သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေကမ္ဘာနေ့ မြန်မာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှား


ရန်ကုန်မြို့ရွှေတိဂုံစေတီအနီး ရေကန်ဘောင်တွေမှာ စွန့်ပစ်အမှိုက်တွေနဲ့ စုပုံနေ။
ရန်ကုန်မြို့ရွှေတိဂုံစေတီအနီး ရေကန်ဘောင်တွေမှာ စွန့်ပစ်အမှိုက်တွေနဲ့ စုပုံနေ။

ဒီကနေ့ ဧပြီလ ၂၂ရက်နေ့မှာ ကျရောက်တဲ့ မြေကမ္ဘာနေ့မှာ ကမ္ဘာမြေပေါ်မှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေ ကင်းဝေးစေရေး ပလက်စတစ်သုံးစွဲမှု လျော့ချရေးတွေအတွက် ကမ္ဘာတဝှမ်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက သတိပေးပြောဆိုလိုက်ပါတယ်။ စေတနာ့ဝန်ထမ်းတွေဘက်က အများပြည်သူနေရာတွေမှာ အမှိုက်ကောက်ကြတဲ့ လှုပ်ရှားမှုတွေဆောင်ရွက်သလို မြန်မာနိုင်ငံသားတိုင်း ကိုယ့်အသိစိတ်ဓာတ်နဲ့ စည်းကမ်းမဲ့ အမှိုက်မစွန့်ပစ်ကြဖို့ ကိုယ်တိုင်အသိရှိကြဖို့ကလည်း အရေးတကြီး လိုအပ်နေပြီလို့ မြန်မာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ မြေကမ္ဘာနေ့လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ မဆုမွန် ဆက်ပြောပြပါမယ်။

ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့ကတော့ “Earth Day” မြေကမ္ဘာနေ့ ဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်အတွက် မြေကမ္ဘာနေ့ရဲ့ ဆောင်ပုဒ်ကတော့ ပလက်စတစ်အမှိုက်ကင်းစင် မြေကမ္ဘာတခွင် ဖြစ်ပါတယ်။ မြေကမ္ဘာနေ့ အထိမ်းအမှတ် ကမ္ဘာတဝှမ်း အမှိုက်ကင်းစင်ရေး ပလက်စတစ်သုံးစွဲမှု လျော့ချရေး လူထုလှုပ်ရှားမှုတွေနဲ့ ကျင်းပနေချိန်မှာပဲ မြန်မာနိုင်ငံတဝှမ်း ပြည်နယ်နဲ့တိုင်းတချို့မှာ မြေကမ္ဘာနေ့အထိမ်းအမှတ် စုပေါင်းအမှိုက်ကောက် ကြပါတယ်။

ဒီကနေ့မှာတော့ မြေကမ္ဘာနေ့အထိမ်းအမှတ် မန္တလေးမြို့သူမြို့သူတွေ စုပေါင်းပြီး မန္တလေးမြို့တော်သန့်ရှင်းရေးအတွက် မန္တလေးတောင်မှာ စုပေါင်းအမှိုက်ကောက်ခဲ့ကြတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားသူလည်းဖြစ် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ပြည်သူ့ဆက်ဆံရေးနဲ့ပြန်ကြားရေးတာဝန်ခံ စာရေးဆရာဦးကျော်ရင်မြင့်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုရှင်းပြပါတယ်။

"မြေကမ္ဘာနေ့မှာ ကျနော်တို့ မန္တလေးမြို့သူမြို့သားတွေက မြို့တော်သန့်ရှင်းရေးနေ့အဖြစ်နဲ့ မန္တလေးတောင်မှာ စုပေါင်းပြီးတော့ အမှိုက်တွေ ကောက်ကြပါတယ်။ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီနဲ့ ပရဟိတတွေ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ မြို့ရဲ့ အဓိက ကျတဲ့နေရာတွေမှာ စုပေါင်းပြီးတော့ အမှိုက်ကောက်တာတွေ စတင်လုပ်နေပါပြီ။ ဘယ်လိုနေရာတွေမှာ ကောက်မလဲဆိုတော့ မြို့အတွက် အချက်အခြာကျတဲ့ ဥပမာ သမိုင်းအမွေအနှစ်အရ တန်ဖိုးရှိတဲ့ မန္တလေးတောင်လို မန္တလေးကျုံးပတ်ဝန်းကျင်လို နောက်တခါ လူအသွားအလာများတဲ့ မန္တလေးဘူတာကြီးလို မြို့အဝင်လမ်းတွေလို နောက်တခါ တိုးရစ်တွေ အလာများတဲ့ ရွှေအင်းပင်ကျောင်းလို နောက်တခါ မန္တလေးဆိပ်ကမ်းလို အဲ့သလို နေရာပေါင်းစုံပေါ့။ အများနဲ့သက်ဆိုင်တဲ့နေရာတွေမှာ တနင်္ဂနွေနေ့တိုင်း ကောက်ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တခုကို သူတို့လူငယ်တွေကပဲ တောင်းဆိုပြီး ဆုံးဖြတ်ချက် ချပြီးတော့မှ တကယ်လည်း တက်တက်ကြွကြွနဲ့ အမှိုက်တွေကို သိမ်းဖြစ်သွားတယ်။ အဲ့ နောက်ပိုင်းမှာ ကျနော်တို့ အမှိုက်ကောက်တာထက် အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်အောင် စည်းရုံးလှုံ့ဆော် ဆောင်ရွက်တာတွေကို ဆက်ပြီး လုပ်ပါမယ်။ မြေကမ္ဘာနေ့မှာ အထူးသဖြင့် ဒီလို အမှိုက်သန့်ရှင်းအောင် ပိုပြီး လုပ်ဖြစ်ကြပါတယ်။"

ကမ္ဘာမြေကြီး အမှိုက်တွေနဲ့ ညစ်ပတ်နေတာတွေကို စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု ကင်းဝေးဖို့ ပလက်စတစ်သုံးစွဲမှုတွေ လျော့ချဖို့တွေ လုပ်ဆောင်နေချိန်မှာပဲ မြန်မာ့သဘာဝပတ်ဝန်းကျင် ယိုယွင်းမပျက်စီးစေရေး မြန်မာနိုင်ငံသူ၊ နိုင်ငံသားတိုင်း ကိုယ်ပိုင်အသိစိတ်ဓာတ်နဲ့ အမှိုက်မြင်ရင် အမှိုက်ကောက်တတ်ကြဖို့ လိုအပ်သလို တဦးချင်း တအိမ်ထောင်စုချင်း မြို့နယ်အလိုက်ကနေ တိုင်းနိုင်ငံအထိ အမှိုက်ကို စနစ်တကျစွန့်ပစ်ကြဖို့ကိုလည်း ဦးကျော်ရင်မြင့်က မြေကမ္ဘာနေ့မှာ ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။

"အမှိုက်ကို စနစ်တကျစွန့်ပစ်တတ်အောင် အရင်ကဆို ပြီးစလွယ်ပဲ ကိုယ့်လက်ထဲက လွတ်ပြီးရောဆိုပြီး တွေ့တဲ့နေရာ ပစ်ချခဲ့တာ။ အဲ့လိုအခြေအနေမျိုးကနေ ကျနော်တို့ အမှိုက်တွေကို စနစ်တကျနဲ့ စွန့်ပစ်ဖို့လို့တဲ့အတွက် စည်ပင်ကလည်း အမှိုက်ပုံးကလေးတွေ အမှိုက်စွန့်ပစ်ရမယ့်နေရာတွေ အမှိုက်ကန်တွေ သတ်သတ်မှတ်မှတ် ထားပေးတော့ အမှိုက်သိမ်းရတာလည်း တော်တော်သက်သာသွားတယ်။ နောက်ပြီးတော့ မြေကမ္ဘာလည်း အများကြီး ပိုပြီးတော့ သန့်ရှင်းသွားမယ်။"

လူစည်ကားရာ နေရာတွေနဲ့ အများပြည်သူနေရာတွေမှာ အမှိုက်ကောက်ပြီး ပတ်ဝန်းကျင် သန့်ရှင်းရေး စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေးနေကြသူတွေရှိနေသလိုပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဖြစ်စေချင်တဲ့ အမှိုက်ကင်းစင်ရေးအတွက် ခေါင်းဆောင်က ဦးဆောင်ကောက်ပြချိန်ပဲ ဟန်ပြအမှိုက်ကောက်တာမျိုး မဖြစ်စေချင်ဘူးလို့လည်း ဦးကျော်ရင်မြင့်က ပြောပါတယ်။

" ကျနော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ အလေ့အထတခုက ပွဲပြီးမီးသေပေါ့။ နောက်တခုက ခေါင်းဆောင်လူကြီး တယောက်ယောက်က လုပ်လို့ရှိရင် နောက်ကနေ လိုက်ပြီးတော့ ခနတဖြုတ် လိုက်ပြီးလုပ်ကြတယ် ဥပမာပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အမှိုက်ကောက်ရင် ဝိုင်းပြီး အမှိုက်ကောက်ကြတယ် ဒေါ်စုလည်း အမှိုက်မကောက်တော့ရောအမှိုက်ကောက်တာ မတွေ့ရတော့ဘူး။ အဲ့သလိုမဟုတ်ပဲနဲ့ ဒီအမှိုက်ကို စနစ်တကျစွန့်ပစ်တာ နောက်ပြီးတော့ အမှိုက်ကို ပြန်ပြီးတော့ အသုံးကျအောင် အသုံးချတတ်တာ အဲ့တာတွေကို အစိုးရပိုင်းကလည်း လူတွေကို စဉ်ဆက်မပြတ်လုပ်လာအောင် ဒါကို တာဝန်တရပ်အနေနဲ့လိုသလို အမှိုက်ကနေ စွမ်းအင်ထုတ်ဖို့လည်း စီမံပေးဖို့လိုတယ်။"


မြန်မာနိုင်ငံတွင်း သစ်တောစိမ်းလန်းစိုပြေရေးနဲ့ မြစ်ချောင်းအင်းအိုင်တွေ မတိမ်ကောစေရေး သစ်ပင်မခုတ်ရေးအပါအဝင် အမှိုက်ကင်းစင်ရေးနဲ့ စည်းကမ်းမဲ့အမှိုက်မစွန့်ပစ်ကြရေး စတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု ပညာရှင်တွေ၊ ကျော်ကြားတဲ့ စာပေစာနယ်ဇင်းက စာရေးဆရာ၊ ကာတွန်းဆရာ၊ စာနယ်ဇင်းသမားတွေ၊ အနုပညာရှင်တွေနဲ့ လူငယ်တွေက မြန်မာနိုင်ငံတဝှမ်း လှုပ်ရှားမှုကိုယ်စီနဲ့ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG