သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဘိုလာကြောင့် သေဆုံးသူ အမြန်သင်္ဂြိုလ်ဖို့ လိုက်ဘေးရီးယားကြိုးစား


လိုက်ဘေးရီးယားနိုင်ငံက တာဝန်ရှိသူတွေဟာ အီဘိုလာရောဂါပိုး ကူးစက်ခံရပြီး သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို လျှင်လျှင်မြန်မြန် သင်္ဂြိုလ်နိုင်ဖို့ အားထုတ်ကြိုးပမ်းနေကြပါတယ်။ ကျန်းမာရေးစနစ် ချို့ယွင်းမှုကြောင့် တချို့နေရာတွေမှာ ရောဂါကြောင့် သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို ဒီအတိုင်း စွန့်ပစ်ထားတာတွေ မြေမမြှုပ်ဘဲ ရက်ပေါင်းများစွာ ထားတာတွေ ရှိတဲ့အကြောင်း ဒေသတွင်း မီဒီယာတွေက ထုတ်ဖော်ပြောဆိုကြပါတယ်။

တနင်္ဂနွေနေ့တုန်းက Monrovia မြို့တော်က တနေရာမှာဆိုရင်လည်း သေဆုံးသူ ၄၀ နီးပါးရဲ့ ရုပ်ကြွင်းတွေကို တွေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ လိုက်ဘေးရီးယား ပြန်ကြားရေးဝန်ကြီး Lewis Brown ကတော့ လူထုတွေဆီကနေ ဝေဖန်ပြောဆိုမှုအပေါ် တုံ့ပြန်ဖို့ တာဝန်ရှိသူတွေအနေနဲ့ ဘာမှ ပြင်ဆင်မထားဘူးလို့ ပြောပါတယ်။

အဲဒီနောက်မှာတော့ သမ္မတ Ellen Johnson Sirleaf က သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မီးရှို့သင်္ဂြိုလ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ တနင်္လာနေ့ အစောပိုင်းတုန်းကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အီဘိုလာဗိုင်းရပ်စ်အကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ဆီယာလီယွန်း၊ လိုက်ဘေးရီးယားနဲ့ ဂီနီနိုင်ငံက ရောဂါပိုးကူးစက်ခံရပြီး သေဆုံးသူတွေအကြောင်း ထုတ်ပြန်ထားပါတယ်။

အနောက်အာဖရိက တိုင်းပြည်တွေမှာ ရောဂါကူးစက်ခံရသူပေါင်း ၁၆၀၀ ကျော်ရှိနေပြီး အဲဒီထဲက လိုက်ဘေးရီးယားမှာ သေဆုံးသူ ၂၅၅ ယောက် အပါအဝင် လူပေါင်း ၉၀၀ နီးပါးကတော့ သေဆုံးခဲ့ပါတယ်။ ဒီအတောအတွင်း အီဘိုလာရောဂါ ကူးစက်ခံရတဲ့ အမေရိကန် သာသနာပြု အဖွဲ့ဝင်တဦးကို အထူးလေယာဉ်နဲ့ လိုက်ဘေးရီးယား နိုင်ငံကနေ ပြန်လည် ခေါ်ဆောင်လာခဲ့ပါတယ်။ Nancy Writebol ကို ဒီကနေ့မနက် အစောပိုင်းက Monrovia ကနေ ခေါ်ဆောင်လာခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကို အင်္ဂါနေ့နှောင်းပိုင်းမှာ ရောက်ရှိမှာဖြစ်ပါတယ်။

အမေရိကန် အရှေ့တောင်ပိုင်း Atlanta မြို့မှာရှိတဲ့ Emory တက္ကသိုလ်ဆေးရုံမှာ ကုသမှုပေးမှာ ဖြစ်ပါတယ်။ လိုက်ဘေးရီးယားနိုင်ငံမှာ လူနာတွေကို ကုသပေးရင်း အီဘိုလာရောဂါ ကူးစက်ခံရတဲ့ တခြား အမေရိကန်ဆရာဝန်တဦးကိုလည်း အဲဒီဆေးရုံမှာပဲ ဆေးကုသပေးနေတာပါ။ ခရစ်ယာန်အဖွဲ့က တာဝန်ရှိသူတွေကတော့ Dr. Kent Brantly ကို လိုက်ဘေးရီးယားက မထွက်ခွာခင် အီဘိုလာရောဂါအတွက် ဆေးအသစ်တမျိုးနဲ့ ကုသပေးခဲ့တဲ့အပြင် အသက် ၁၄ နှစ်အရွယ် အီဘိုလာရောဂါ ပျောက်ကင်းသူဆီကနေ သွေးယူပြီး သွင်းပေးခဲ့ရပါတယ်။ အဲဒီ ၁၄ နှစ်အရွယ် ယောကျာ်းလေးတယောက်ကို ဒေါက်တာ Brantly ကပဲ ကုသပေးခဲ့တာပါ။

အမေရိကန်ပြည်ထောင်စု နယူးယောက်ဆေးရုံမှာလည်း အီဘိုလာဗိုင်းရပ် ရှိ မရှိ သံသယဖြစ်ဖွယ်ရာ အမျိုးသားတဦးကို စစ်ဆေးနေပါတယ်။ တနင်္လာနေ့ အစောပိုင်းတုန်းက ခန္ဓာကိုယ် အပူချိန်မြင့်ပြီး ဝမ်းဗိုက် အစာအိမ် ပြဿနာရှိနေတဲ့အတွက် သူဟာ အရေးပေါ်ခန်းကို ရောက်ရှိလာတာဖြစ်ပြီး သူ့ကို သီးခြားခွဲထားခဲ့တယ်လို့ မောင့်ဆင်းနိုင်ဆေးရုံက တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီသူဟာ အီဘိုလာ ဖြစ်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံကို ခရီးသွားခဲ့သူဖြစ်ပြီး ရောဂါအခြေအနေကိုတော့ သေချာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

XS
SM
MD
LG