အာဖရိကတိုက် အနောက်ပိုင်းမှာ လူတွေသေလောက်တဲ့အထိဖြစ်နေတဲ့ အီဘိုလာရောဂါဟာ ဒေသတွင်း နဲ့ ကမာ့္ဘလုံခြုံရေးကိုပါ ခြိမ်းခြောက်နေတာကြောင့် အီဘိုလာရောဂါဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ဖို့အတွက် ၊ ကမ္ဘာကြီးအနေနဲ့ ဒီထက်မက လုပ်ဆောင်သွားဖို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ကမ္ဘာ့နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။
သမ္မတအိုဘားမားဟာ ကြာသာပတေးနေ့မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂရဲ့ ထိပ်တန်း အစည်းအဝေးအတွင်း အဲဒီလို ပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီရောဂါကြောင့် လူမှုကပ်ဒုက္ခဆိုးကြီးဖြစ်လာနိုင်ပြီး ၊ အဲဒီကနေ လာမယ့်လတွေ အတွင်း လူပေါင်း သိန်းနဲ့ချီ သေဆုံးလာနိုင်တယ်လို့ ပြောလိုက်ပါတယ်။
အီဘိုလာရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ အခုအခါမှာ ၃ ထောင်နီးပါရှိသွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က ပြောပါတယ်။
အီဘိုလာရောဂါအဆိုးဆုံးဖြစ်နေတဲ့ နိုင်ငံတွေဖြစ်ကြတဲ့ ဂီနီ၊ ဆီရာယာလီယုံး နဲ့ လိုင်ဘေးရီးယားနိုင်ငံတွေမှာ ရောဂါမပြန့်ပွားနိုင်အောင် ကုလသမဂ္ဂက ကြိုးပမ်းဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီးတော့ အမေရိကန်သမ္မတအိုဘားမားက ချီးကျူးလိုက်ပါတယ်။ ဒါပေမဲ့ ဒီရောဂါကို ထိန်းချုပ်ကာကွယ်တဲ့နေရာမှာ ကမ္ဘာကြီးတုံ့ပြန်မှုကတော့ နှေးနေသေးတယ်လို့ ပြောလိုက်ပါတယ်။