သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးအခြေအနေကောင်းတဲ့ တရုတ်နဲ့ အာဖရိက


IMF နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ နှစ်ပတ်လည် ပူးတွဲအစည်းအဝေးကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပခဲ့ပါတယ်။ အောက်တိုဘာလ ၁၃၊ ၂၀၁၂
IMF နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ နှစ်ပတ်လည် ပူးတွဲအစည်းအဝေးကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပခဲ့ပါတယ်။ အောက်တိုဘာလ ၁၃၊ ၂၀၁၂
ယူရိုငွေကြေးကိုသုံးစွဲတဲ့ ဥရောပနိုင်ငံတွေမှာ စီးပွားရေးအကျပ်အတည်း ဆိုက်နေတာဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပေါ် ကြီးကြီးမားမားကို သက်ရောက်နေပါတယ်။ ဒါပေမဲ့လည်း တရုတ်နဲ့ ဆာဟာရသဲကန္တာရတောင်ပိုင်း အာဖရိကတိုက်လို နေရာတွေမှာတော့ အတော်လေး အခြေအနေကောင်းတွေ ရှိနေပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အပြည် ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ နှစ်ပတ်လည် ပူးတွဲအစည်းအဝေးကျင်းပရာ ဂျပန်နိုင်ငံ၊ တိုကျို မြို့တော်ကနေ ဗွီအိုအေသတင်းထောက် Steve Herman ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေးကဏ္ဍ မှာ တင်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ နောက်နှစ်ကျရင် ၈% အထက်ကို ပြန်ရောက်သွားမယ်လို့ IMF က ခန့်မှန်းပါ တယ်။

တရုတ်နိုင်ငံရဲ့ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ အိမ်ခြံမြေဈေးကွက် ပြိုလဲကျပြီး အဲဒီတိုးတက်မှုနှုန်းကို အားနည်းအောင် လုပ်လေမလားဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေတယ်ဆိုတာကိုတော့ IMG ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Anoop Singh က အသိအမှတ်ပြုပါတယ်။

“အဲဒီအခြေအနေက အကျဘက်ကို ဦးတည်နေတဲ့အန္တရာယ် ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့ တွေးမိတာက အဲဒီအခြေအနေဖြစ်ဖို့ ဝေးတယ်ဆိုတာပါ။ တရုတ်နိုင်ငံအနေနဲ့ သိပ်ခက်ခဲတဲ့အခြေအနေမျိုး ရောက်ဖို့မရှိပါဘူး။”

ယူရိုငွေကြေးတခုထဲကို သုံးစွဲတဲ့ ဥရောပနိုင်ငံတွေမှာ အကျပ်အတည်း ဆိုက်နေတာက တရုတ်နဲ့အိန္ဒိယတို့လို နိုင်ငံတွေအပြင် အာရှဒေသ တခြားနိုင်ငံတွေကနေ တင်ပို့ကုန်တွေအပေါ် ဝယ်လိုအားကို ထိခိုက်နေတာပါ။

ယေဘုယျအားဖြင့် ပြောရရင်တော့ အာရှဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ နောက်နှစ်မှာ ၅.၉% ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒါဟာ IMF က အရင် ခန့်မှန်းထားတဲ့ ၆.၆% ကနေ ကျသွားတာပါ။ ဒါပေမဲ့လည်း အဲဒီ တိုးတက်မှုနှုန်းကိုကပဲ ကမ္ဘာပေါ်မှာ စီးပွားရေးအရ အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒေသအဖြစ် အာရှဒေသဟာ ဆက်ရှိနေတုန်းပါပဲ။

အရှိန်အဟုန်နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေတဲ့ ဒေသတခုအဖြစ်ထက် ဆင်းရဲမွဲတေတဲ့ဒေသတခုအဖြစ် ပိုသိထားကြတဲ့ နောက်ထပ်ဒေသတခုမှာလည်း ပိုပြီး တောက်ပတဲ့ အနာဂတ်အလားအလာရှိနေပါတယ်။ အဲဒါကတော့ ဆာဟာရ သဲကန္တာရ တောင်ပိုင်း အာဖရိကဒေသပါပဲ။ အဲဒီဒေသရဲ့ နောက်နှစ်အတွက် ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ၅% ရှိမယ်ဆိုတဲ့ ခန့်မှန်းချက်နဲ့ အတူ အနာဂတ်အလားအလာက အတော့်ကို အပေါင်းလက္ခဏာ ဆောင်နေတယ်လို့ IMF က ပြောပါတယ်။

ယူရိုငွေကြေးသုံးစွဲတဲ့ဒေသက အကျပ်အတည်းရဲ့ ရိုက်ခတ်မှုသာ မရှိဘူးဆိုရင် နောက်ထပ် အနည်းဆုံး ၁% ပိုပြီး တိုးတက် နိုင်တယ်လို့ IMF ရဲ့ အာဖရိကဒေသဆိုင်ရာဌာန ညွှန်ကြားရေးမှူး Antoinette Monsio Sayeh က ပြောပါတယ်။

“ဒီနေ့ထိကတော့ နိုင်ငံတကာမှာ ကုန်ပစ္စည်း ဈေးနှုန်းတွေက အတော်လေး ကောင်းနေဆဲပါပဲ။ ဒီတော့ ဒေသ တွင်းက သဘာ၀ သယံဇာတအရင်းအမြစ်တွေကို တင်ပို့တဲ့နိုင်ငံတွေအတွက် အထောက်အပံ့ဖြစ်စေပါတယ်။ ဒုတိယအချက် ကတော့ အများပိုင်နဲ့ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ပြည်တွင်းဝယ်လိုအားက ဖွံ့ဖြိုးတိုးတက်မှုကို အခိုင်အမာ အထောက် အပံ့ဖြစ်စေပါတယ်။”

ဒါပေမဲ့လည်း စားသောက်ကုန်ဈေးနှုန်းတွေ တက်လာနေတာက မာလာဝီ၊ ဇင်ဘာဘွေနဲ့ လီဆိုသိုတို့လို တချို့နိုင်ငံတွေ အတွက် စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှုတခုဖြစ်နေတယ်လို့ Sayeh က သတိပေးပါတယ်။

ဆာဟာရသဲကန္တာရတောင်ပိုင်း အာဖရိကဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အားလုံးခံစားရတဲ့ ဖွံ့ဖြိုးတိုးတက်မှုမျိုးမဟုတ်ဘဲ နောက်ကျန်ရစ်နေတဲ့လူ အများကြီးရှိနေတယ်လို့ နာမည်ကျော်အဆိုတော် ဘိုနို ပူးတွဲထူထောင်ထားတဲ့ One ဆိုတဲ့ စည်းရုံး လှုံ့ဆော်ရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးတဦးဖြစ်သူ နိုင်ဂျီးရီးယားလူမျိုး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီးပွားရေးပညာရှင် Edith Jibunoh က ပြောပါတယ်။

“ကိန်းဂဏန်းတွေကို အားလုံးပေါင်းမကြည့်ဘဲ ခွဲပြီးကြည့်မယ်ဆိုရင် အတော် စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတချို့ကို တွေ့ရပါလိမ့်မယ်။ အာဖရိကတိုက်မှာ အခြေခံအဆောက်အအုံ အားနည်းမှုအပိုင်းက အရမ်းကို ကြီးမားနေဆဲပါ။ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် နှစ်စဉ် လိုအပ်တဲ့ငွေရဲ့ သုံးပုံတပုံကိုတောင်မှ မရင်းနှီး နိုင်ပါဘူး။”

အဲဒီ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တဲ့ ငွေကြေးပမာဏဟာ နှစ်စဉ် ဒေါ်လာ ဘီလီယံ ၄၀ ထိ ရှိပါတယ်။
ဒီအတောအတွင်းမှာပဲ နိုင်ငံတွေရဲ့ ဘဏ္ဍာငွေလျာထားချက်တွေကို လျှော့ချဖို့ အာဖရိကတိုက်က မူဝါဒချမှတ်သူတွေကို IMF က အကြံပေးနေပါတယ်။ အထူးသဖြင့်တော့ လောင်စာဆီနဲ့ လျှပ်စစ်ဓာတ်အားတွေအတွက် အစိုးရတွေက မျှေ၀ ကျခံပေးနေ တာကို လျှော့ချဖို့ပါ။ နိုင်ငံတကာမှာ စီးပွားရေးတိုးတက်မှု နှေးကွေးလာတဲ့အချိန်မျိုးမှာ ကိုယ့်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းထားနိုင်အောင် အဲဒီငွေတွေကို အသံးုပြုပါလို့ အကြံပေးနေတာဖြစ်ပါတယ်။

၄၅ နိုင်ငံအကြား ဒေသတွင်းကုန်သွယ်မှုကို တည်ဆောက်ခြင်းအားဖြင့် ယူရိုငွေကြေးဒေသရဲ့ ဒုတိယအကြိမ်မြောက် ရိုက်ခတ် မှုကြောင့် စီးပွားရေး ဆုတ်ယုတ်ကျဆင်းမယ့်အရေးကနေ ခုခံ ကာကွယ်နိုင်တယ်လို့ တန်ဇန်းနီးယားဘဏ်ရဲ့ အုပ်ချုပ်ရေးမှူး Benno Ndulu က ပြောပါတယ်။

အခြေအတင် အငြင်းအခုန်ဖြစ်ဖွယ်ရှိတဲ့ နောက်ထပ် စိတ်ကူးတခုကိုလည်း Ndulu က ပြောဆိုနေတာပါ။

“ကျနော်တို့နိုင်ငံတွေမှာ အကျပ်အတည်းဆိုက်နိုင်တဲ့ အခြေအနေတွေအပေါ် ကွာခြားချက်တွေကို အသုံးချနိုင်ဖို့ အရန်ငွေကြေး ရန်ပုံငွေတရပ် စုပေါင်းတည်ထောင်ရေး ဖြစ်နိုင်ခြေကို ကြည့်ရအောင်ပါ။ ကျနော်တို့အားလုံး ကြုံရ တဲ့ အကျပ်အတည်းတွေက မတူပါဘူး။ ကုန်ပစ္စည်းအားလုံး တချိန်ထဲမှာ ဈေးကျတာမျိုးမဟုတ်ပါဘူး။ အကျပ်အတည်းတွေကို စုပေါင်းပြီး ရင်ဆိုင်သင့်တယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီလိုအခြေအနေကို ရောက်ဖို့ကတော့ နိုင်ငံရေးအရ တကယ့်ကို အားကောင်းတဲ့ ဆုံးဖြတ်ချက်မျိုးချဖို့ လိုနိုင်ပါတယ်။”

ဒီဒေသရဲ့ အကြီးဆုံးနိုင်ငံဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေထက်စာရင် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနဲ့ ပိုပြီး ဒွေးရောယှက်တင်ရှိတဲ့ တောင်အာဖရိကနိုင်ငံကတော့ နောက်နှစ်မှာ ၁.၆% ပဲ ဖွံ့ဖြိုးတိုးတက်မယ်လို့ ခန့်မှန်းထားပါတယ်။

တောင်အာဖရိကနိုင်ငံဟာ အလုပ်သမားအရေး မတည်မငြိမ်မှုတွေ၊ အလုပ်လက်မဲ့အရေအတွက် များလွန်းတာတွေနဲ့ ရင်ဆိုင် ရုန်းကန်နေရပါတယ်ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် စီးပွားရေးအစီအစဉ်ကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG