သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် မြန်မာ့ငြိမ်းချမ်းရေး ရှေ့မတိုးနိုင်ဟု UNFC ဝေဖန်


KNU တပ်ဖွဲ့ဝင်များ
KNU တပ်ဖွဲ့ဝင်များ

NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ပါ အစိုးရတပ်တို့ကြား တိုက်ပွဲတွေဖြစ်နေတဲ့အတွက် မြန်မာ့ငြိမ်းချမ်းရေး အလားအလာက အတော်လေးကို အနုတ်လက္ခဏာဆောင်နေတဲ့ အခြေအနေဖြစ်လာနေတယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီUNFC ရဲ့ ပြောခွင့်ရက ပြောဆိုလိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ငြိမ်းချမ်းရေးဦးဆောင်နေပေမဲ့လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တပ်မတော်နဲ့အစိုးရကြား ညှိနှိုင်းမရတဲ့ အနေအထားကြောင့် မြန်မာ့ငြိမ်းချမ်းရေးက ရှေ့ဆက်ရခက်နေပေမဲ့ UNFC အနေနဲ့ကတော့ NCA လမ်းကြောင်းပေါ်မှာသွားဖို့သဘောထား ရှိနေသေးတုန်းပဲ လို့ဆိုပါတယ်။ အပစ်ရပ်အဖွဲ့တွေရှိနေတဲ့တိုင်းရင်းဒေသမှာကို လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်မှုတွေလည်း ရှိနေတယ်လို့လည်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်ကလည်း ဒီကနေ့ကြေညာချက်ထုတ်ပြန်ပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။

တနိုင်လုံးအတိုင်းအတာနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို အရင်အစိုးရလက်ထက်တုန်းက အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့ထိုးခဲ့ပြီး NLD အစိုးရလက်ထက်မှာတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၂)ဖွဲ့က ထပ်ထိုးလိုက်တဲ့အတွက် အပစ်ရပ်အဖွဲ့(၁၀)ဖွဲ့က ရှိသွားပါပြီ။ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း NCA လမ်းကြောင်းအတိုင်း သွားဖို့ ဆန္ဒသဘောထားရှိကြပါသေးတယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီUNFC ရဲ့ ပြောခွင့်ရက ဒီကနေ့ပြောဆိုတယ်။

ဒါပေမဲ့လို့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးအပါအဝင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်တွေနဲ့ပါ အစိုးရတပ်တို့ကြား ဒီရက်ပိုင်းတွေမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့အနေအထားက မြန်မာ့ငြိမ်းချမ်းရေး အလားအလာစိုးရိမ်စရာကောင်းပြီး အတော်လေးအနုတ်လက္ခဏာဆောင်တဲ့အနေအထားဖြစ်နေတယ်လို့ UNFC ရဲ့ ပြောခွင့်ရဦးထွန်းဇော်က ဗွီအိုအေမြန်မာပိုင်းက ပြောပါတယ်။

" ရှေ့ဆက်ပြီးတော့ ကျနော်တို့ကတော့ ဒီNCA လမ်းကြောင်းပေါ်မှာ သွားဖို့ သဘောထားကတော့ ရှိနေတုန်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ NCA လမ်းကြောင်းပေါ်မှာ သွားတဲ့အခါမှာ အခုက အကန့်အသတ်တွေ လုပ်နေတယ်ပေါ့လေ ဒီအစိုးရနဲ့ တပ်မတော်ဘက်က။ အဲ့ဒီ့တော့ ကျနော်တို့က ရှေ့ဆက်သွားဖို့ အတော်လေး ခက်နေတဲ့အနေအထားကို ရောက်နေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ နောက်တခုက ကျနော်တို့မြင်တာက မြန်မာ့ငြိမ်းချမ်းရေးက အတော်လေးကို အနုတ်ဘက်ကို သွားနေတယ်လို့ မြင်တယ်။ အခု လက်မှတ်ရေးထိုးတဲ့ အဖွဲ့ ၈ဖွဲ့ထဲမှာတောင် အတော်လေး အဆင်ပြေတယ်လို့ ကျနော်တို့မြင်ထားတာက KNU နဲ့ အဆင်ပြေတယ်လို့ မူလကမြင်တယ်။ ဒါပေမဲ့ KNU နဲ့က အဆင်မပြေဘူး အခုက အတော်လေးကို အခြေအနေဆိုးလာတယ်ပေါ့။ အခုတပ်မဟာ(၅)ဘက်မှာ ဒုက္ခသည်က နှစ်ထောင်ကျော်လောက်ကို ဖြစ်လာတယ်။ ပြီးရင် RCSS နဲ့က ဖြစ်နေတာကြာပြီပေါ့ဗျာ။ တောက်လျောက်ကို တိုက်ပွဲတွေက မြေပြင်မှာ ထိတွေ့မှုတွေဖြစ်နေတယ်။ ဒါကို NCA ယန္တယားအောက်ကနေ ညှိနှိုင်းအဖြေရှာလို့လည်း မရဘူးပေါ့နော်။ ဒီအတိုင်း လုံးချာလိုက်နေတာကို ကျနော်တို့တွေ့ရတယ်။ ဒါကတော့ မြေပြင်မှာ ထိတွေ့မှု အနေအထားပေါ့။

ထိုနည်းတူစွာပဲ NCA လက်မှတ်ရေးထိုးပြီးတော့ ရှေ့ဆက်တက်လှမ်းဖို့ ကြိုးစားတဲ့ ကျနော်တို့ UNFC အဖွဲ့အစည်းနှစ်ဖွဲ့ဆိုရင်လည်း ဥပမာ မွန်ပြည်သစ်ပါတီဆိုရင်လည်းပဲ ပြီးခဲ့တဲ့ လ ၁၃ရက်နေ့မှာပဲ လက်မှတ်ရေးထိုးတယ်။ အဲ့ဒီ့လက်မှတ်ရေးထိုးတဲ့ NCA အကြောင်းကို ရှင်းလင်းပွဲလုပ်မယ့် လူထုတွေ့ဆုံပွဲ လုပ်မယ့်ကိစ္စကိုတောင် တပ်မတော်ဘက်က ကန့်သတ်ချက်တွေ လုပ်နေလို့ဒီနေ့ အမျိုးသားအဆင့်ဆွေးနွေးပွဲတွေမှာ အဆင်မပြေမှုတွေ ဖြစ်နေတယ်။ ဒီလိုမျိုး အဖုအထစ်တွေက အများကြီးပေါ့ ဆိုတော့ NCA ယန္တယားကနေပြီးတော့မှ ပြဿနာကို ဖြေရှင်းဖို့ ယန္တယားရှိပေမဲ့ အဲ့ဒီ့ပြဿနာကို ဖြေရှင်းဖို့ ကောင်းမွန်စွာ အသုံးချခွင့် အသုံးပြုခွင့်မရှိဘူး။"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မြန်မာ့ငြိမ်းချမ်းရေးကို ဦးဆောင်ဖော်ဆောင်နေပေမဲ့လို့ အစိုးရဘက်က တပ်မတော်ကို သြဇာမလွှမ်းမိုးနိုင်တဲ့အနေအထား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အစိုးရနဲ့ တပ်မတော်တို့ကြား ညှိနှိုင်းရခက်တဲ့အနေအထားကြောင့် ရှေ့မဆိုးနောက်မဆုတ်ဖြစ်နေရတယ်လို့လည်း UNFC က ဦးထွန်းဇော်က သုံးသပ်ပါတယ်။

"နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးစီးထားသော်ငြားလည်းပဲ ကြီးကြပ်မှုက ပျောက်နေတယ်။ အစိုးရရဲ့ အခန်းကဏ္ဍက တခု ၊ တပ်မတော်ရဲ့ အခန်းကဏ္ဍက တခု အဲ့လိုဖြစ်နေတယ် ရပ်တည်ချက်က။ အစိုးရက တော့ အရာရာတိုင်းကို ဆွေးနွေးညှိနှိုင်းလို့ရတယ်။ တပ်မတော်ဘက်ကတော့ သူ့မှာ အကန့်အသတ်တွေနဲ့သွားနေတယ်ပေါ့။ အကန့်အသတ်ဆိုတာက NCA မှအပ တခြား ဘာမှ မရှိဘူးပေါ့။ NCA ဆိုပြန်တော့လည်း အားလုံးပါဝင်မှုကို လက်မခံဘူး။ အဲ့လိုမျိုးဖြစ်နေတယ်။ အဲ့ဒီ့တော့ အစိုးရနဲ့ တပ်နဲ့ကြားမှာ ရပ်တည်ချက်က မတူဘူးပေါ့နော်။ အထူးသဖြင့် NCA မှာ အားနည်းချက်တွေရှိတယ် ပြန်ပြင်မယ်ဆိုပြန်ရင်လည်း NCA ကို အပြင်မခံဘူး။ အချက်(၈) ချက်အဆိုပြုတယ် ဒါလည်းပဲ လုပ်လို့မရဘူး။ အဓိကကတော့ အစိုးရနဲ့ တပ်မတော်ကြားမှာ ညှိနှိုင်းမှု အဆင်မပြေမှုက ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို လာပြီးတော့မှ ရိုက်ခတ်တယ်လို့ ကျနော်တို့မြင်တယ်။"

အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ နောက် ပြည်ထောင်စုအဆင့်အထိ အပစ်ရပ်ဖို့ သဘောတူထားဆဲ ရှမ်းပြည်တိုးတက်ရေးပါတီတပ်တွေနဲ့ အပစ်ရပ်ဖို့သဘောတူထားတဲ့နယ်မြေတွေဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်းဘက်မှာတော့ အရပ်သားပြည်သူတွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေက ရှိနေတုန်းပဲလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီကနေ့ မတ်လ ၂၆ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းဖို့လိုတယ်လို့လည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က စိုင်းရှဲန်တိုင်းကလည်း အခုလိုပြောပါတယ်။

"ပြောရမယ်ဆိုရင် စစ်တပ်ဘက် က ပြည်သူတွေကို သံသယရှိလာပြီဆိုတာနဲ့နှိပ်စက်ညှင်းပမ်းမှု လုပ်ရပ်တွေ ဖြစ်ပေါ်လာတယ်။ အစိုးရစစ်တပ်ကိုရော အောက်လက်ငယ်သားတွေကိုပါ ဒီလိုနှိပ်စက်မှုတွေကို ပြန်လည်စိစစ်ပေးသင့်တယ်လို့ ကျနော်ထင်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ကလည်း အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးပြီဆိုတော့ သံသယဖြစ်စရာက အကြောင်းကို မရှိတော့ဘူးလေနော်။ NCA မှာလည်း လက်မှတ်ရေးထိုးထားတဲ့အထဲ စည်းမျဉ်းစည်းကမ်းအချက်တွေရှိတယ် ဒါတွေကို မလိုက်နာတဲ့အပြင်ဒီလို လူ့အခွင့်အရေး ထပ်ချိုးဖောက်တယ်ဆိုတော့ ပြည်သူတွေအတွက် ပိုပြီးတော့မှ စိုးရိမ်ရတာပေါ့လေ။"

လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကိုတော့ဧပြီလကုန် မေလဆန်းမှာ ကျင်းပမယ်လို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ လကုန်တုန်းက့ နေပြည်တော်မှာ ကျင်းပတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ်အကောင်အထည် ဖေါ်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးမှာဆုံးဖြတ်ထားပါတယ်။

လတ်တလောအခြေအနေမှာတော့ အပစ်ရပ်အဖွဲ့တွေနဲ့ရော အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ စစ်ရေးတင်းမာမှုတွေဖြစ်ပြီး ပြည်တွင်းစစ်မီးမငြိမ်းနိုင်သေးတဲ့အနေအထားအပေါ် နိုင်ငံတကာအပါအဝင် နိုင်ငံရေးပါတီတွေ အရပ်ဖက်အဖွဲ့အစည်းတွေဘက်က ကြားဝင်ဆောင်ရွက်ပေးဖို့လိုတယ်လို့ အစိုးရကို အကြံပေးထားကြောင်းလည်း UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ ပြောခွင့်ရကပြောဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG