သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဂရုစိုက်ဖို့မလိုကြောင်း ဖိလစ်ပိုင်သမ္မတဒူတာတေးက ဒေါ်စုကိုပြော


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte မြန်မာခရီးစဉ် (မတ်လ ၂၀၁၇)
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte မြန်မာခရီးစဉ် (မတ်လ ၂၀၁၇)

မြန်မာနိုင်ငံအပေါ် ဝေဖန်ပြောဆိုနေကြတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဂရုစိုက်ဖို့ မလိုကြောင်း မြန်မာအစိုးရ ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က ပြောဆိုလိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်က ဖိလစ်ပိုင်၊ အိန္ဒိယ စီးပွားရေး နှီးနှောဖလှယ်ပွဲ မိန့်ခွန်းမှာ ဖိလစ်ပိုင်သမ္မတက ထည့်သွင်းပြောဆိုလိုက်တာပါ။ တိုင်းပြည်နဲ့ တိုင်းပြည်ရဲ့ အကျိုးစီးပွား ကိစ္စတွေကို ပြောဆိုရာမှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ ဆူဆူညံညံဖြစ်အောင် လုပ်တတ်သူတွေသာ ဖြစ်ကြောင်း၊ ဒါကြောင့်လည်း အရေးလုပ်နေစရာ မလိုကြောင်း ဖိလစ်ပိုင် သမ္မတက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာစစ်တပ်က လိုက်လံ ရှင်းလင်းရာက နောက်ဆက်တွဲအဖြစ် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဒုက္ခသည်သိန်းနဲ့ချီ ထွက်ပြေးခဲ့ရတဲ့အတွက် မြန်မာအစိုးရအပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဝေဖန်မှုတွေနဲ့ ဖိအားတွေ ကြီးထွားလာနေတာပါ။

အထူးသဖြင့် ခွဲခြားဖိနှိပ်ခံနေရတဲ့ ရိုဟင်ဂျာတွေအတွက် ဒေါ်အောင်ဆန်းစုကြည် က ကာကွယ်ပေးတာမျိုး မရှိဘူးဆိုပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတ Duterte ကတော့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် တဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအခါ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ ဝေဖန်မှုတွေ ခံနေရတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အပေါ် သနားဂရုဏာသက်မိကြောင်းလည်း မိန့်ခွန်းထဲမှာ ပြောဆိုခဲ့တာပါ။

ဖိလစ်ပိုင် သမ္မတ ကိုယ်တိုင်ကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက်အတွင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူ မှောင်ခိုသူအဖြစ် သံသယရှိသူ ၃,၉၀၀ ကျော် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့အတွက် လူ့အခွင့်အရေး အုပ်စုတွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG