သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရှေ့ပိုင်း တိုက်ပွဲတွင်း မီးလောင်မှု ၃၀ ကျော်သေဆုံး


ယူကရိန်းနိုင်ငံ Odessa ဆိပ်ကမ်းမြို့ကလေးမှာ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းအစိုးရ လိုလားသူတွေကြား တိုက်ပွဲတွေဖြစ်ပွါးနေချိန်မှာပဲ အဆောက်အဦးတခု မီးလောင်ပြီး လူပေါင်း ၃၁ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။

ယူကရိန်းအစိုးရက အသစ်ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာတော့ မီးလောင်ကျွမ်းတဲ့ အဆောက်အဦးဟာ အလုပ်သမားသမဂ္ဂ အဆောက်အဦးဖြစ်ပြီး ကနဦးထုတ်ပြန်ခဲ့တဲ့ သေဆုံးသူ ၇ ဦးအစား မီးလောင်တဲ့နေရာမှာ အလောင်း ၃၁ လောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ရုရှားသတင်းဌာန RIA Novosti ကတော့ ရဲ ၁၀ ဦးအပါအဝင် ဒဏ်ရာရသူက ၅၀ လောက်ရှိတယ်လို့ ရေးပါတယ်။ Odessa မြို့ဟာ အဓိက ပင်လယ်နက် ဆိပ်ကမ်းမြို့တမြို့ဖြစ်ပြီး ယူကရိန်းအရှေ့ပိုင်းဒေသက ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေ အကြမ်းဘက် သိမ်းပိုက်ထားတဲ့ နေရာအတော်များများကို ပြန်လည် ရယူနိုင်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

သောကြာနေ့ အစောပိုင်းမှာတော့ နိုင်ငံ့အရှေ့ဖျားက သူပုန်တွေသိမ်းပိုက်ထားတဲ့ Slovyansk မြို့ကို ယူကရိန်းအစိုးရတပ်တွေက ပထမဆုံး အဖြစ် ကြီးမားတဲ့ စစ်ဆင်ရေးဝင်ခဲ့ပါတယ်။ ယူကရိန်းတပ်တွေဟာ မြို့ပြင်က သူပုန်တွေရဲ့စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် အစောင့် ထူထူထဲထဲချထားတဲ့ မြို့လယ်အထိတော့ တိုးမသွားနိုင်ဘူးလို့ အနောက်နိုင်ငံက သတင်းတွေမှာ ဖေါ်ပြပါတယ်။

ခွဲထွက်ရေး သမားတွေက ယူကရိန်းစစ်တပ် ရဟတ်ယာဉ် ၂ စီးကို ပစ်ချနိုင်တဲ့အတွက် လေယာဉ်မှူး ၂ ဦးသေဆုံးပြီး တဦးကိုတော့ ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
XS
SM
MD
LG