အီဘိုလာရောဂါ ကူးစက်မှုဒဏ် ခံစားနေရတဲ့ အနောက်အာဖရိကကို ထောင်နဲ့ချီတဲ့ အကူညီပေးရေး အမေရိကန် တပ်ဖွဲ့ဝင်တွေ ပို့လွှတ် ချထားမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက အင်္ဂါနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။ အခုဆိုရင် အနောက်အာဖရိကမှာ အီဘိုလာရောဂါနဲ့ သေဆုံးခဲ့ရသူ အရေအတွက် ၂၅၀၀ နီးပါး ရှိနေပါပြီ။
နိုင်ငံတောင်ပိုင်း Atlanta မှာရှိတဲ့ အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးဗဟိုဌာနရဲ့ ဌာနချုပ်မှာ ကျန်းမာရေး ကျွမ်းကျင်သူပညာရှင်တွေနဲ့ တွေ့ဆုံစကားပြောကြားစဉ် နိုင်ငံတကာအနေနဲ့ တုံ့ပြန်ဆောင်ရွက်တဲ့နေရာမှာ အမေရိကန်စစ်တပ်ဟာ ထိထိရောက်ရောက် မြန်ဆန် အသွက်လက်ဆုံး ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
Sierra Leone၊ Guinea နဲ့ Liberia နိုင်ငံတွေက ကျန်းမာရေးစနစ်တွေဟာ သုံးမရနိုင်တော့လောက်တဲ့ အခြေအနေမှာ ရောက်နေကြောင်း သမ္မတက ပြောပါတယ်။ အမေရိကန်တပ်ဖွဲ့တွေဟာ အီဘိုလာရောဂါ ခံစားရသူတွေကို တိုက်ရိုက် စောင့်ရှောက်မှုပေးမှာမဟုတ်ဘဲ အဲဒီမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းပေးတာ၊ ဝေဒနာသည်တွေကို ပိုမို ကုသမှုပေးနိုင်အောင် ကျန်းမာရေး အထောက်ကူပြု ပစ္စည်းတွေ တတ်ဆင်ထားတဲ့ ကုတင် ၁၀၀ ဆန့် ဆေးရုံ ၁၇ လုံး တည်ဆောက်ပေးမှာ စတာတွေ ပါဝင်တယ်လို့ ပြောပါတယ်။
ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားအောင်နဲ့ အနောက်အာဖရိကမှာ နိုင်ငံရေး မငြိမ်သက်မှုတွေ ဖြစ်မလာရအောင် နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ အလျှင်အမြန် တုံ့ပြန်ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ သမ္မတက ပြောပါတယ်။