သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ ခုနှစ်အတွက် DV ကံစမ်းမဲ လျှောက်နိုင်ပြီ


D.V Lottery စတင်လျှောက်ထားနိုင်ပြီ
D.V Lottery စတင်လျှောက်ထားနိုင်ပြီ
အမေရိကန်ပြည်ထောင်စုကို လာရောက်နေထိုင်လိုသူတွေအတွက် DV Lottery လို့ခေါ်တဲ့ ဒီဗွီ ကံစမ်းမဲ ထိုးနိုင်တဲ့အချိန် တခေါက်ရောက်လာပြန်ပါပြီ။ DV Lottery Diversity Visa အစီအစဉ် ကို အောက်တို ဘာလ ၂ ရက်နေ့မှာ စတင်ပြီးတော့ နိုဝင်ဘာလ သုံးရက်နေ့မှာ လျှောက်လွှာ ပိတ် မှာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ဗွီအိုအေ ပါရှန်းဌာနကနေပြီးတော့ Mana Rabiee ရဲ့ သတင်းလွှာကို ပေါင်း စပ်ပြီး မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

၂၀၁၄ ခုနှစ် Diversity Visa အစီအစဉ်အတွက် အင်တာနက်ပေါ်ကနေ လျှောက်လွှာ လျှောက်ရမယ့် စာမျက်နှာကို အောက်တိုဘာလ နှစ်ရက်နေ့၊ အင်္ဂါနေ့ မွန်းတည့်ချိန်မှာပဲ စပြီးတော့ ဖွင့်လှစ်လိုက်ပြီဖြစ် ပါတယ်။ လျှောက်လွှာတွေကတော့ ပြောခဲ့တဲ့အတိုင်း နိုဝင်ဘာလ သုံးရက်၊ စနေနေ့ မွန်းတည့် ၁၂ နာရီ အချိန်မှာ ပိတ်မှာပါ။ မနှစ်ကဆိုရင် လူပေါင်း ၈ သန်းလောက် ဒီဗွီ ကံစမ်းမဲကို လျှောက်ခဲ့ကြပါတယ်။ ဒီနှစ်မှာလည်း လျှောက်ထားသူအရေအတွက် အဲဒီလောက်အထိ များလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

အဲဒီလိုမျိုး လျှောက်ထားသူ ၈ သန်းနီးပါးလောက်ထဲကနေ လူပေါင်း ၅ သောင်းခွဲလောက်ကိုပဲ မဲနှိုက် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဗွီကံစမ်းမဲ လျှောက်ထားဖို့က အရင်က စာရွက် နဲ့ ဖောင်ဖြည့် လျှောက်လွှာ တင်ရပေမဲ့လည်း ၂၀၁၂ ခုနှစ်အတွင်း ကံစမ်းမဲတွေလျှောက်ရမယ့် မနှစ်က စပြီတော့ အွန်လိုင်း အင်တာနက်ကနေပြီးတော့ပဲ လျှောက်လွှာတင်လို့ ရပါတော့ တယ်။ လျှောက်လွှာကို Online ကတင်ရသလို မဲပေါက်တဲ့စာရင်းထုတ်ပြန်တဲ့ မေလမှာတော့ Website ကနေပဲ ပေါက်မဲစာရင်းကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

အမေရိကန် ဗီဇာရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Karen King က

"လျှောက်လွှာ လျှောက်ထားတဲ့သူက ဒီလျှောက်လွှာနဲ့ပတ်သက်လို့ ပြင်ဆင်တာမှန်သမျှ ကိုယ်တိုင် လုပ်လို့ ရတဲ့စံနစ်မျိုးဖြစ်အောင်ကျမတို့ စီစဉ်ထားတာပါ။ ဘယ်အေးဂျင့်ဆီကိုမှ သွားပြီး ပိုက်ဆံ ပေး စရာ မလိုသလို လျှောက်ဖို့လည်း ပိုက်ဆံတပြားမှ ကုန်စရာ မလိုပါဘူး။ ကိုယ်အရွေးခံရတယ်၊ မရဘူး ဆိုတာကို Website မှာ ကိုယ်တိုင်စစ်ကြည့်လို့ရတယ်။ ဒီတော့ လျှောက်လွှာတင်တဲ့သူက အမြဲတမ်း ကိုယ့်အတွက်ကိုယ် လိုက်ကြည့်နေရတာမျိုးတော့ ဖြစ်ပါတယ်။"

ဒါကတော့ အမေရိကန်ဗီဇာရုံးက ပြောရေးဆိုခွင့်ရှိသူ Karen King ပြောသွားတာဖြစ်ပါတယ်။

ဒီလိုမျိုး ကံစမ်းမဲထိုးကြည့်တဲ့အထဲမှာ အီရန်နွယ်ဖွား သတင်းထောက် ရုစ်ဘတ်၊ မာဆာရီလည်း ပါဝင်ခဲ့တာပါ။ သူက ၁၉၉၉ ခုနှစ်မှာ Green Card လို့လည်း ပြောလို့ရတဲ့ DV ကံစမ်းမဲပေါက်ပြီးတော့ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချခဲ့တာ ဖြစ်ပါတယ်။

"အဲဒီတုန်းက ကျနော် စစ်ထဲမှာလေ။ အဲမှာမှာ ကျနော့်ညီမဆီက သူ့ကို ချက်ခြင်း ဖုန်းဆက်ပါဆိုပြီး အမှာစကားရလိုက်တယ်။ အဲဒီတော့ သူ့ဆီပြေးပြီး ဖုန်းဆက်လိုက်တာ ကျနော် ဂရင်းကဒ် ပေါက်တယ် လို့ သိရတယ်။ ဝမ်းသာသွားတာဗျာ- အဲဒါနဲ့ ကျနော် တပ်ထဲကထွက် အိမ်ပြန်လာတယ်။ အိမ်မှာလည်း အမေရိကားကိုသွားဖို့ စာရွက်စာတမ်းအပြည့်အစုံ ရောက်နေပြီလေ။ ကျနော် ခုနစ်ရက်လောက်ကို ပွဲခံပစ်လိုက်တယ်ဗျာ။"

သူ့လောက်ကံမကောင်းခဲ့တဲ့ နိုင်ကီရမီကတော့ DV ကံစမ်းမဲ ထိုးခဲ့တာ သုံးကြိမ်ရှိသွားပါပြီ။ သူက လက်ရှိ ကနေဒါနိုင်ငံမှာ နေထိုင်နေပြီး ဒီနှစ်မှာလည်း DV ကံစမ်းမဲထိုးအုံးမယ်လို့ ဆိုပါတယ်။

"ကျနော် ကံကောင်းမယ်ထင်တယ်။ ပြီးခဲ့တဲ့လပိုင်းတွေကတည်းက ကံကောင်းနေတယ်လေ။ ဒီတခေါက်က ကျနော် မဲပေါက်မှာဗျ။ ကျနော်က ဘွဲ့လည်းရပြီးသား၊ အိမ်ထောင်လည်းရှိတယ်။ အလုပ်လည်းရှိတယ်။ ဒီတော့ ကံကောင်းပြီဆိုရင်လေးခုတပြိုင်တည်းလာတာမဟုတ်လား။ သုံးခုနဲ့ပဲ ရပ်နေမှာ မဟုတ်ပါဘူး။"

DV ကံစမ်းမဲအတွက်ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်သူဦးရေ နည်းတဲ့ နိုင်ငံ သားတွေအတွက်က ပိုပြီးတော့ အခွင့်အရေးရှိတာပါ။ ဒါ့ကြောင့်မို့လို့ အမေရိကန်ပြည်ထောင်စုမှာ လူဦးရေများပြီးသား ဘရာဇီးလ်လို၊ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတွေက နိုင်ငံသားတွေ DV ကံစမ်းမဲ လျှောက်ခွင့် မရှိတော့ပါဘူး။ ဒါပေမဲ့ လျှောက်လို့ ရသေးတဲ့နိုင်ငံတွေကလည်း အများကြီး ကျန်နေသေးတယ်ဆိုတော့ အဲဒီနိုင်ငံတွေက DV ကံစမ်းမဲ စိတ်ဝင်စားတဲ့ နိုင်ငံသားတွေအတွက် ဘဝသစ်က စိတ်ကူးယဉ်စရာ ဖြစ်နေပါသေးတယ်။

အီရန်နွယ်ဖွား ကနေဒါက မာဆာရီက -

"ကျနော် တော်တော်ကြာကြာကို တွေဝေနေခဲ့ပါတယ်။ ငါးနှစ်တောင် ကြာသွားခဲ့တာ။ ငါးနှစ်ပြည့်မှပဲ အားလုံးကိုချ၊ သေချာထိုင်စဉ်းစားပြီး နောက်ထပ် ငါးနှစ်၊ ဆယ်နှစ်မှာ ဘယ် အနေအထား ရောက်နေ ပြီလဲဆိုတာ စဉ်းစားကြည့်မိတယ်။ အဲဒီနောက် ၁၂ နှစ် ကြာတဲ့အချိန်မှာတော့ ကျနော် ဂရင်း ကဒ်ပေါက်ခဲ့တာကို သိပ်ကျေနပ်မိရပါတယ်။ ကျနော့ဘဝ လုံးဝကို ပြောင်းလဲသွားတာပါပဲ။"

ဒီဗွီကံစမ်းအုံးမယ့် အီရန်နွယ်ဖွား ရုစ်ဘတ် မာဆာရီ ပြောသွားတာပါ။ မြန်မာနိုင်ငံကတော့ မနှစ်က ဒီ ဗွီကံစမ်းမဲပေါက်သူ ၄၀၃ ဦးရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ကံစမ်းမဲထိုးဖို့ စိတ်ဝင်စားကြတယ် ဆိုရင်တော့ website လိပ်စာက “www.dvlottery.state.gov” မှာ လျှောက်ထားနိုင်ပါတယ်။ Website လိပ်စာ စာလုံးပေါင်းကတော့ www.dvlottery.state.gov ဖြစ်ပါတယ်။

လျှောက်လွှာ ပိတ်ရက်ကတော့ နိုဝင်ဘာလသုံးရက်၊ အမေရိကန် မြို့တော် ဝါရှင်တန်စံတောင်ချိန် မွန်းတည့်မှာ ပိတ်မယ်ဆိုပေမဲ့လည်း ပိတ်ရက်နီးလာတာနဲ့အမျှ လျှောက်ထားတဲ့သူတွေလည်း အလုအယက်လျှောက်ကြလို့ Online မှာ အရမ်း အချိန်ကြာတာမျိုး၊ အင်တာနက် connection သိပ်လေးပြီး လျှောက်လွှာ မဝင်တာမျိုးတွေလည်း ဖြစ်ကြပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ စောစောလျှောက်ကြဖို့ လိုအပ်ပါတယ်။ လျှောက်လွှာတွေအတွက် အသေးစိတ် အချက်အလက်တွေကိုလည်း အဲဒီ DV Website မှာပဲ ကြည့်ရှုလို့ရပါတယ်။ DV လျှောက်ထားရာမှာ ဘယ်သူတွေ ကံထူးလဲဆိုတာကိုတော့ အဲဒီ Website မှာပဲ ၂၀၁၃ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်ရှင်။

DV ကံစမ်းမဲလျှောက်နိုင်သည့် website link : www.dvlottery.state.gov
XS
SM
MD
LG