လူ ၁၈ ယောက် သေဆုံးသွားခဲ့တဲ့ အီးကိုလိုင် (E-Coli) ပိုး ပျံ့နှံ့မှုမှာ ပိုးရဲ့ ဗီဇ အမျိုးအစားက ပြင်းထန်ပြီး ဖြစ်တောင့်ဖြစ်ခဲ ရောဂါ ဖြစ်ပါတယ်လို့ ဥရောပနဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ရဲ့ သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။ နောက်ဆုံး ကွယ်လွန်သွားတဲ့ လူနာက ဂျာမဏီနိုင်ငံမှာ ဗုဒ္ဓဟူးနေ့ညက ကွယ်လွန်ခဲ့တာပါ။
ကနဦး မျိုးဗီဇ စမ်းသပ်ချက်တွေ အရဆိုရင် ဗီဇမျိုးမတူ အီးကိုလိုင် ပိုး ၂ မျိုး စပ်ပြီး အလွန်ကူးစက်တဲ့ မျိုးဗီဇတစ်ရပ် ဖြစ်ပေါ်လာခဲ့တာ ဖြစ်တယ်လို့ WHO က ဆိုပါတယ်။ တခြားမျိုးထက် အခုဖြစ်နေတဲ့ မျိုးက ပိုပြင်းတဲ့ အဆိပ်ဓာတ်ကို ထုတ်တယ်လို့ WHO အစားအသောက်ဆိုင်ရာ ကျွမ်းကျင်သူ တယောက်က ပြောပါတယ်။
ရောဂါကူးစက်တာ မြန်တဲ့အတွက် ဥရောပ ၉ နိုင်ငံမှာ လူ ၁,၅၀၀ ကျော် မကျန်းမမာ ဖြစ်ခဲ့ကြရပါတယ်။ ဂျာမဏီမှာ တယောက်သေပြီး ရာပေါင်းများစွာ နေထိုင်မကောင်း ဖြစ်ခဲ့ကြပါတယ်။ လူ ရာပေါင်းများစွာကို ဆေးရုံတင်ရပြီး သူတို့ထဲက အတော်များများက အသည်းအသန်ခန်းမှာ ကုနေရပါတယ်။
ရောဂါ ကူးစက်ပျံ့နှံတာ ဘယ်ကစသလဲ ဆိုတာကို ကျန်းမာရေး အရာရှိတွေ ရှာမတွေ့နိုင်သေးပါဘူး။ အလားတူ ကူးစက်ရောဂါတွေကတော့ ရောဂါပိုးပါတဲ့ အစားအသောက်တွေကတဆင့် ကူးစက်ခဲ့ကြတာပါ။
ဥရောပတလွှားမှာ ဒီ ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်။ စပိန်၊ ဂျာမဏီ၊ ဒိန်းမတ်နဲ့ နယ်သာလန် နိုင်ငံတွေက သခွားသီးကို UAE နိုင်ငံက တင်ပို့ခွင့် ကြာသပတေးနေ့က ပိတ်လိုက်ပါတယ်။
ဥရောပသမဂ္ဂ နိုင်ငံတွေက ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ် တင်ပို့တာကို ရုရှားကလည်း ပိတ်လိုက်တဲ့အပြင် သွင်းကုန် ဟင်းသီးဟင်းရွက်တွေကို သိမ်းဆည်းလိုက်ပါတယ်။ ဖြစ်တာနည်းနည်း အရေးယူတာ ကြီးကြီးမားမား မမျှတဘူးလို့ EU က တုံ့ပြန်ပြောဆိုပါတယ်။