဝန်ယူမှုရှိတဲ့ လူတွေကိုလည်းခေါ်ခဲ့ပါ။ ကျမတို့က လျော်ကြေးမယူထားတဲ့ တောင်သူတွေနဲ့ တွေ့ဆုံ ညှိနှိုင်းဖို့ရာအတွက် သီးနှံလျော်ကြေးရရှိဖို့ရာကျမတို့ ဆွေးနွေးဖို့ရန် တောင်းဆိုလိုက်တယ်။ သူ တာဝန်ယူ၊ တာဝန်ခံလိုက်ပါတယ်။”

ဒေသခံတွေက သီးနှံလျော်ကြေး တောင်းဆိုတာတွေလုပ်တဲ့အတွက် ဒေသခံ တောင်သူ ၆၆ ဦးကို ပုဒ်မ ၁၈နဲ့ ဆာလင်းကြီးမြို့နယ် အာဏာပိုင်တွေက တရားစွဲဆိုထားပါတယ်။ ဒီကနေ့ မှာတော့ တောင်သူတွေက ညောင်းပင်ကြီး ရဲစခန်းရှေ့မှာစုရုံးပြီး သူတို့ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတဲ့ ကိစ္စကို မေးမြန်းတဲ့အခါမှာတေ့ာ ရဲစခန်းက တာဝန်ယူဖြေကြားတာမျိုးမလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကို ကုမ္ပဏီတွေက မြေယာသိမ်းပြီး လုပ်ဆောင်ခဲ့တယ်ဆိုပြီး စီမံကိန်း ဖျက်သိမ်းပေးရေးအတွက် ဒေသခံတွေက လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကတည်းက အကြိမ်ပေါင်း ၂၈၀ ကျော် ဆန္ဒပြခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ ဒီစီမံကိန်း နယ်မြေမှာရှိတဲ့ကျေးရွာတွေကို လွန်ခဲ့တဲ့ ၅ နှစ်ခန့်ကစပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။ ဆန္ဒပြနေတဲ့ ကျေးရွာတွေကတော့ နစ်နာကြေး မယူထားတဲ့ ကျေးရွာတွေဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းကလည်း ကန့်ကွက်ဆန္ဒပြတာကြောင့် လုံခြုံရေးဝန်ထမ်းတွေက သေနတ်နဲ့ ပစ်ခတ်ခံရလို့ တောင်သူတဦး သေဆုံးပြီး ဒေသခံ ၁ ဒါဇင်လောက်လည်း သေနတ်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

XS
SM
MD
LG