သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အာရှဒေသမှာ အပူပိုင်းမုန်တိုင်းတိုက်


အရှေ့အာရှဒေသမှာ အပူပိုင်းမုန်တိုင်းတိုက်
အရှေ့အာရှဒေသမှာ အပူပိုင်းမုန်တိုင်းတိုက်

ဖိလစ်ပိုင်နိုင်ငံမှာ လူ့အသက်ဆုံးရှုံးမှုတွေ၊ အပျက်အစီးတွေဖြစ်စေခဲ့တဲ့ အပူပိုင်းမုန်တိုင်းဟာ အခု တရုတ်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံဘက်တွေကို ဖြတ်သန်းသွားတဲ့အတွက် လူအမြောက်အများ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြရပါတယ်။

Nock Ten လို့ နံမည်ရတဲ့ အပူပိုင်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းရဲ့ တချို့ဒေသတွေမှာ စနေနေ့အစောပိုင်းက ရေကြီးခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ပြောပါတယ်။ လူပေါင်း ၁၉၀,၀၀၀ နီးပါးလောက် ဘေးလွတ်ရာမှာ ပြောင်းရွှေ့နေကြရတယ်လို့ တရုတ် တာဝန်ရှိသူတွေက ပြောပါတယ်။

ဗီယက်နမ်နိုင်ငံမှာလည်း တနာရီမိုင် ၆၀ ကျော်နှုန်း လေပြင်းနဲ့အတူ စနေနေ့မှာ ဝင်ရောက်လာတဲ့ Nock Ten မုန်တိုင်းကြောင့် တချို့ ကမ်းရိုးတမ်းဒေသဘက်မှာ နေကြတဲ့သူတွေကို ဗီယက်နမ် တာဝန်ရှိသူတွေက ဘေးကင်းရာကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ တနင်္ဂနွေနေ့ကျရင် မုန်တိုင်းကြောင့် မိုးပိုရွာပြီး လေပြင်းပိုတိုက်ကာ ရေကြီးမှုတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံမှာလည်း ဝင်ရောက်လာမဲ့ Nock Ten မုန်တိုင်းဒဏ်ခံနိုင်ဖို့ ကြိုတင် ပြင်ဆင်မှုတွေကို တာဝန်ရှိသူတွေက လုပ်နေကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံက အဓိကကျွန်းကြီးတကျွန်းဖြစ်တဲ့ လူဇုံ (Luzon) ကျွန်းကို ဗုဒ္ဓဟူးနေ့တုန်းက မိုးကြီး လေကြီးနဲ့ Nock Ten မုန်တိုင်းဝင်ခဲ့တာမှာ တနာရီ လေတိုက်နှုန်းမိုင် ၆၀ နှုန်းလောက်နဲ့ အဆက်မပြတ် လေပြင်းတိုက်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူပေါင်း ၄၁ ယောက်ထက်မနည်း သေဆုံးပြီး တော်တော်များများ ပျောက်ဆုံးနေတယ်လို့ ဖိလစ်ပိုင်တာဝန်ရှိသူတွေက ပြောပါတယ်။

လာအိုဘာသာစကားအရ ငှက်လို့ အဓိပ္ပါယ်ရတဲ့ Nock Ten မုန်တိုင်းဟာ ပစိဖိတ်သမုဒ္ဒရာနဲ့ ထိစပ်နေတဲ့ နိုင်ငံတွေကို ဒီနှစ်ထဲ ဝင်ရောက်တိုက်တဲ့ ဆယ်ခုမြောက်မုန်တိုင်းဖြစ်ပါတယ်။

အာရှက နောက်ထပ် သဘာဝဘေးဒဏ်သတင်းကတော့ အင်ဒိုနီးရှားနိုင်ငံ တောင်ဆူမားထရားပြည်နယ်မှာ မြေပြိုမှုတခုကြောင့် ကလေးငယ် လေးယောက်ထက်မနည်း သေဆုံးပြီး နှစ်ယောက်ဒဏ်ရာရခဲ့ပါတယ်။

Kemahan Lama ရွာမှာ သည်းထန်စွာရွာတဲ့ မိုးဒဏ်ကြောင့် မြေပြိုကျတဲ့အတွက် တောင်စောင်းအောက်မှာ ကစားနေကြတဲ့ကလေးတွေ မြေကြီးအောက်ရောက်ပြီး သေဆုံးခဲ့ကြရတယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက ပြောပါတယ်။ အသက် ၇ နှစ်ကနေ ၁၀ နှစ်ကြား ကလေးတွေ သေဆုံးခဲ့တာဖြစ်ပါတယ်။ ကျောက်တုံး ကျောက်ခဲတွေ ရွှံ့မြေတွေအောက်မှာ ပိတ်မိနေနိုင်တဲ့ တခြားသူတွေကို ကယ်ဆယ်ဖို့ ရွာသားတွေဟာ ရွှံ့မြေပုံတွေကို ကြိုးစား တူးနေကြပါတယ်။ အင်ဒိုနီးရှားမှာ အဆက်မပြတ်မိုးရွာမှုကြောင့် ရုတ်တရက် ရေကြီးမှု၊ မြေပြိုမှုပေါင်းများစွာ နှစ်စဉ်ဖြစ်လေ့ရှိပါတယ်။

XS
SM
MD
LG