Ebola ရောဂါကို ကုသဖို့အတွက် စမ်းသပ်ဆေးဝါးတမျိုးကို လာမယ့် ဇန်နဝါရီလမှာ အသုံးပြုနိုင်လိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဖြစ်တဲ့ WHO က ပြောဆိုလိုက်ပါတယ်။
Ebola ဆေးဝါးကို လက်တွေ့ သုတေသန စမ်းသပ်မှုတွေ ပြုလုပ်နေသလို ဥရောပ၊ အမေရိကန်ပြည်ထောင်စုနဲ့ အာဖရိက စတဲ့ အရပ်တွေမှာ စမ်းသပ်ကုသမှုတွေလုပ်ဖို့ ပြင်ဆင်နေကြောင်း WHO လက်ထောက်ညွှန်ကြားရေးမှူး Dr. Marie Paule Kieny က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
ဒီစမ်းသပ်ဆေးဝါးဟာ စိတ်ချရမယ်ဆိုရင် သောင်းနဲ့ချီတဲ့ ဆေးတွေကို အနောက်အာဖရိကကို ပို့ပေးပြီး ဇန်နဝါရီလမှာ စမ်းသပ်ကုသမှာ ဖြစ်တယ်လို့ သူမက ပြောပါတယ်။
ဂျနီဗာမြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ဒီ Ebola ရောဂါ ကုသတဲ့ဆေးဝါးကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်အောင် ဘယ်အချိန်ကာလမှာ ထုတ်လုပ်နိုင်မယ် ဆိုတာကိုတော့ ပြောမသွားပါဘူး။
Ebola ရောဂါသည်တွေကို ကူညီကုသမှုပေးခဲ့ရာကနေ ရောဂါကူးစက်ခံခဲ့ရတဲ့ စပိန်နိုင်ငံက သူနာပြုကို ၂ ကြိမ်တိုင်တိုင် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး Ebola ရောဂါပိုး မတွေ့ရတော့ကြောင်း ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
Teresa Romero Ramos ဟာ အခုလစောစောပိုင်းက သူမမှာ Ebola ရောဂါ ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့ပြီး အဲဒီအချိန်ထဲက ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတာဖြစ်ပါတယ်။ ဒီရောဂါကြောင့် အခုနှစ်အတွင်း အနောက်အာဖရိကမှာ လူပေါင်း ၄၅၀၀ ကျော် သေဆုံးခဲ့ရပြီးပါပြီ။
ဒီအတောအတွင်း Ebola ရောဂါ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့ Liberia, Sierra Leone, Guinea စတဲ့ နိုင်ငံတွေကနေ အမေရိကန် ပြည်ထောင်စုကို လာရောက်မည့် ခရီးသည်တွေဟာ Ebola ရောဂါ ရှိ မရှိ စမ်းသပ်စစ်ဆေးတဲ့ ကိရိယာတွေ တတ်ဆင်ထားတဲ့ လေဆိပ်ကြီး ၅ ခုအနက်က တခုမှာ ဆိုက်ရောက်ကြရလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။