သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှိနေတဲ့ အခွင့်အလန်းတွေနဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို လေ့လာဆန်းစစ် ထားတဲ့ စီးပွားရေးဆိုင်ရာ စစ်တမ်းတခုကို ပြီးခဲ့တဲ့သီတင်းပတ် အင်္ဂါနေ့က ရန်ကုန်မြို့မှာ ထုတ်လိုက်တာပါ။ မြန်မာ့စီးပွားရေး စစ်တမ်း ၂၀၁၄ ဆိုတာကို အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် UNESCAP၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဖွဲ့ OECD၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်း ရှင်များအဖွဲ့ချုပ် UMFCCI တို့ ပူးတွဲပြီးတော့ ကဏ္ဍပေါင်းစုံက စီးပွားရေးလုပ်ငန်းပေါင်း ၃,၀၀၀ ကျော်ဆီကနေ ကောက်ယူတဲ့ သဘောထားတွေပေါ် အခြေခံပြီးတော့ ပြုစုခဲ့တာပါ။
စစ်တမ်းမှာပါဝင်တဲ့ အချက်တွေထဲကမှ အဓိကပြောလာကြတာကတော့ အကျင့်ပျက်ခြစားမှုကိစ္စပါပဲ။ စစ်တမ်းမှာသဘောထား ပေးခဲ့တဲ့ ကုမ္ပဏီတွေထဲ ၂၀% က အကျင့်ပျက်ခြစားမှုဟာ သူတို့လုပ်ငန်းတွေအတွက် သိပ်ဆိုးရွားတဲ့အတားအဆီးတခု ဖြစ်နေ တယ်လို့ ပြောကြပါတယ်။ မှတ်ပုံတင်ရဖို့၊ လိုင်စင် ဒါမှမဟုတ် ပါမစ်ရဖို့ လာဘ်ထိုးကြရတယ်လို့ စစ်တမ်းမှာပါတဲ့ ကုမ္ပဏီ ၆၀% က ပြောပါတယ်။ တခါ ကုမ္ပဏီထက်ဝက်လောက်ကတော့ အပိုကြေး ဒေါ်လာ ၅၀၀ ပေးရတယ်လို့ပြောသလို ဒေါ်လာ ၁၀,၀၀၀ ကျော်ထိတောင် အပိုကြေးပေးရတယ်လို့ ပြောတဲ့ကုမ္ပဏီက တဒါဇင်လောက်ရှိပါတယ်။
လက်ရှိအချိန်မှာ အကျင့်ပျက်ခြစားမှုက စိုးရိမ်စရာကောင်းလောက်အောင် ဖြစ်နေတယ်ဆိုတာကို သိပ်လက်ခံချင်ပုံမရသူကတော့ စီးပွားရေးတက္ကသိုလ် အငြိမ်းစား ဒုတိယပါမောက္ခချုပ်ဟောင်း ဦးကျော်မင်းထွန်းပါ။
အကျင့်ပျက်ခြစားမှုအပြင် တခြားရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က စစ်တမ်းထုတ်ပြန်တဲ့နေ့မှာ ပြောခဲ့ပါတယ်။
ဒါ့အပြင် လူသားအရင်းအမြစ်လို့ခေါ်တဲ့ ကျွမ်းကျင်ဝန်ထမ်းရဖို့ကိစ္စဟာလည်း အထူးသဖြင့်တော့ ပြည်တွင်းလုပ်ငန်းတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေတာပါ။ ပြည်ပက၀င်လာတဲ့ လုပ်ငန်းတွေအနေနဲ့က လုပ်ငန်းအတွေ့အကြုံရှိပြီးသား ကျွမ်းကျင်ဝန်ထမ်း တွေ နဂိုထဲကရှိထားပြီးသားဖြစ်သလို လိုအပ်ရင်လည်း ထပ်ပြီးခန့်ထားနိုင်တဲ့ အခြေအနေရှိပေမယ့် ပြည်တွင်းလုပ်ငန်းတွေက တော့ ကျွမ်းကျင်ဝန်ထမ်းတွေကို ထိုက်တန်တဲ့ လစာနဲ့ခံစားခွင့်ပေးဖို့ တွန့်ဆုတ်နေတာက အဓိကအကြောင်းဖြစ်တယ်လို့ ဦးကျော်မင်းထွန်းကမြင်ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိအောင်လုပ်ဖို့ အကြံပေးပါတယ်။
UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်ပြောတဲ့ထဲမှာ ပါခဲ့သလိုပါပဲ ပြည်တွင်းလုပ်ငန်းတွေအတွက် စိန်ခေါ်မှုတွေက များပြားလွန်းပါတယ်။ ပြည်ပကုမ္ပဏီတွေအနေနဲ့က နည်းပညာပိုင်းအထောက်အပံ့ရော၊ လိုအပ်တဲ့ အရင်းအနှီးတွေကိုပါ သူတို့သက်ဆိုင်ရာနိုင်ငံတွေမှာ အလွယ်တကူရနိုင်ပေမယ့် ပြည်တွင်းကုမ္ပဏီတွေအတွက်က အဲဒါတွေရဖို့ ခက်ခဲနေတုန်းပါပဲ။
အဲဒီလိုမျိုး ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေအတွက် ပြင်းထန်တဲ့ စိန်ခေါ်မှုတချို့နဲ့ ရင်ဆိုင်နေရချိန်မှာ ပြည်ပကုမ္ပဏီတွေကတော့ ရင်းနှီးမြှုပ်နှံတာတွေ ဆက်လုပ်နေကြပါတယ်။ တရားဝင်ထုတ်ပြန်တဲ့ စာရင်းအင်းတွေအရ ပြီးခဲ့တဲ့နှစ်အတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ပေါင်း ၁၁၈ ခုကို ခွင့်ပြုခဲ့ပါတယ်။ အဲဒီရင်းနှီးမြှုပ်နှံမှုတွေရဲ့ စုစုပေါင်းငွေတန်ဖိုးက အမေရိကန်ဒေါ်လာ သန်းပေါင်း ၂,၇၈၀ ရှိတာ ကြောင့် ၂၀၁၂ ခုနှစ်ကထက် ၁၆၀.၂% ထိ တိုးတက်ခဲ့တာဖြစ်ပါတယ်။
ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးတဲ့ နိုင်ငံတခုမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးက အဓိကကျပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏ တိုးတက်များပြားဖို့လိုသလို ပြည်တွင်းလုပ်ငန်းရှင်တွေ ကြီးထွားဖို့ကလည်း တန်းတူ အရေးပါပါတယ်။ ပုဂ္ဂလိကကဏ္ဍ အားကောင်းကောင်းကောင်းနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ပြည်ပရင်းနှီးမြှုပ်နှံ မှုတွေဝင်လာအောင် ဆွဲဆောင်နေတဲ့တချိန်ထဲမှာ ပြည်တွင်းလုပ်ငန်းရှင်တွေ အားကောင်းမောင်းသန်နဲ့ ယှဉ်ပြိုင်နိုင်အောင် အားပေးဖို့လည်းလိုပါတယ်။
ဒီလိုအခြေအနေတွေအားလုံး ဖြစ်လာဖို့အတွက်ကတော့ တာဝန်ရှိသူတွေ ရေးဆွဲချမှတ်လိုက်တဲ့ မူဝါဒတွေ၊ ဥပဒေနဲ့ လုပ်ထုံးလုပ် နည်းတွေဟာ အမြော်အမြင်ကြီးကြီးနဲ့ ရေးဆွဲချမှတ်တာမျိုး ဖြစ်ဖို့လိုသလို အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေဖြစ်ဖို့ လည်း အထူးအရေးကြီးတယ်လို့ ထင်မြင်ပါကြောင်း တင်ပြလိုက်ရပါတယ်။
XS
SM
MD
LG