သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့စွန်းနိုင်ငံတွေ နှစ်သစ်ကူးပြီ


ဒီကနေ့ဟာ ၂၀၁၃ ခုနှစ်ရဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။ ကမ္ဘာတလွှား အသစ် စတင်ပြောင်းလဲဖို့ အခွင့်အလန်း ရတဲ့နေ့လို့ သတ်မှတ်ကြတဲ့ နှစ်သစ်စတင်တဲ့ နိုင်ငံတွေထဲမှာ ပထမဆုံးနိုင်ငံအဖြစ် နယူးဇီလန်က ၂၀၁၄ ခုနှစ် ပထမဆုံးစတင်တဲ့အချိန်ကို မီးပန်းဗျောက်အိုးတွေ ဖောက်ပြီး ကြိုဆိုလိုက်ကြပါတယ်။

သြစတြေးလျနိုင်ငံ Auckland မြို့ မိုးထိမျှော်စင်ကြီးဆီက မီးပန်းတွေ စလွှွတ်လိုက်တာနဲ့ တမြို့လုံး လမ်းတွေပေါ်ထွက် ကခုန်နေကြပါတယ်။

အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ မြို့ကြီးအတော်များများဟာ ကုန်ဆုံးတော့မယ့် နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကို တေးဂီတတွေ၊ မီးရှုးမီးပန်းတွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ ကြိုဆိုဖို့ စုဝေး ပြင်ဆင်နေကြပါတယ်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာတော့ လူပေါင်း ၁ သန်းခွဲကျော် နှစ်သစ်ပွဲဆင်နွှဲကြဖို့ရှိပြီး ဆစ်ဒနီမြို့ ရေစပ်မှာရှိတဲ့ အထင်ကရ ကပွဲရုံကြီးရှေ့ ရေပြင်ထဲကနေ ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လှေသင်္ဘောတွေပေါ်ကနေ မီးရှုးမီးပန်းတွေ လွှတ်တင်ဖို့ပါ ပြင်ဆင်နေကြပါတယ်။

ဂျပန်နိုင်ငံမှာတော့ ၂၀၁၄ နှစ်သစ်မှာ လာဘ်ကောင်းစေဖို့ ခေါက်ဆွဲနဲ့ ပင်လယ်စာတွေ စားသောက်ရင်း ကြိုဆိုသူတွေရှိသလို ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘုရားကျောင်းတွေ ရုပ်ပွားတွေမှာလည်း ဆုမွန်တောင်းနေကြသူတွေနဲ့ ပြည့်နေပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာတော့ မီးပန်းဗျောက်အိုးတွေကြောင့်လား၊ ရမ်းပြီးပစ်တဲ့ သေနတ်ကျည်ဆံကြောင့်လား မကွဲပြားပေမဲ့ နှစ်သစ်အကြိုည မတိုင်ခင်မှာပဲ လူပေါင်း၂၆၀ ကျော် ဒဏ်ရာရခဲ့တာမို့ အာဏာပိုင်တွေက နှစ်ကူးပွဲတော် ကျင်းပဖို့ ပိတ်ပင်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်နိုင်ငံ တချို့ဒေသတွေမှာ နိုဝင်ဘာလကမှ ထောင်နဲ့ချီပြီး သေဆုံးခဲ့ရတဲ့ ဟိုင်ယန်တိုင်ဖုန်းမုန်တိုင်းဒဏ်ကနေ အခုထိ နလံမထူနိုင်ကြသေးပါဘူး။

အလားတူပဲ ကမ္ဘာတလွှားက မြို့ကြီးတွေဖြစ်ကြတဲ့ ဟောင်ကောင်၊ မော်စကို၊ လန်ဒန်နဲ့ နယူးယောက်မြို့ကြီးတွေမှာလည်း နှစ်သစ်ကို ခမ်းခမ်းနားနား ကြိုဆိုဖို့ စီစဉ်နေကြတာပါ။ နယူးယောက်မှာတော့ နာမည်ကျော် Times Square မှာ ညသန်းခေါင်ကနေ နှစ်အစကူးချိန် ရောက်တဲ့အထိ သံပြိုင်ရေတွက်ရင်း မီးလုံးကြီးအောက်ကို ချမယ့်အစီအစဉ်ကို လာရောက် အားပေးကြမယ့်သူက ၁ သန်းလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

တောင်အာဖရိကနိုင်ငံမှာတော့ ဒီဇင်ဘာ ၅ ရက်နေ့ကမှ ကွယ်လွန်သွားခဲ့တဲ့ အသားရောင်ခွဲခြားမှု တိုက်ဖျက်ရေးခေါင်းဆောင် Nelson Mandela ကို သတိရအောက်မေ့ရင်း နှစ်သစ်ကို ကြိုဆိုကြမှာဖြစ်ပါတယ်။
XS
SM
MD
LG