သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲ ဒေါ်စုကို ဖိတ်ကြား


စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲ ဒေါ်စုကို ဖိတ်ကြား
စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲ ဒေါ်စုကို ဖိတ်ကြား

နေပြည်တော်မှာ မနက်ဖြန် စတင်ပြုလုပ်မယ့် နိုင်ငံတော်အဆင့် ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်တွေက တရားဝင် ဖိတ်ကြားလိုက်ပါတယ်။ မနေ့ ဗုဒ္ဓဟူးနေ့တုန်းကမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို အလုပ်ရုံ ဆွေးနွေးပွဲဆိုင်ရာ ကျင်းပရေး ဦးစီးကော်မတီက ဖိတ်စာ လာရောက် ပေးပို့တာလို့ သိရပါတယ်။

NLD ဘက်က ပြောခွင့်ရ ဦးအုန်းကြိုင်ကတော့ ဒေါ်အောင်ဆန်းစုကြည် အခုလို ဖိတ်စာ လက်ခံရရှိတာကို အတည်ပြုပေမဲ့ တက်မတက် ဆုံးဖြတ်ချက်ကိုတော့ မသိသေးဘူးလို့ ပြောပါတယ်။

“နေပြည်တော်မှာ ကျင်းပဖို့ရှိတဲ့ နိုင်ငံတော် စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားရေးအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ၊ အဲဒီဆွေးနွေးပွဲကို ဆွေးနွေးပွဲ ကျင်းပရေးဆိုင်ရာ ဦးစီး ကော်မတီက မနေ့က အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်စာ လာပေးပါတယ်။ ဖိတ်စာ လက်ခံရရှိပါတယ်။ ဆွေးနွေးပွဲ တက်မယ်၊ မတက်ဘူး၊ ကျနော်တို့ကို ဘာမှ မပြောသေးပါဘူး။ ကျနော်တို့ ဘာမှ မပြောနိုင်သေးပါဘူး။”

တချို့သတင်းတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လေ့လာသူအနေနဲ့ တက်ရောက်ဖွယ် ရှိတယ်လို့ ဆိုနေပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

ဒီအလုပ်ရုံ ဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်မယ့်အပြင် အစိုးရ အာဏာပိုင်တွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် ဝန်ကြီးတွေ၊ နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အသင်းအဖွဲ့တွေနဲ့ နိုင်ငံခြား သံတမန် တချို့ကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနမှာ ၃ ရက်ကြာ ပြုလုပ်မှာ ဖြစ်ပါတယ်။ နိုင်ငံတော် စီးပွားဖွံ့ဖြိုးရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို ဒါ ပထမဆုံး အကြိမ်အဖြစ် ကျင်းပတာဖြစ်ပြီး အမျိုးသား စီမံကိန်း ဝန်ကြီးဌာနက အဓိက ဦးဆောင်ပြုလုပ်တယ်လို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မူဝါဒ ဖော်ဆောင်ဖို့ လက်တွေ့ လုပ်ငန်းစဉ်တွေ ချမှတ်နိုင်မယ့် အလုပ်ရုံ ဆွေးနွေးပွဲ ဖြစ်မယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေကတော့ ယူဆထားပါတယ်။

XS
SM
MD
LG