အနောက်အာဖရိကနိုင်ငံတွေမှာ အီဘိုလာရောဂါပိုး ကူးစက်ပြန်နှံမှုကို ရပ်တန့်စေဖို့အတွက် ကျွမ်းကျင်တဲ့ဆေးဝန်ထမ်းတွေ ပိုပြီး လိုအပ်နေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ပြောလိုက်ပါတယ်။ အီဘိုလာရောဂါပိုးကြောင့် သေဆုံးသူ အရေအတွက်ဟာလည်း ၂၄၀၀ ကျော်သွားပြီလို့ သောကြာနေ့က ဂျီနီဗာမှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း WHO အကြီးအကဲ Dr.Margaret Chan က ပြောခဲ့ပါတယ်။
ရောဂါပိုး ကူးစက်ခံရသူဟာလည်း ၄၇၈၄ ဦးအထိ ရှိသွားပြီလို့ ပြောပါတယ်။ အီဘိုလာရောဂါပိုး ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြတဲ့ တာဝန်ရှိသူတွေမှာလည်း အကာအကွယ်ယူတဲ့ဝတ်စုံတွေ ရွေ့ပြောင်းနိုင်တဲ့ စမ်းသပ်ခန်းတွေ ရုပ်အလောင်းထည့်တဲ့အိတ်တွေ စတဲ့ ပစ္စည်းပစ္စယတွေ အတော်များများ ပြတ်တောက်ကုန်ပြီလို့ Dr.Chan က ပြောပါတယ်။
ဒါပေမယ့်လည်း အဓိက ကြုံနေရတဲ့အတားအဆီးကတော့ ကျွမ်းကျင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းတွေ မရှိတာပဲလို့ ပြောပါတယ်။ အီဘိုလာရောဂါပိုးကြောင့် လိုက်ဗေးရီယားနိုင်ငံတွင်း ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်း ၈၀ နီးပါး သေဆုံးခဲ့ရတယ်လို့ WHO က ပြောပါတယ်။ အီဘိုလာရောဂါပိုး ပြန့်နှံမှုဟာ လိုက်ဘေးရီယားနိုင်ငံမှာ အဆိုးဆုံးဖြစ်နေတာပါ။