သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှိုင်သာယာ အမှိုက်ပုံမီး လေးရက်ကြာ မငြိမ်းသေး


လှိုင်သာယာမြို့နယ် ထိန်ပင်သုဿန်အနီးက ဧက ၃၀၀ ရှိတဲ့ အမှိုက်ပုံမီးလောင် ( သတင်းဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်)
လှိုင်သာယာမြို့နယ် ထိန်ပင်သုဿန်အနီးက ဧက ၃၀၀ ရှိတဲ့ အမှိုက်ပုံမီးလောင် ( သတင်းဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်)

လှိုင်သာယာမြို့နယ် ထိန်ပင်သုဿန်အနီးက ဧက ၃၀၀ ရှိတဲ့ အမှိုက်ပုံမီးလောင်တာ ဒီကနေ့ဆိုရင် ၄ ရက် မြောက်ရှိပါပြီ။ မီးသတ်တပ်ဖွဲ့ဝင်တွေ ကြိုးစားငြိမ်းသတ်နေပေမယ့် ဧရိယာကျယ်ပြန့်ပြီး အတွင်းထဲလှိုက် လောင်နေတဲ့အတွက် ငြိမ်းသတ်ရာမှာ အခက်အခဲရှိတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ မီးလောင်ပြီးထွက်လာတဲ့ မီးခိုးငွေ့တွေရှုရှိုက်မိလို့ ဆေးရုံတက်ရောက် ကုသရသူတွေလည်း အများအပြားရှိသလို လေထုညစ်ညမ်းမှုများလာရင် နေထိုင်သူတွေကို ရွှေ့ပြောင်းဖို့ တာဝန်ရှိသူတွေ့ စီစဉ်နေကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းက စတင်လောင်ကျွမ်းတဲ့ မီးဟာ ဒီကနေ့အထိမငြိမ်းသေးပါဘူး။ ဧက ၃၀၀ ရှိတဲ့ အမှိုက်ပုံဟာ ဧက ၁၀၀ လောင်ကျွမ်းနေပြီလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ မီးသတ်တပ်ဖွဲ့ဝင် ၂၀၀ နဲ့ ကြိုးစားငြိမ်းသတ်နေပြီး ဧရိယာကျယ်ပြန့်တဲ့အတွက် အခက်အခဲတွေလည်း ရှိပါတယ်။

ရေရရှိဖို့အခက်အခဲတွေရှိသလို မီးဟာအမှိုက်ပုံအတွင်းထဲကို လှိုက်လောင်နေ တာဖြစ်တဲ့အတွက် ကြိုးစားငြိမ်းသတ်နေရတယ်လို့ ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့က ဒုညွှန်မှူး ဦးမြင့်စိုးက မီးလောင်မှု အခြေအနေကို အခုလိုရှင်းပြပါတယ်။

"သူ့ရဲ့ဧရိယာကြီးကကျယ်တယ်လေ။ ကျယ်တဲ့အတွက် ကျွန်တော်တို့က ခန့်မှန်းပြော လို့မရဘူး။ ကျွန်တော်တို့က မြန်မြန်ငြိမ်းအောင်တော့ ကျွန်တော်တို့ဘက်က ငြိမ်းသတ်နေရတယ်။ အတွင်းကိုလှိုက်လောင်တဲ့ကောင်တွေ လေအမှိုက်ပုံဆိုတာ အတွင်းကစလောင်တာ အပေါ်ကလောင်တာမှမဟုတ်တာ။ ကျွန်တော်တို့က အပေါ်က သတ်တယ်။ သတ်ပေမယ့် အောက်ကလှိုက်လောင်နေတဲ့ကောင်ကကြတော့ အပေါ်ကဖြန်းလိုက် အပေါ်က ခြောက်သွားရင် အပေါ်ကလှိုက်တဲ့အကောင်က ပြန်လောင်လိုက် အဲ့လိုတော့လောင်နေမှာပဲ။ ပိုက်တွေကို အရှည်ကြီးဆွဲယူရတော့ ရေရတာနည်းနည်းလေးခက်တာပေါ့။ ရအောင်ယူပြီးတော့ ခပ်ဝေးဝေး ပိုက်ဆွဲပြီး ငြိမ်းရတာတို့ ကားကိုရေသယ်ပြီးငြိမ်းနေရတာတို့ အဲ့လိုလုပ်နေရတာပေါ့။ အခုချိန်ထိကျွန်တော့် အန္တရယ် မဖြစ်အောင် ကျွန်တော်တို့က ငြိမ်းနေတုန်း"

မီးလောင်မှုကနေ ထွက်ပေါ်လာတဲ့ မီးခိုးငွေတွေကြောင့် ဆေးရုံမှာ တက်ရောက်ကုသသူ ၁၆ ဦးရှိပြီး ရပ်ကွက်အတွင်းမှာ အရေးပေါ်ကုသဖို့ ဖွင့်ထားတဲ့နေရာမှာလည်း ကုသသူတွေအများအပြားရှိပါတယ်။

လက်ရှိမှာတော့ လေထုညစ်ညမ်းမှုတိုင်းတာတွေပြုလုပ်ဖို့ ဆောင်ရွက်နေပြီး လေထုညစ်မှုများပြားပါက မီးခိုးငွေ့ခံစားရသူတွေကို မီးခိုးလွတ်ရာရွှေ့ပြောင်းပေးဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ လှိုင်သာယာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူက အခုလိုပြောပါတယ်။

"ဒီကောင်ကလေ ဒီအမှိုက်ပုံကြီး တငွေ့ငွေ့ထွက်နေသ၍တော့ ဒီကအငွေ့တွေက ထွက်နေမှာပဲ။ ဒီအငွေတွေထွက်နေရင်တော့ ဒီအငွေ့တွေက ပြန့်နှံ့နေရင် ပြန့်နှံ့နေသလို ခံစားနေရမှာပဲ။ လေထုညစ်ညမ်းမှု ဘယ်လောက်ရှိလည်း ဆိုတာကိုတော့ ဒီဆေးရုံကြီးမှာလုပ်သွားတဲ့ ဒီနေ့ကျွန်တော်တို့ဆေးရုံကြီးမှာလုပ်သွားတဲ့ အစည်းအဝေးမှာတော့ တိုင်းကျန်းမာရေးဦးစီးက ဆရာကြီးကပြောသွားတယ် လေထုညစ်ညမ်းမှု ဘယ်လောက် ရှိလည်းဆိုတာတိုင်းတာဖို့ နေပြည်တော်ကနေပြီးတော့ စက်တွေမှာထားတယ်။ ဟိုကလည်းပို့တယ်လို့ပြော တယ်ပေါ့နော်။ စက်တွေရောက်လာရင် လေထုညစ်ညမ်းမှုဘယ်လောက်ရှိလည်းဆိုတာ တိုင်းတာမယ်။ တိုင်းတာပြီးလို့ရှိရင် အဲ့ဒီမှာရှိတဲ့ပြည်သူတွေအတွက်ကို လေထုညစ်ညမ်းမှု ဘယ်လောက်ရှိတယ် ရှိတဲ့ အတွက်ကြောင့် ဒီကပြည်သူတွေ အကယ်၍ လေထုညစ်ညမ်းမှု တအားများတယ်ဆိုရင်တော့ ပြောင်းရွှေ့ ရမယ်ဆိုရင်တော့ ပြောင်းရွှေ့ဖို့ အရေးပေါ်ကယ်ဆယ်ရေး စခန်းတွေဆောင်ရွက်ဖို့ဆိုပြီးတော့ ကျွန်တော်တို့ ဒီနေ့ ကြိုတင်ညှိနှိုင်းဆွေးနွေးထားခဲ့ကြတယ်ပေါ့။ လေထုညစ်ညမ်းမှုတအားများလာရင်တော့ အရေးပေါ် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ဆောင်ရွက်သွားမှာပေါ့။"

မီးဟာအမှိုက်ပုံ အတွင်းထဲလောင်ကျွမ်းနေတာကြောင့် မီးငြိမ်းမယ့်အချိန်ကို မခန့်မှန်းနိုင်သေးဘဲ မီးခိုးတွေ ဆက်လက် ထွက်ရှိနေမှာဖြစ်တဲ့အတွက် မြို့နယ်နေပြည်သူတွေ မီးခိုးငွေ့အန္တရယ်ကို သတိပြုရမှာဖြစ်ပါတယ်။

မီးခိုးငွေ့ခံစားရနေတဲ့သူတွေကို နှာခေါင်းအုပ်၊ ရေစိုအဝတ် နဲ့ ရေများများသောက်ဖို့ အတွက် သက်ဆိုင်ရာက အသံချဲ့စက်တွေနဲ့ နှိုးဆော်မှုတွေပြုလုပ်ပါတယ်။ အမှိုက်ပုံနဲ့ ကပ်လျက်ရှိပြီး မီးခိုးငွေ့ခံအများဆုံးခံစားနေရတဲ့ လှိုင်သာယာမြို့နယ် ၂၀ရပ်ကွက်က မမော်ဇင်ကတော့ အခုလိုပြောပြပါတယ်။

"မနေ့ကမှ မိုက်နဲ့လိုက်အော်တယ်။ ဒါပေမယ့်မထိရောက်ဘူးပေါ့နော်။ ကလေးသူငယ်တွေကျတော့ ရေစိုအဝတ်ကို ဘယ်လိုအုပ်နိုင်မလည်းပေါ့နော်။ ကျွန်မတို့လူကြီးတွေကျတော့ ကိစ္စမရှိဘူးလေ။ ကျွန်မ သားလေးဆို ၄ နှစ်ကျော်နေပြီ တော်တော်ဒုက္ခရောက်တာပေါ့။ အသက်ရှုကြပ်လာရင် ရေစိုအဝတ်လေးနဲ့ အုပ်ပေးဖို့ပေါ့ Mask မရှိတဲ့သူတွေပေါ့ အဲ့လိုမျိုးအော်ပါတယ်။ ရေများများသောက်ပေးဖို့ အဲ့ဒါလောက်ပါပဲ။"

လှိုင်သာယာမြို့ခံနောက်တစ်ဦးဖြစ်တဲ့ တင့်ဇော်က အခုလိုပြောပါတယ်။

"ညကဆိုရင် ကျွန်တော်တို့ ၂၀ ရပ်ကွက်ရုံးရှေ့မှာ ပရဟိတအဖွဲ့တွေက လူနာတင်ကားတွေနဲ့ အောက်စီဂျင်ဗူး တွေကို အဆင်သင့်ချထားပြီးတော့ အသက်ရှုကျပ်တဲ့သက်ကြီးရွယ်အိုတွေကို ကုပေးနေရတယ်။"

မီးခိုးငွေ့တွေက လှိုင်သာယာမြို့နယ်အပြင် မြောက်ဥက္ကလာ မြောက်ဒဂုံ အင်းစိန် စတဲ့မြို့နယ်တွေအထိပါ ရောက်ရှိနေပါတယ်။ ထိန်ပင်အမှိုက်ပုံကို ၂၀၀၁ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး စတင် တည်ဆောက်ခဲ့တုန်းက ဧက ၁၅၀ ပဲရှိပြီးတော့ နောက်ပိုင်းမှာ ထပ်တိုးချဲ့လိုက်တဲ့အတွက် ဧက ၃၀၀ ကျယ်ဝန်းတဲ့ အမှိုက်ကန်ကြီးဖြစ်လာပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG