သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်သာလန် ရွေးကောက်ပွဲ ဗုဒ္ဓဟူးနေ့ စတင်


နယ်သာလန် ဝန်ကြီးချုပ် Mark Rutte နှင့် လက်ယာယိမ်း ခေါင်းဆောင် Geert Wilders တို့ စကား စစ်ထိုးနေစဉ်။
နယ်သာလန် ဝန်ကြီးချုပ် Mark Rutte နှင့် လက်ယာယိမ်း ခေါင်းဆောင် Geert Wilders တို့ စကား စစ်ထိုးနေစဉ်။

နယ်သာလန်နိုင်ငံမှာ မဲဆန္ဒရှင် ၁၇ သန်း ဒီကနေ့ ဗုဒ္ဓဟူးနေ့ကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲမှာ မဲပေးနိုင်ကြဖို့ ရွေးကောက်ပွဲတာဝန်ရှိသူတွေ အင်္ဂါနေ့က အပြီးသတ် ပြင်ဆင်ခဲ့ကြပါတယ်။

အဓိကပါတီကြီး ၄ ခုက ခေါင်းဆောင်တွေကြား ဥရောပရှေ့ရေးနဲ့ ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေးဆိုင်ရာ စကားစစ်ထိုးပွဲကို အင်္ဂါနေ့ညက လုပ်ခဲ့ကြပါတယ်။

လူထုသဘောထား စစ်တမ်းတွေမှာ ဝန်ကြီးချုပ်တာဝန် ၂ ခါယူဖူးတဲ့ Mark Rutte (အသက် ၅၀) ပြီးရင် အစ္စလာမ် ဆန့်ကျင်ရေးလို နိုင်ငံထဲမှာ အများအကြိုက်ပြောပြီး မဲဆွယ်နေတဲ့ လက်ယာယိမ်းအမတ် Geert Wilders (အသက် ၅၃) က နောက်က လိုက်နေပါတယ်။ မစ္စတာ Wilders ဟာ အီးယူကနေ နယ်သာလန် နှုတ်ထွက်ဖို့ ထောက်ခံ အားပေးသူအပြင် ဒုက္ခသည်များ လာရောက် အခြေချမှုကိုလည်း ဆိုင်းငံ့ဖို့ လိုလားသူ ဖြစ်တဲ့အတွက် သူ့ကို Dutch Trump လို့ တချို့တို့က တင်စား ခေါ်ဝေါ်ခဲ့ကြပါတယ်။

ဥရောပမှာ အများအကြိုက်ဆောင်ဝါဒကို အားပေးသူတွေ များလာနေပြီလား ဆိုတာကို အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲတခု လို့လည်း မြင်နိုင်ပါတယ်။

နယ်သာလန်မှာ မဲပေးနိုင်သူအားလုံး မှတ်ပုံတင်ကြရပြီး ဒီတကြိမ် ရွေးကောက်ပွဲမှာ မဲပေးသူတွေ များလိမ့်မယ်လို့ ဟောကိန်း ထုတ်ကြပါတယ်။ ဗုဒ္ဓဟူးနေ့ ရွေးကောက်ပွဲ မဲရလဒ်တွေကို ကြာသပတေးနေ့ အစောပိုင်းမှာ ထုတ်ပြန် ကြေညာနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေမှာလည်း ဒီနှစ်ထဲမှာ အထွေထွေ ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိပြီး လက်ယာယိမ်း အမျိုးသားရေး ဝါဒီတွေက ထောက်ခံမှု ပိုရနေကြပါတယ်။ နယ်သာလန်နိုင်ငံရွေးကောက်ပွဲအတွက် နောက်ဆုံးမဲဆွယ်တဲ့ အင်္ဂါနေ့ကတော့ Netherlands အစိုးရနဲ့ တူရကီအစိုးရကြား ဖြစ်နေတဲ့ သံတမန်ရေး ပြဿနာတွေက လွှမ်းမိုးနေပါတယ်။

တူရကီဖွဲ့စည်းပုံ ပြင်ဆင်ရေး မဲဆွယ်မယ့် တူရကီဝန်ကြီး ၂ ယောက်ကို နယ်သာလန်နိုင်ငံထဲမှာ စည်းရုံးဟောပြောခွင့် မပေးခဲ့တဲ့ကိစ္စကို တူရကီသမ္မတက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးနောက် ၂ နိုင်ငံ ဆက်ဆံရေး အဖုအထစ် ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG