သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ebola ရောဂါကုသမှု စမ်းသပ်ဆေးဝါးသုံးရေး WHO ဆွေးနွေးမည်


Ebola ကပ်ရောဂါ ပြန့်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေက ဝေဒနာသည်တွေကို ZMapp လို့ခေါ်တဲ့ စမ်းသပ်ဆဲကာလ ဆေးဝါး ပေးသင့် မပေးသင့်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကျင့်ဝတ်ပိုင်းဆိုင်ရာ ကြားနာစစ်ဆေးမှုကို ရှေ့ သီတင်းပတ်အတွင်း ပြုလုပ်မှာ ဖြစ်ပါတယ်။

လိုက်ဘေးရီးယားနိုင်ငံမှာ ကျန်းမာရေးဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရင်း Ebola ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား ၂ ဦးဟာ အဲဒီစမ်းသပ်ဆေးရည်ကို သုံးစွဲပြီးတဲ့နောက် လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း တိုးတက်တဲ့ လက္ခဏာတွေ ပြသခဲ့ပါတယ်။

အဲဒီဆေးကို လူတွေမှာ စမ်းသပ်ခြင်း မပြုရသေးဘဲ တိရစ္ဆာန်တွေမှာသာ စမ်းသပ်ရသေးပြီး ထုတ်လုပ်ပြီးသား ဆေးပမာဏဟာလည်း အကန့်အသတ်နဲ့ပဲ ရှိနေသေးတဲ့အကြောင်း ZMapp ကို ထုတ်လုပ်တဲ့ ကုမ္ပဏီက ပြောပါတယ်။

အဲဒီဆေးကို ဘယ်သူတွေကို ပေးသင့်တယ်ဆိုတဲ့ ကိစ္စကိုလည်း WHO အဖွဲ့က တာဝန်ရှိသူတွေ ထည့်သွင်း စဉ်းစားကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ebola ကပ်ရောဂါဟာ တဖြည်းဖြည်း တခြားဒေသတွေကိုပါ ပြန့်ပွားလာနေတာမှာ ဗုဒ္ဓဟူးနေ့က နိုင်ဂျီးရီးယားနိုင်ငံမှာ ဒုတိယမြောက်လူနာ သေဆုံးသွားတဲ့အကြောင်း တာဝန်ရှိသူတွေက ဝန်ခံ ပြောဆိုလိုက်ပြီး၊ ဆော်ဒီ အာရေးဗီးယားနိုင်ငံမှာလည်း Ebola ရောဂါပိုး ကူးစက်နေသူလို့ မသင်္ကာသူတဦး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG