သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Easter ဗုံးကွဲမှုကြောင့် နိုင်ဂျီးရီးယားမှာ လူ ၂၀ သေ


အီစတာပွဲတော်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းက ခရစ်ယာန် ဘုရားကျောင်း တကျောင်းအနီး ကားဗုံးထောင် တိုက်ခိုက်မှု တခုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ Kaduna မြို့က ဘုရားကျောင်းအနီး စီးပွားရေးလုပ်ငန်းတွေရှိရာ အရပ်မှာ ဗုံးပေါက်ကွဲခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောခဲ့ကြတာပါ။

တိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်လဲ ဆိုတာတော့ အခုအချိန်အထိ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

တနင်္ဂနွေနေ့နှောင်းပိုင်းမှာပဲ နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ Jos မြို့မှာ နောက်ထပ် ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တာကြောင့် လူအများအပြား ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပေမဲ့ အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။ ခရစ်ယာန်ဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်အဖြစ် နှစ်စဉ် အီစတာ ပွဲတော် ကျင်းပချိန်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားနိုင်တယ်လို့ အနောက်နိုင်ငံ သံတမန်တွေ သတိပေးနေချိန်မှာပဲ အကြမ်းဖက်မှုနဲ့ ကြုံခဲ့ရတာပါ။

နိုင်ဂျီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ခရစ်စမတ် ကာလမှာတုန်းကလည်း မြို့တော် Abuja အနီးမှာရှိတဲ့ ကက်သလစ် ခရစ်ယာန်ဘုရားကျောင်း တကျောင်း အပါအဝင် ဗုံးခွဲတိုက်ခိုက်မှု ၄ ခုမှာ လူအနည်းဆုံး ၄၄ ယောက်အထိ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ တပြိုင်နက်တည်းနီးပါး စီစဉ်တိုက်ခိုက်မှုတွေအဖြစ် တွေ့ရတဲ့ ဒီအကြမ်းဖက်မှုတွေကိုတော့ နိုင်ဂျီးရီးယားနိုင်ငံမှာရှိတဲ့ အစွန်းရောက်အုပ်စု Boko Haram က သူတို့လက်ချက်လို့ ကြေညာခဲ့ပါတယ်။

XS
SM
MD
LG