သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား အထည်ချုပ်လုပ်သားတွေ လစာတိုးမယ့်အစီအစဉ်


ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်ရှိ အထည်ချုပ်စက်ရုံ တစ်ခု စက်ချုပ်နေကြသည့် အလုပ်သမားများ။ သြဂုတ် ၄၊ ၂၀၀၇။
ကမ္ဘောဒီးယားနိုင်ငံအပါအ၀င် ကမ္ဘာတ၀န်းမှာရှိတဲ့ သူတို့ရဲ့ လက်ခွဲစက်ရုံတွေက အထည်ချုပ်လုပ်သားတွေ အတွက် လုပ်ခလစာတိုးမြှင့်ပေးမယ့် အစီအစဉ်တစ်ခုကို ဆွီဒင် အ၀တ်အထည်ကုမ္ပဏီကြီးဖြစ်တဲ့ H&M က မကြာသေးခင်ကပဲ ကြေညာလိုက်ပါတယ်။ H&M ဟာ ကမ္ဘောဒီးယားကနေ အ၀တ်အထည်တွေဝယ်ယူနေတဲ့ထဲ ထိပ်တန်းကုမ္ပဏီတစ်ခုပါ။ ကမ္ဘောဒီးယားနဲ့ တခြားနိုင်ငံတွေက အထည်ချုပ်လုပ်ငန်းတွေမှာ အခြေမလှခဲ့တဲ့ နှစ်တစ်နှစ်ရဲ့ အဆုံးသတ်ခါနီးမှာပဲ H&M က အခုလိုကြေညာလိုက်တာဖြစ်တယ်လို့ ဗွီအိုအေသတင်းထောက် Robert Carmichael က ဖနွမ်းပင်မြို့ကနေ သတင်းပို့ထားတာ ပါ။ ဒီသတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

အထည်ချုပ်လုပ်သားတွေရဲ့ လက်ရှိ အနိမ့်ဆုံးလုပ်ခလစာ တစ်လ ၇၅ ဒေါ်လာကို တိုးမြှင့်တော့မယ့်အကြောင်း လာမယ့် သီတင်းပတ်တွေအတွင်း ကမ္ဘောဒီးယားအစိုးရက ကြေညာတော့မှာပါ။
ဘယ်လောက်တိုးမယ်ဆိုတာကတော့ မသိရသေးပါဘူး။ ဒါပေမဲ့လည်း နိုင်ငံရဲ့ အရေးအကြီးဆုံး လုပ်ငန်းကဏ္ဍမှာ လုပ်ခလစာတိုးပေးဖို့နဲ့ လုပ်ငန်းခွင်အခြေအနေတွေ ပိုကောင်းအောင် လုပ်ဖို့ တာဝန်ရှိသူတွေဟာ ဖိအားပေးတာနဲ့ ရင်ဆိုင်နေရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ အထည်ချုပ်လုပ်သား လေးသိန်းကျော်မှာ အများစုဟာ အမျိုးသမီးငယ်တွေဖြစ်ကြပြီး ကျေးလက်ဒေသ တွေက ဆင်းရဲနွမ်းပါးတဲ့ သူတို့မိသားစုတွေကို ထောက်ပံ့နေကြသူတွေဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းကဏ္ဍအတွက် အတော်လေး မတည်မငြိမ်ရှိခဲ့တဲ့နှစ်ပါ။ လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေဟာ တခါတခါ ရုန်းရင်းဆန်ခတ်အခြေအနေထိ ဖြစ်ခဲ့ရပါတယ်။

အောက်တိုဘာလမှာတော့ H&M ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Karl-Johan Persson ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို နိုင်ငံတွင်း အလုပ်သမားသမဂ္ဂတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံမှုတွေအပြီး သိပ်မကြာခင်မှာပဲ အလုပ်သမားတွေအတွက် လူနေမှုစရိတ်ကာမိစေမယ့် လုပ်ခလစာရစေဖို့ အာမခံပြီး အဲဒါကို တစ်နှစ်တစ်ခါ ပြန်ပြီးသုံးသပ်သွားမယ့် ငါးနှစ် စီမံကိန်းတစ်ရပ်ကို H&M က ကြေညာလိုက်ပါတယ်။

အဲဒီအစီအစဉ်ကို နောက်နှစ်ကျရင် ကမ္ဘောဒီးယားကစက်ရုံတစ်ခုနဲ့ ဘင်္ဂလားဒေ့ရှ်က စက်ရုံနှစ်ခုတို့မှာ စမ်းသပ်မှာပါ။
Anna Gedda ဟာ H&M ရဲ့ လူမှုဖူလုံရေးဆိုင်ရာ မန်နေဂျာပါ။

“ကျမတို့ဟာ ဒီလုပ်ငန်းမှာ အကြီးဆုံး အမှတ်တံဆိပ်တွေထဲကတစ်ခုဖြစ်တာမို့ ဒီလောက်အရွယ်အစားနဲ့အတူ တာဝန်ယူမှုကလည်း တွဲပြီးပါလာတာ အသေအချာပါပဲ။ ဒီကိစ္စမှာ ကျမတို့အနေနဲ့ တကယ့်ကို ဦးဆောင်မှုယူသင့်တယ်လို့ မြင်ပါ တယ်။ ဒါကြောင့်လည်း ကျမတို့ကို ကုန်ပစ္စည်းထောက်ပံ့နေတဲ့ နိုင်ငံတွေမှာ လူနေမှုစရိတ်ကာမိစေမယ့် လုပ်ခလစာ ရနိုင်ရေးဆီ ဦးတည်တဲ့ ဒီ ပြည့်စုံတဲ့စီမံကိန်းကို ချမှတ်ထားတာပါ။”

အဲဒီအစီအစဉ်အရ သူတို့ရဲ့ လက်ခွဲစက်ရုံတွေက အလုပ်သမားတွေအနေနဲ့ အခြေခံလိုအပ်ချက်တွေကို ကာမိစေမယ့်၊ လူနေမှု စရိတ် လုံလောက်တဲ့လုပ်ခလစာကို H&M က ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆက်ဆံရေးတိုးတက်စေဖို့၊ အလုပ်သမားသမဂ္ဂတွေ အားကောင်းစေဖို့နဲ့ အလုပ်သမားအခွင့်အရေးကို မြှင့်တင်ရေး အစိုးရနဲ့လက်တွဲလုပ်ဆောင်ဖို့ ကုမ္ပဏီအနေနဲ့ လိုအပ်တဲ့အဆင့် တွေကို လုပ်သွားမှာဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက လုပ်ငန်းခွင်အခြေအနေတွေဟာ မကောင်းလှပေမဲ့လည်း အထည်ချုပ်လုပ်ငန်းလုပ်တဲ့ တခြား တိုင်းပြည် တချို့မှာ ပိုဆိုးဖွယ်ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဧပြီလတုန်းက Rana Plaza အဆောက်အဦးပြိုကျပြီး အလုပ်သမား ၁၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ဖြစ်ရပ်က အဲဒီအချက်ကို ထင်ရှားစေခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကို တစ်ကမ္ဘာလုံးက သတိပြုမိခဲ့ကြပြီး အပြောင်း အလဲတွေလုပ်ဖို့ လိုအပ်တယ်ဆိုတာ တချို့ကုမ္ပဏီတွေကို စည်းရုံးခဲ့ကြပါတယ်။

လုပ်ခလစာကို သိပ်မြန်မြန်ကြီး တိုးလိုက်မယ်ဆိုရင် ပြိုင်ဆိုင်မှုကြီးမားတဲ့ အထည်ချုပ်ကုန်သွယ်ရေးမှာ ၀ယ်လက်တွေက ကမ္ဘော ဒီးယားကနေ မ၀ယ်တော့မှာကို အစိုးရကစိုးရိမ်တယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမဲ့လည်း ကမ္ဘောဒီးယားရဲ့ အထည်ချုပ် ကဏ္ဍမှာ အဓိကအရေးပါတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ H&M ရဲ့အစီအစဉ်က အဲဒီလိုစိုးရိမ်ချက်တွေကို လျော့သွားစေမှာပါ။

အမေရိကန် အလုပ်သမားလှုပ်ရှားမှုနဲ့ ချိတ်ဆက်နေတဲ့ အကျိုးအမြတ်မဲ့ Solidarity Center ရဲ့ ကမ္ဘောဒီးယားနိုင်ငံ ဌာန ကိုယ်စားလှယ် Dave Welsh က H&M ရဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။

“အဲဒီစိုးရိမ်ချက်ကို ကျနော်နားလည်ပါတယ်။ ဒါပေမဲ့ အခုတော့ H&M က သူတို့ဟာ ထွက်မသွားတဲ့အပြင် အနည်း ဆုံးတော့ သူတို့ရဲ့စက်ရုံတွေမှာ လူနေမှုစရိတ်ကာမိစေမယ့် လုပ်ခလစာပေးမယ်ဆိုတာကို တစ်ဘက်သတ် ဆုံးဖြတ်လိုက်ပါပြီ။ နောက်ထပ် ကုမ္ပဏီလေးငါးခုလောက် ထပ်ပါလာမယ်ဆိုရင်တော့ ကမ္ဘောဒီးယားအစိုးရအနေနဲ့ ဘယ်လိုအကြောင်းပြချက်မျိုးမှ ပေးနေစရာအကြောင်း မရှိတော့ပါဘူး။”

၂၀၁၈ ခုနှစ်ရောက်တဲ့အခါ သူတို့ အထည်မှာနေတဲ့ စက်ရုံ ၇၅၀ လုံးမှာ ဒီ လုပ်ခလစာ စံသတ်မှတ်ချက်နဲ့ ကိုက်ညီအောင်ပေးဖို့ H&M က ခန့်မှန်းထားတာကြောင့် တစ်ကမ္ဘာလုံးက အထည်ချုပ်လုပ်သား ၈၅၀,၀၀၀ လောက် အကျိုးကျေးဇူးခံစားကြရဖို့ ရှိပါ တယ်။

နောက်အခြေအနေတစ်ခုကတော့ H&M ရဲ့ခြေရာကို နောက်ထပ် ကုမ္ပဏီဘယ်နှခုက လိုက်လုပ်မလည်းဆိုတာပါပဲ။ အခုချိန်ထိ တော့ ဘယ်သူမှ ပါမလာသေးပါဘူး။ တခြားတံဆိပ်တွေနဲ့ အတူတူချုပ်နေတဲ့ စက်ရုံတွေမှာ သူတို့ရဲ့အစီအစဉ်အတိုင်း အလုပ်ဖြစ် ဖို့ဆိုရင် အားလုံးပါလာဖို့လိုတယ်လို့ H&M က ပွင့်ပွင့်လင်းလင်းပဲ ၀န်ခံထားပါတယ်။ အလုပ်သမားသမဂ္ဂတွေ၊ စက်ရုံတွေနဲ့ အစိုးရ တွေရဲ့ ထောက်ခံမှုကို လိုအပ်သလိုပါပဲ။

တခြားကုမ္ပဏီတွေ ပါမလာဘူးဆိုရင်တော့ ဒီအစီအစဉ် အလုပ်ဖြစ်ဖို့ ခက်လိမ့်မယ်လို့ ကုလသမဂ္ဂရဲ့ အလုပ်သမားရေးရာအဖွဲ့ ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က နည်းပညာပိုင်း အထူးကျွမ်းကျင်သူ Jason Judd က သုံးသပ်ပါတယ်။ ဒါပေမဲ့လည်း ဒီအစီအစဉ်ကို စဉ်းစားဖို့ နောက်ဆုံးမှာ သူတို့ကို တွန်းအားပေးခံလာရလိမ့်မယ်လို့ Judd က ယုံထားပါတယ်။

“H&M ရဲ့အစီအစဉ်သာ ပြောထားတဲ့အတိုင်း အလုပ်ဖြစ်မယ်ဆိုရင် သူတို့နဲ့ စက်ရုံအတူတူမှာ ထုတ်လုပ်နေတဲ့ တခြား အမှတ်တံဆိပ်တွေဟာလည်း ဖိအားပေးခံလာရမှာက အသေအချာပါပဲ။ ဒါ့အပြင် အဆုံးမှာ လုပ်ခလစာသတ်မှတ်တာကို အစိုးရက ကြီးကြပ်တာကြောင့် သူတို့လည်း ဖိအားနဲ့ကြုံလာမှာပါပဲ။ အခုကိုပဲ အစိုးရဟာ ဖိအားတစ်ခုနဲ့ ကြုံနေရပါပြီ။”

ဒီအတောအတွင်းမှာပဲ နောက်နှစ်ကျရင် သူတို့ လုပ်ခလစာ ဘယ်လောက်ရမယ်ဆိုတာကို သိရဖို့ ကမ္ဘောဒီးယား အထည်ချုပ် လုပ်သားတွေ စောင့်ဆိုင်းနေကြပါပြီ။ အနိမ့်ဆုံးလုပ်ခလစာကို နှစ်ဆတိုးပြီး တစ်လ ဒေါ်လာ ၁၅၀ ထိ မပေးဘူးဆိုရင်တော့ နောက်ထပ် တုန့်ပြန်လုပ်ဆောင်သွားမယ်ဆိုပြီး လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတချို့က ခြိမ်းခြောက် ပြောဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG