သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေး−တမူးလမ်း ပိတ်လို့ ကုန်ဈေးနှုန်းနဲ့ သွားလာစရိတ်တွေ အဆမတန်တက်


မှတ်တမ်းဓါတ်ပုံ | ကလေးဒေသအတွင်း စစ်ဘေးရှောင်ဒုက္ခသည်များ (ဓါတ်ပုံ - စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ)
မှတ်တမ်းဓါတ်ပုံ | ကလေးဒေသအတွင်း စစ်ဘေးရှောင်ဒုက္ခသည်များ (ဓါတ်ပုံ - စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ)

စစ်ကိုင်းတိုင်း၊ ကလေး-တမူး ကားလမ်းမကို တိုက်ပွဲအခြေအနေကြောင့် အသွားအလာ ကန့်သတ်ထားတာ ရက်သတ္တပတ် ၂ပတ်ကျော်လာတာနဲ့အမျှ ကုန်ရောင်းကုန်၀ယ် သွားလာမှုတွေ ပိုခက်ခဲလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သွားလာစရိတ်တွေ အရင်ကထက် အဆမတန် တက်သွားပြီး ကုန်စည်ဈေးတချို့ သိသိသာသာ တက်သွားတယ်လို့ ပြောပြကြပါတယ်။ တမူး−ကလေး လမ်းပိတ်လို့ ကြုံနေရတဲ့ အခက်အခဲတွေအကြောင်း မဆုမွန်က တင်ပြပေးပါမယ်။

အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအတွက် အရေးပါသလို၊ ရန်ကုန် နဲ့ မန္တလေးလို မြို့ကြီးတွေနဲ့ ကူးသန်းသွားလာရာမှာလည်း အချက်အချာကျတဲ့ စစ်ကိုင်းတိုင်း၊ ကလေး-တမူးကားလမ်းမကြီးကို ပိတ်ထားတာ ရက်၂၀နီးပါးရှိပြီဖြစ်လို့ ဒေသခံတွေက ပြောပါတယ်။ သွားလာရေး မလွယ်ကူတော့တာကြောင့် အရေးကြီးပို့ကုန်နဲ့ ပုပ်သိုးလွယ်တဲ့ သီးနှံကုန်တွေ သယ်ယူပို့ဆောင်ဖို့ ခက်ခဲလာတယ်လို့ ကုန်တင်ယာဥ်မောင်းတဦးက ဗွီအိုအေကို ပြောပြပါတယ်။

"လမ်းပိတ်နေတာ ရက် ၂၀ လောက်ရှိပြီ။ ကလေး-တမူးကြား ဘုတ်ကန်ရွာကနေ စပိတ်တာ။ ကားဆရာတွေက အဲဒီဘုတ်ကန်ရွာထဲမှာ ကားတွေ ထားခဲ့ပြီးတော့ တမူးဘက်ကို အိန္ဒိယဘက်ကနေ ဆိုင်ကယ်ကယ်ရီနဲ့ လာရတာပေါ့ဗျာ။ အဲလိုမျိုး တကူးတက လာနေရတာ။ အရေးကြီးတဲ့ကုန်တွေ၊ ပုပ်ကုန်အသီးအနှံတွေ အကုန်လုံးကို ဘုတ်ကန်မှာ အိန္ဒိယနယ်စပ်ရှိတယ်လေ၊ အဲဒီရွာကနေပြီးမှ တမူးနယ်စပ် မိုးရေးကို ရောက်လာတာပေါ့။"

တမူးမြို့နယ်က ပန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ အဖွဲ့ဝင်တွေကို တမူးဒေသခံ ကာကွယ်ရေးတပ်တွေက ပြီးခဲ့တဲ့ ဇွန်လ၁၅ရက်နေ့တုန်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းကတည်းက ပုံမှန်လမ်းကြောင်းအတိုင်းကလေး-တမူး လမ်းမကြီးပိုင်းကို အသုံးပြုလို့ မရတော့တာပါ။ သွားလာရေးအတွက် ဆိုင်ကယ်တွေကိုပဲ သုံးရတဲ့အခါ ဆိုင်ကယ်ကယ်ရီငှားခ ကလည်း ထက်ဝက်နီးပါး တက်သွားတယ်လို့ ပြောပါတယ်။

"လူတယောက်ထဲကို ဆိုင်ကယ်နဲ့ ဘုတ်ကန်ကနေ တမူးရောက်ဖို့ တယောက်ကို ၅ သောင်း အဲလိုမျိုးတွေ တောင်းနေတာပေါ့။ ကြားထဲမှာ အဲလိုမျိုးတွေ ဖြစ်နေတာ။ ကားလမ်းပိတ်နေတာက ကြာဦးမယ်လို့လည်း ပြောနေကြတယ်။"

သယ်ယူစရိတ်တွေ များလာတာနဲ့အမျှ ကုန်စည်စျေးတချို့ တက်လာပြီး၊ စက်သုံးဆီလည်း ပြတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လမ်းကြောင်း ပြောင်းလဲ သွားလာရတာတွေကြောင့် ကုန်ကျစရိတ် ပိုများတယ်လို့ တမူးဒေသခံတဦးက ပြောပါတယ်။

"ဓာတ်ဆီတော့ ပြတ်သွားပြီ။ လောလောဆယ် စက်သုံးဆီက ပြတ်နေပြီ။ စားသောက်ကုန်က အသီးအနှံတော့ စျေးတက်တယ်ဗျ။ ကျန်တာတော့ မပြောတတ်ဘူး။ ဆေးဝါးတွေကတော့ မတက်ပါဘူး။ ခရမ်းချဉ်သီးဆို တပိဿာကို ၁ သောင်းကျော်သွားပြီ၊ တခါမှတောင် မကြုံဖူးဘူး။ ခရီးသွားရတာလည်း အခုဟာက မလွယ်တော့ဘူး။ အခု ကလေး-တမူးကို အရင်က ၂ သောင်းလောက်နဲ့ရတယ်၊ အခု ၇ သောင်းလောက်ကုန်တယ်၊ လမ်းကြောင်းတွေက ၂ ဆင့်ဖြစ်နေတာ။"

စစ်ကိုင်းတိုင်းထဲက ဒေသခံကာကွယ်ရေး အဖွဲ့တွေနဲ့ စစ်ကောင်စီကြားက လက်နက်ကိုင်တိုက်ပွဲ အခြေအနေတွေကြောင့် ခုလိုကလေး-တမူး လမ်းမ ကန့်သတ်တာတွေ ကတော့ မကြာခဏဆိုသလို ဖြစ်နေတာပါ။တမူးမြို့မှာ ည၈နာရီနောက်ပိုင်း အပြင်မထွက်ဖို့ လည်း အာဏာပိုင်တွေက အမိန့်ထုတ်ထားပြီး၊ ဒေသခံတွေကတော့ လုံခြုံရေး အခြေအနေကြောင့် ညနေ၆နာရီလောက်ကစပြီး အသွားအလာ သိပ်မလုပ်ကြတော့ဘူးလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG