သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရှေ့ခြမ်း ရွေးကောက်ပွဲ သူပုန်ဦးဆောင်ကျင်းပ


ရွေးကောက်ပွဲ အနိုင်စာရင်းကြေညာထားတဲ့ ရုရှားလိုလားသူပြီး ယူကရိန်းခွဲထွက်ရေးလိုသူ သူပုန်ခေါင်းဆောင် Alexander Zakharchenko
ရွေးကောက်ပွဲ အနိုင်စာရင်းကြေညာထားတဲ့ ရုရှားလိုလားသူပြီး ယူကရိန်းခွဲထွက်ရေးလိုသူ သူပုန်ခေါင်းဆောင် Alexander Zakharchenko

သီးခြားနိုင်ငံအဖြစ်ကြေညာထားတဲ့ ဒေါ့ညက် ပြည်သူ့သမ္မတနိုင်ငံရဲ့ယာယီဝန်ကြီးချုပ်ဟာ ရွေးကောက်ပွဲမှာအနိုင်ရတယ်လို့ ယူကရိန်းအရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက ပြောပါတယ်။ ဒါပေမယ့် ယူကရိန်းအစိုးရနဲ့ အနောက်နိုင်ငံတွေကတော့ ဒါကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြောဆိုထားတာပါ။

လုခ်ဟန့်နဲ့ ဒေါ့ညက်မြို့က ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားရာ ဒေသတွေအတွက် ခေါင်းဆောင်ဖို့နဲ့ ဥပဒေပြုရေးကိုယ်စားလှယ်တွေ ရွေးချယ်ဖို့ ကျင်းပတဲ့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ Alexander Zakharchenko က ၇၉ % နဲ့ အနိုင်ရတယ်လို့ ရွေးကောက်ပွဲဆိုင်ရာအရာရှိတို့က တနလာၤနေ့မှာ ပြောပါတယ်။ သူပုန်တွေရဲ့ ရွေးကောက်ပွဲက တရားမဝင်ကြောင်း ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က ပြောဆိုထားပြီး ဒီလုပ်ရပ်ဟာ ယူကရိန်းရဲ့ အခြေခံဥပဒေကို ချိုးဖောက်တာဖြစ်သလို ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းအစိုးရတို့ကြား စက်တင်ဘာလ ၅ ရက်နေ့က ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ရာရောက်တယ်လို့လည်း ပြောဆိုထားတာပါ။

ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒရေးရာ အကြီးအကဲသစ် Federica Mogherini ကတော့ ဥရောပသမဂ္ဂကတော့ သူပုန်တို့ရဲ့ အခုမဲခွဲမှုက ငြိမ်းချမ်းရေးဆီ လျှောက်လှမ်းနေတဲ့ ယူကရိန်းအတွက် ပြဿနာသစ်အဖြစ် ပြောဆိုလိုက်ပြီး ဒီဆန္ဒမဲပေးမှုကိုလည်း ဥရောပသမဂ္ဂက အသိအမှတ် မပြုဘူးဆိုပြီး ပြောဆိုလိုက်ပါတယ်။

လက်နက်နဲ့ခြိမ်းခြောက်ပြီးကျင်းပတဲ့ ရွေးကောက်ပွဲလို့ ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်းကိုးက ပြောထားပြီး ရုရှားနိုင်ငံခြားရေးဌာနကတော့ ဒီရွေးကောက်ပွဲဟာ ယူကရိန်းအရှေ့ပိုင်း ပြည်သူတွေရဲ့ဆန္ဒတွေကို ထုတ်ဖော်ပြသတာဖြစ်လို့ အသိအမှတ်ပြု တန်ဖိုးထားတဲ့အကြောင်း တနင်္ဂနွေနေ့နှောင်းပိုင်းက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG