သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အီဘိုလာဝေဒနာရှင် တိုးတက်မှုရှိ


အီဘိုလာဝေဒနာရှင်တွေကို ဆေးကုပေးရင်း ဗိုင်းရပ်စ်ကူးစက်ပြီး နာမကျန်းဖြစ်ခဲ့သူ အမေရိကန်နိုင်ငံသား Dr. Kent Brantly (ဝဲ)
အီဘိုလာဝေဒနာရှင်တွေကို ဆေးကုပေးရင်း ဗိုင်းရပ်စ်ကူးစက်ပြီး နာမကျန်းဖြစ်ခဲ့သူ အမေရိကန်နိုင်ငံသား Dr. Kent Brantly (ဝဲ)

လိုက်ဘေးရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေရင်း အသက်အန္တရာယ်ပေးနိုင်တဲ့ အီဘိုလာရောဂါ ကူးစက်ခံခဲ့ရတဲ့ အမေရိကန်ဆရာဝန်ရဲ့အခြေအနေဟာ တိုးတက်မှုတွေ တွေ့လာရတယ်လို့ ထိပ်တန်းအမေရိကန် ကျန်းမာရေးအရာရှိတဦးက ပြောလိုက်ပါတယ်။

တခြားတသီးပုဂ္ဂလ လူနာတွေရဲ့ အနာဂတ်ကို ကြိုတင်ဟောကိန်းမထုတ်နိုင်ပေမဲ့ အားတက်စရာတော့ကောင်းပါတယ်။ ရောဂါကူးစက်ခံခဲ့ရသူ Dr. Kent Brantly ရဲ့ အခြေအနေကတော့ ပိုမိုကောင်းမွန်လာတာကို တွေ့ရတယ်လို့ အမေရိကန် ရောဂါထိန်း ချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာနရဲ့ အကြီးကဲဖြစ်သူ Tom Frieden က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

Dr. Brantly ကို အာဖရိက ကနေ အထူးသီးသန့်လုပ်ထားတဲ့ လေယာဉ်နဲ့ ခေါ်ဆောင်လာခဲ့ပြီး စနေနေ့တုံးက သူဟာ ဘေးကတွဲပေးတဲ့ လူတယောက်ရဲ့ အကူညီနဲ့ အမေရိကန်နိုင်ငံ တောင်ပိုင်း Georgia ပြည်နယ်က ဆေးရုံတစ်ရုံအတွင်းကို လမ်းလျှောက်ပြီး ဝင်ရောက်သွားနိုင်ခဲ့ပါတယ်။

အဲဒီဆရာဝန်ဟာ အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှု ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ လိုက်ဘေးရီးယားနိုင်ငံမှာ ခရစ္စယာန် ကုသိုလ်ဖြစ်အဖွဲ့တဖွဲ့အတွက် ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။ အခုဆိုရင် အာဖရိက အနောက်ပိုင်းဒေသမှာ အီဘိုလာရောဂါနဲ့ သေဆုံးသူအရေအတွက်ဟာ ၇၀၀ ကျော်သွားပါပြီ။

Brantly နဲ့ လုပ်ဖေါ်ကိုင်ဖက်တဦးဖြစ်တဲ့ ခရစ္စယာန်သာသနာပြု Nancy Writebol ဟာလည်း Brantly နဲ့အတူ အီဘိုလာရောဂါပိုး ကူးစက်ခံခဲ့ရသူပါ။ သူမကိုလည်း မကြာခင် ရက်ပိုင်း အတွင်း အမေရိကန်နိုင်ငံကို ပြန်ပြီးတော့ ခေါ်ဆောင်လာမယ်လို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG