သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်မှာ ပထမဆုံးပုံနှိပ်ခဲ့တဲ့စာအုပ် ဒေါ်လာ ၁၄ သန်းကျော်နဲ့ဝယ်ယူ

  • ဗွီအိုအေ (မြန်မာဌာန)

ဒီကနေ့ အမေရိကန်ပြည်ထောင်စုရယ်လို့ ဖြစ်နေတဲ့နေရာမှာ ပထမဆုံး ထုတ်ဝေခဲ့တဲ့စာအုပ်ဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး စာအုပ်ဖြစ်သွားပါပြီ။

သိပ်ကိုရှားပါးလွန်းတဲ့ The Bay Psalm Book စာအုပ်တစ်အုပ်ကို အင်္ဂါနေ့က နယူးယောက်မြို့မှာလုပ်ခဲ့တဲ့ လေလံပွဲအတွင်း အမေရိကန်ဒေါ်လာ ၁၄ ဒဿမ ၂ သန်းနဲ့ ရောင်းခဲ့တယ်လို့ Sotheby လေလံကုမ္ပဏီက ကြေညာတာပါ။

ဘာသာရေး လွတ်လပ်ခွင့်ရဖို့ ရည်ရွယ်ချက်နဲ့ ဥရောပတိုက်ကနေ မက်ဆာချုးဆက် ဒေသဘက်ဆီ ရောက်လာတဲ့ Puritan အယူရှိသူ အစောပိုင်း အခြေချနေထိုင်သူတွေက ၁၆၄၀ ခုနှစ်မှာ အဲဒီစာအုပ်ကို ထုတ်ဝေခဲ့တာပါ။

အဲဒီစာအုပ် အုပ်ရေပေါင်း ၁၇၀၀ ကို ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီထဲကမှ အင်္ဂါနေ့က ရောင်းလိုက်တဲ့ တစ်အုပ်အပါအ၀င် ၁၁ အုပ်ပဲ ရှိတော့တယ်လို့ သိထားကြပါတယ်။ အင်္ဂါနေ့က ရောင်းလိုက်တဲ့စာအုပ်ကို ဘော်စတွန်မြို့က Old South Church က ပိုင်တာပါ။

စာအုပ်ကို ၀ယ်သွားသူဟာ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်နဲ့ ပရဟိတအလှူရှင် David Rubenstein ဖြစ်တယ်လို့ Sotheby က ပြောပါတယ်။ စာအုပ်ကို အမေရိကန်နိုင်ငံတ၀ှမ်းက စာကြည့်တိုက်တွေဆီ ငှားရမ်းဖို့ သူကစီစဉ်ထားတယ်လို့ လေလံကုမ္ပဏီက ပြောပါတယ်။
XS
SM
MD
LG